Wednesday, November 13, 2019

 ✵ သီရိအနန္တမာရ်အောင် မဟာဆုတောင်းပြည့်စေတီတော် ✵ 


April - 19 - 2015 က Zawgyi font ဖြင့် တင်ခဲ့သော Blog post ကို Unicode ဖြင့်ပြန်တင်ခြင်းဖြစ်ပါသည်။

  ✵ သီရိအနန္တမာရ်အောင် မဟာဆုတောင်းပြည့်စေတီတော် ✵ 

 ပေါင်းတည်မြို့တွင် ပေါ်တော်မူ ဘုရားဟု လူသိများသော စေတီတစ်ဆူရှိပါသည်။ မင်းကွက်(၂)ရပ်ကွက် ၁၅ လမ်းတွင်တည်ရှိသည်။ 


  ပေါ်တော်မူဘုရားဟု အမည်တွင်ရခြင်းအကြောင်းမှာ စိတ်ဝင်စားစရာကောင်း၏ ။  မြေကြီးထဲကပေါ်လာတာလား ၊ ရေထဲကပေါ်လာတာလား ၊ မူလဘုရားပြိုပျက်လို့ ပေါ်လာတာလား … စသဖြင့် တွေးတောစဉ်းစားနေမိသည့်နောက် ဘယ်လိုပေါ်လာတာလဲဆိုတာ စူးစမ်းလေ့လာရှာဖွေမိပါတော့သည်။ ဘုရားရင်ပြင်တော်တစ်နေရာတွင် ကျောက်စာရုံကလေးဆောက်၍ ရေးထိုးထားသောဘုရားသမိုင်းမှတ်တမ်း ကျောက်စာ တိုင်လေးကိုတွေရသဖြင့် သိချင်နေသောအဖြေရခဲ့ပါသည်။ 


 ထူးဆန်းပါ၏ … ကျွန်တော်တွေးထင်ထားသော ပေါ်လာခြင်းမျိုးမဟုတ်ပဲ မန်ကျည်းပင် ကျီးပေါင်းအတွင်းမှ ပေါ်ထွက်လာခြင်းဖြစ်သည်ဟု မှတ်တမ်းရေးထိုးထားသည်ကိုတွေ့ရလေသည်။    သို့ပါ၍ တွေ့ရှိသောကျောက်စာပါ မှတ်တမ်းကိုပဲကူးယူပြီး မျှဝေလိုက်ရပါသည်။  ✵သီရိအနန္တမာရ်အောင် မဟာဆုတောင်းပြည့်စေတီတော်✵     မော်ကွန်းကျောက်စာ    နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ       သာသနာသက္ကရာဇ် ၂၄၅၃ - ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၂၇၁ - ခုနှစ် တံကူးလဆန်း(၁၁)ရက် စနေနေ့ နံက် အရှေ့ ဥဒည်တောင်စွန်းမှ ဖလ်ဝါနေဝန်းပေါ်ထွန်းစအချိန်သမယတွင် ယခုစေတီတော်မြတ်ကြီးသီတင်းသုံးရာ မြေများဥက္ကဌ မင်္ဂလာမြေမြတ်ဝယ် ဇေတဝန်ရွှေကျောင်းပမာ ကိန်းအောင်းစမ္ပယ်ရာမန်ကျည်းပင်ကြီး၏ ကြီးပေါင်းခရာ ပြသဒ်မုခ်ပေါက်မှ ဒေါ်အေးတင်အား သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့၏ညွှန်ပြမှုတို့ဖြင့် ရှေးသာသနာဒါယကာမင်းကောင်းမင်းမြတ်တို့  စဉ်ဆက်ကိုယ်းကွယ်ရာ သြဒါတရောင်လျှံတော်အပြည့်ဆောင်သည့် ရတနာဘော်ဝံသ ဗုဒ္ဓရုပ်ပွါးတော် (ဥဒိဿစေတီ)မြတ်ကို ပင့်ဆောင်ကိုးကွယ်ခွင့်ရခဲ့ပါသည်။ဘူမိနက်သံ မင်္ဂလာရက်မြတ် စန်းတာရာနက္ခတ်တို့ကိုင်လင့်၍ မကြာမြင့်မီကာလဝယ် ဦးရွှေမြတ် ၊ ဦးဘိုးမြ ၊ ဦးဘကျော် ၊ ဦးစံဦး အမှူးပြုသောဂေါပကအဖွဲ့ကိုဖွဲ့ပြီး မြို့သူနယ်သားတို့၏ ထက်သန်သောစေတနာ လှူဒါန်းသောအသပြာတို့ဖြင့် အဆိုပါ ဗုဒ္ဓကိုယ်စား ရုပ်ပွါးတော်ဘုရားနှင့် မြတ်ဗုဒ္ဓ၏သရီရဓာတ်တော် (ဓာတုစေတီ)တို့ကို ဌာပနာ၍ ဗုဒ္ဓရုပ်ပွါးတော်ပေါ်ရာ စည်မျက်နှာကဲ့သို့ ညီညာသော မြေများဦးကိုင် မင်္ဂလာမြေမဏ္ဍိုင်၌ စေတီတည်ထားကိုးကွယ်ခဲ့ပါသည် ။ စေတီတော်မြတ်ကို ပေါ်တော်မူစေတီဟု ဘွဲ့သညာမည်ဟီး  မှဲ့ ခြီးပေးခဲ့ပါသည် ။        ၁၂၉၂ - ခုနှစ်တွင် ဦးဘိုးမြ ၊ ဦးဘိုးရှင်တို့နှင့်အတူ ကုမ္မာရီများဖြစ်ကြသော ဒေါ်စိန်မြ ၊ ဒေါ်မွေ့နု ၊ ဒေါ်မြ ၊ ဒေါ်ကျွန်းတို့က ဦးဆောင်၍ အများကောင်းမှုဖြင့် စေတီတော်မြတ်ကို ထပ်မံ မွန်းမံပြုပြင်တော်မူခဲ့ပြန်ပါသည် ။ ဝတ္တကမြေမှာ ဦးဘိုးထယ် နှင့် ဦးထွန်းမောင်တို့၏ မိဘ ဘိုးဘွားများပိုင်မြေ ဖြစ်ပါသည် ။ တဖန် ၁၂၉၄ - ခုနှစ်တွင် ဦးဘိုးထယ် ၊ ဦးထွန်းမောင် ၊ ဦးဘိုးခင် ၊ ဦးမြတ်သာဦး ၊ ဦးထွန်းကောင်း ၊ ဦးဘိုးလှိုင် ၊ ဦးဘိုးဆိပ် တို့ကြီးမှူးသော ဂေါပကအဖွဲ့မှ လူထုအားဖြင့် စေတီတော်မြတ်ကြီးအား ကြည်ညိုဘွယ်ဖြစ်အောင် ထပ်မံပြုပြင်တော်မူခဲ့ပြန်ပါသည် ။ 
       ထို့နောက် တဖန် ၁၃၁၉ - ခုနှစ်တွင် ဦးအေးမောင် ၊ ဦးလှဖြူ ၊ ဦးမောင်မောင်တို့ကြီးမှူးသည့် ဂေါပကအဖွဲ့မှ လူထု၏စေတနာသဒ္ဓါတရားဖြင့် စေတီတော်မြတ်ကြီးအား ညာဏ်တော် (၆)တောင် ထပ်မံမြှင့်ဆောင်၍ မွန်းမံပြုပြင်ခဲ့ပါသည် ။ ညာဏ်တော်မြှင့်ဆောင်ချိန်ဝယ် သာသနာ ၂၅၀၀ ပြည့်အထိမ်းအမှတ်အဖြစ် လင်္ကာဒီပ သီဟိုဠ် သီရိလင်္ကာ နိုင်ငံတွင်ကျင်းပသော (ဗုဒ္ဓဇေယန္တိ)ပူဇော်ပွဲသဘင်သို့ ပင့်ဆောင်ခြင်းခံရသည့် မြို့ကြီးဆရာတော် (ဦးပညာဇောတ) ပင့်ဆောင်လာသော အနုရာဓ မြို့၌ သီရိဓမ္မာသောကမင်း တည်ထားကိုးကွယ်ရာစေတီများမှရရှိသည့် ဗုဒ္ဓမြတ်စွာသရီရဓာတ်တော်များကို ရတနာရှိရာ ရတနာစုဘိအလား ငှက်ပျောဖူးအတွင်းဌာပနာ၍ ပူဇော်ခဲ့ပြန်ပါသည်။ ၁၃၃၇ - ခုနှစ်တွင်မူ ပေါင်းတည်မြို့ စွန်းလွန်းဆရာတော် ဦးသုဝဏ္ဏသီရိ အမှူးပြုပြီး ထီးတော်ကြီးကို အသစ်ဆက်ကပ်လှူဒါန်းပါသည် ။ ထို့ပြင် ဦးအုန်းရွှေ ၊ ဦးဘိုးထွန်း ၊ အမှူးပြုသော ဂေါပကအဖွဲ့မှ လုပ်သားပြည်သူတို့၏စေတနာဖြင့် ငှက်ပျောဖူးမှ ကြာပတ်အထိ မှန်စီရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပါသည်။  ၎င်းနှစ် တံကူးလပြည့် နေ့မှစ၍ လဆုတ်(၃)ရက်  (နှစ်ဆန်း ၁ ရက်)နေ့ အထိ (၇၂) နာရီ အသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲကြီးကို ပေါင်းတည်မြို့နယ်အတွင်း ပဋ္ဌမဆုံးအကြိမ် ကျင်းပကာ သုဓမ္မာဂိုဏ်းချုပ် ဦးဝဏ္ဏသီရိ အမှူးပြုသည့် သံဃာတော်အပါး (၃၀)ကျော်ဖြင့် ရွတ်ဘတ်ပူဇော်ပါသည်။ သာသနာသက္ကရာဇ် ၂၅၂၀ ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၃၃၈ - ခုနှစ် တံကူးလဆုတ်(၇)ရက် (နှစ်ဆန်း ၁ ရက်) ၊ ခရစ်နှစ် (၁၆ - ၄ - ၁၉၇၆ ) သောကြာနေ့ နံက် (၉)နာရီအချိန်တွင်သုဓမ္မာဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးမှူးသည့် သံဃာတော်အရှင်သူမြတ်တို့အား လျှောက်ကြားကာ ယခင် ဘွဲ့မည်တော်ဟောင်း ပေါ်တော်မူစေတီအား ယခုဘွဲ့မည်တော်သစ်    ❝ သီရိအနန ္တမာရ်အောင် မဟာဆုတောင်းပြည့်စေတီတော် ❞   ဟုသမုတ်ပါသည်။    ကပ်ကမ္ဘာရှည်ကြာ တည်ပါစေသား (စိရံ ၊ တိဋ္ဌတု ၊ သာသနံ)    သီရိအနန္တမာရ်အောင် မဟာဆုတောင်းပြည့်စေတီတော် ဂေါပကအဖွဲ့     နိဗ္ဗာန်ကိုရည်မှန်း၍ (ကျောက်စာ နှင့် ကျောက်စာရုံ)ကို ပေါင်းတည်မြို့ (၁၇)လမ်း မိဘဖြစ်သူ (ဦးမောင်ကြီး + ဒေါ်လေး)တို့အား အမှူးထားလျှက် သမီးဖြစ်သူဒေါ်ပို ၊ (မောင်)ကိုသူငယ် ၊ (ညီ)ကိုအေးမောင်မိသားစုတို့က စေတနာသုံးတန်ပြဌာန်းပြီး ၁၃၃၈ - ခုနှစ်တွင်လှူဒါန်းပါသည်။  
**********************     

  ဤသည်မှာ ကျောက်စာပါဖော်ပြချက်ဖြစ်ပါသည် ။      

Thursday, November 7, 2019

** သမိုင်းဝင် မြသိန်းတန်စေတီတော် **

April - 12 - 2015 က Zawgyi font ဖြင့်တင်ခဲ့သော blog post ကို Unicode ဖြင့်ပြန်တင်ခြင်းဖြစ်ပါသည်။

** သမိုင်းဝင် မြသိန်းတန်စေတီတော် **
----------------------------
နန်းတော်ဦးစေတီဘက်မှ ဖူးတွေ့ရသော မြသိန်းတန်စေတီတော်
----------------------------
မြို့ရိုးဟောင်း ကုန်းပေါ်မှ ဖူးတွေ့ရသော မြသိန်းတန် စေတီတော်
-------------------------------------
မြသိန်းတန်စေတီတော် မြောက်ဘက်ရှိ နန်းတော်ဦးစေတီ
----------------------

Google Earth View
-------------------
စေတီ ရင်ပြင်ပေါ်ရှိ အုတ်ချပ်စာများ
-----------------------
    ပဲခူးတိုင်း ၊ ပေါင်းတည်မြို့ မြောက်ဘက် ၃ မိုင်ခန့်အကွာ ဘုရားငါးဆူရွာအလွန် မြို့ကြီးရွာအနီး လယ်ကွင်းပြင်တွင်တည်ရှိသော မြသိန်းတန်စေတီ နှင့်ပါတ်သက်ပြီး ဟိုးယခင် ငယ်စဉ်ကတည်းက စိတ်ဝင်စားစရာ ဒဏ္ဍာရီပုံပြင်တွေ နားထောင်ရတာ ရိုးတယ်လို့မရှိ ။ နားထောင်ပြီးသားထပ်ပြောလည်း နားထောင်ကောင်းတာပါပဲ ။  
      တကယ်တော့ ပေါင်းတည်မြို့ဟာ မူလအစ ပထမတုံးက မြို့ကြီးရွာဖြစ်တယ်လို့ ရှေးလူကြီးများပြောခဲ့ကြသည် ။ ယခုတိုင်အောင်မြို့ကြီးရွာအနီးမှာ မြို့ရိုးဟောင်း အရာ ရှိနေတုံးပါပဲ။ မြေပြင်ပေါ် ထင်ထင်ရှားရှား ပေါ်လွင်စွာမရှိတော့ပေမယ့် အုတ်ချပ်များ စေတီများ နန်းတော်ရာများရှိနေသည် ။လေးထောင့်ကျကျ မြေကန်သင်းကြီးလို ရှိနေသေးသည်။ သမိုင်းလေ့လာသူများအဆိုကတော့ ပေါင်းတည်မြို့ဟာ သရေခေတ္တရာခေတ်ကတည်းက ကင်းမြို့ဖြစ်ခဲ့တယ်လို့ဆိုတယ်။ သရေခေတ္တရာ မြို့ပြနိုင်ငံကြီးဟာ မြန်မာ့သမိုင်း အဦးအစပိုင်းမှာပေါ်ပေါက်ခဲ့တဲ့ ပျူနိုင်ငံတော်ကြီးလို့ပြောနိုင်လောက်အောင် အထောက်အထား ကျောက်စာ ပရပိုဒ်စာတွေနဲ့ စေတီပုထိုးတွေနဲ့ ယနေ့ထိအောင်တွေ့မြင်နေရသေးတယ် ။       မြသိန်းတန်စေတီဟာ အဲဒီ မြို့ကြီးရွာအနီးက မြို့ရိုးဟောင်း အရာ လေးထောင့်ပုံ ရဲ့အတွင်းဘက် အရှေ့တောင်ဘက်ယွန်းယွန်းလောက်မှာရှိပါတယ်။ စေတီရဲ့သမိုင်းနဲ့ပတ်သက်ပြီး မှတ်တမ်းတိုတိုလေးတွေ့ရပါတယ် ။ ခိုင်လုံတဲ့ သက်သေအထောက်အထားတော့မတွေ့ရပါဘူး။ အဲဒီမှတ်တမ်းတိုလေးကိုဘယ်သူကရေးခဲ့တာလဲဆိုတာမသိပါဘူး။ ဒါပေမယ့် ဘာမျှ မရှိတာထက် အဲဒီမှတ်တမ်းတိုလေးကိုပဲလေ့လာကြည့်မိတယ်။   ၁၉၉၂-ခုနှစ်ကထုတ်ဝေခဲ့တဲ့ ပေါင်းတည်မဂ္ဂဇင်း မှာ သုတေသီတစ်ဦး ရေးသားသော "ပေါင်းတည်မိတ်ဆက်" ဆောင်းပါးတွင် "ဒွတ္တပေါင်မင်းကြီး၏ မိဖုရားငယ် ဥမ္မလဒေဝီ တည်ထားကိုးကွယ်ခဲ့သော မြသိန်းတန်စေတီသည်ပေါင်းတည်မြို့၏မြောက်ဖက် ၃ မိုင်ခန့်ဝေးသောမြို့ကြီးရွာအနီးတွင်တည်ရှိပါသည်။ မိဖုရား၏ မြနားပန်၊ မြလက်စွပ်၊ တစ်သိန်းတန်သည့်မြဘယက်တို့ကို ဌာပနာသဖြင့် မြသိန်းတန်စေတီဟုခေါ်တွင်ပါသည်" ဟုအကျဉ်းဖော်ပြထားတာတွေ့ရပါတယ်။မည်သည့်ကျမ်းကို မှီငြမ်းကိုးကားသည်ဟု တော့ဖော်ပြမထားပါ။    
     ဤတွင် ဒွတ္တပေါင်မင်းကြီး၏ မိဖုရားဆိုသည့်အတွက် လေ့လာသောအခါ သာသနာနှစ် ၁ဝ၁ ခုနှစ် (BC-443)တွင် သရေခေတ္တရာပြည်ကြီးကိုတည်ထောင်သော  ဒွတ္တပေါင်မင်းကြီးတွင်မိဖုရား ၄ ပါးရှိခဲ့သည် ။ 

  ✹ တောင်နန်းစံဒေဝီ မိဖုရား သီရိစန္ဒာ ✹   
   ပျူမိဖုရား နမ်းခမ်း ၏သမီးတော်ဖြစ်သည်။ သားတော် ဒွတ္တရန် မွေးဖွားခဲ့သည်။     

  ✹မြောက်နန်းစံမိဖုရား ဥမ္မာရဒေဝီ ✹   
  ပျူမိဖုရား နမ်းခမ်း၏မောင် ကန္နဒေဝ မင်းသား၏သမီးဖြစ်သည်။ သားတော် ဒွတ္တဇံ ဖွားမြင်ခဲ့သည် ။     

  ✹ အလယ်နန်းစံမိဖုရား ပန်ထွာ မင်းသမီး ✹    
  စန္ဒမုခိ ဘီလူးမ၏သမီးဖြစ်၏ ။ ပိဿနိုးဘုရင်မ ဖြစ်သည်။ ဘဝဟောင်းက ဒွတ္တပေါင်မင်းက ပွေးဖိုလေးဖြစ်ပြီး ပန်ထွာမင်းသမီးက ပွေးမလေးဖြစ်ခဲ့သည်။ သားတော်ဒွတ္တရာဇ် ကိုဖွားမြင်ခဲ့သည်။    

  ✹အနောက်နန်းစံမိဖုရား ဘေစန္ဒီ ✹     
  ဧရပတ္တ နဂါးမင်း၏သမီးဖြစ်သည်။ သမီး လေးယောက်ဖွားမြင်သည်။ သုဝဏ္ဏမာလာ ၊ ကဉ္စနမာလာ၊ ဟေမမာလာ၊ သီရိမာလာ ၊ တို့ဖြစ်သည်။        
       အဲဒီမှာ ဥမ္မာရဒေဝီ မိဖုရား သည် မြောက်နန်းစံမိဖုရားဖြစ်ပြီး သူရဲ့သားတော် ဒွတ္တဇံ မင်းသားဟာ မဇ္ဈိမဒေသမှကြွလာသော အရှင်ဓမ္မရက္ခိတ ရဟန္တာမထေရ်၏တရားတော်ကိုနာကြားရပြီးတရားထူးသိမြင်သွားတယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ  တောရဆောက်တည်ပြီး ရဟန္တာဖြစ်သွားတယ်လို့ဆိုပါတယ်။ ဒွတ္တဇံမင်းသား၏ ရဟန်းဘွဲ့အမည်က အရှင်စန္ဒာသီရိ ဖြစ်ပြီး သူနှင့်အတူ ပန်ထွာမိဖုရား၏သားတော် ဒွတ္တရာဇ် မင်းသားသည်လည်း ရဟန္တာဖြစ်ပြီး အရှင်စန္ဒာဂရာဇ် လို့ဘွဲ့အမည်ရပါတယ်။ ဤအရှင်နှစ်ပါး တောရဆောက်တည်ပြီး မဂ်ဖိုလ် စခမ်းအောင်မြင်ပေါက်မြောက်ရာနေရာက ယခု ပုတီးကုန်းမြို့အနီးမှ ရွှေကျောင်းဆောင် အောင်မြေတောရဖြစ်တယ်လို့ဆိုပါတယ် ။
   မြို့ကြီးရွာနှင့် ရွှေကျောင်းဆောင်အောင်မြေတောရဟာ သိပ်အလှမ်းအဝေးကြီးတော့မဟုတ်ပါဘူး ခြေလျှင်သွားရင် တစ်နေ့ခရီးလောက်ပါပဲ။ သမိုင်းကပါတဲ့ အချက်အလက်နီးစပ်တာကိုတွေ့မိတာပါ။ အရှင်စန္ဒာသီရိရဲ့ မယ်တော် မြောက်နန်းစံ ဥမ္မာရဒေဝီ မိဖုရားသည်လည်း သရေခေတ္တရာသို့ကြွလာသော အသောကမင်းကြီး၏ သမီးတော် ဘိက္ခုနီရဟန္တာ နန္ဒာထေရီ ၏တရားကိုနာကြားရပြီး သောတပန်ဖြစ်ခဲ့သည်။ နောက်ပိုင်း ဘိက္ခုနီပြုပြီး ဆက်လက်အားထုတ်ရာ ဥမ္မရထေရီ ရဟန္တာ ဖြစ်သွားခဲ့ပါသည်။         ဥမ္မာရဒေဝီ မိဖုရားသည် သားတော်ကလည်း ရဟန္တာဖြစ် သူကိုယ်တိုင်လည်း ရဟန္တာဖြစ် ရွှေကျောင်းဆောင်အောင်မြေတောရနှင့်လည်းဆက်စပ်နေ၍ အလှမ်းမဝေးလှသော မြို့ကြီးရွာအနီးက မြသိန်းတန်စေတီကို တစ်သိန်းတန် မြလက်ဝတ်ရတနာ များဖြင့်ဌာပနာပြုတည်ထားခဲ့သည်ဆိုသည်မှာ အလွန်နီးစပ်သော သမိုင်းဆက်စပ်မှုရှိနေကြောင်းလေ့လာတွေ့ရှိရပါသည်။     
    စေတီတော်၏ ပိသုကာလက်ရာမှာမူ သရေခေတ္တရာ ပိသုကာလက်ရာများနှင့် သိပ်မတူသော်လည်း အင်းဝခေတ် ကုန်းဘောင်ခေတ် တို့တွင်ပြုပြင်ခံခဲ့ရလျှင် မတူနိုင်တော့ပါ။         နောက်တစ်ချက် တွေ့ရတာကတော့ ဒွတ္တပေါင်မင်းကြီးသည် သရေခေတ္တရာ မင်းနေပြည်ကြီးကိုတည်ရာတွင် ကုန်း ကိုးကုန်း ၊ ဘုရားကိုးဆူ ၊ ကန်ကိုးကန် ၊ စသဖြင့် ကိုးနဝင်းကိုက် အစီအမံများဖြင့်တည်ခဲ့ရာ ဘုရားကိုးဆူ စာရင်းတွင် မြသိန်းတန်ဘုရား (ပေါင်းတလည်ရွာ - ဘပြင်ရွာအနီး) ဟုပါရှိပါသည်။ ထို့ကြောင့် မြသိန်းတန်စေတီ ဟု ဘွဲ့အမည်တွင်သော အခြားစေတီများ ရှိသေးသည် ကိုတွေ့ရသောကြောင့် ရှေးအခါက မင်းမိဖုရားများသည် မိမိတို့ နှစ်သက်မြတ်နိုး တန်ဘိုးထားသည့် မြ လက်ဝတ်ရတနာများ ကို ဌာပနာ၍ (သို့မဟုတ်) ထုခွဲ၍ စေတီများတည်ထားကိုးကွယ်လေ့ရှိကြသည်ဟု ယူဆနိုင်ပါသည် ။ ပေါင်းတည်မြို့ မြောက်ဘက် မြို့ ကြီးရွာ အနီးမှ မြသိန်းတန်စေတီ သည်လည်း ထိုစေတီများအနက်မှ စေတီတစ်ဆူဖြစ်မည်ဟု ခန့်မှန်းယူဆနိုင်ပါသည်။ သမိုင်းအထောက်အထား အတိအကျ အခိုင်အမာ ဖော်ပြရန်ခက်ခဲခြင်းသည်ပင် အလွန်ရှေးကျကြောင်း ယူဆနိုင်ပါသည်။ လက်လှမ်းမီသ၍ သိရှိရသော စေတီတော်ပြုပြင်မှုသမိုင်းမှတ်တမ်းများကတော့      မြန်မာသက္ကရာဇ် ၁၂၆၈ ခုနှစ်တွင် မူလ မြသိန်းတန်စေတီတော်ကို ညောင်မြို၍ ပျက်စီးနေသောကြောင့် ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက်ဆရာတော်ကြီး ဦးဝိမလက စေတီတော်ကို ငုံပြီး ပြုပြင်တည်ထားလေသည်။      ထို့နောက် တစ်နှစ်အကြာတွင် ပြိုကျပြန်သဖြင့် ဦးမြိုင် ဆိုသူက ဘုရားဒါယကာပြု၍ ပြန်လည်တည်ထားကိုးကွယ်ခဲ့ပြန်သည်။      ဤမှစ၍ နောက်ပိုင်းတွင် စေတီတော်ကြီးအား ထီးတော်တင်ခြင်း ကို မြန်မာသက္ကရာဇ် ၁၃၅၉ ခုနှစ်တွင်တစ်ကြိမ် ၊ ၁၃၆၆ ခုနှစ်တွင် တစ်ကြိမ် ၊ ၁၃၇၅ ခုနှစ်တွင်တစ်ကြိမ် ရွှေထီးတော်တင် ရွှေသင်္ကန်းကပ်ခြင်း နောက်ဆုံး ရွှေထီးတော်တင်သည့် ၁၃၇၅ ခုနှစ်တွင် ခေါင်းလောင်းမှအထက် ငှက်ပျောဖူး စိန်ဖူးတော်တို့ ထိ လိုအပ်သည်များကို ပြုပြင်ခဲ့ပါသည် ။      ယခုအခါ မြို့ကြီးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးညာဏောဘာသ ၏ ဦးဆောင်မှုဖြင့် စေတီတော်ကြီးကို ပြုပြင်ထိမ်းသိမ်း လျှက် ကျေးရွာသူကျေးရွာသား မြို့သူမြို့သားတို့ ကိုးကွယ်ပူဇော်ရာ သမိုင်းဝင်စေတီတော်အဖြစ် သပ္ပါယ်စွာ တည်ရှိနေပါသည်။          ပေါင်းတည်မြို့နယ်အတွင်းရှိ သမိုင်းဝင်မြသိန်းတန်စေတီတော်နှင့်ပါတ်သက်၍ လက်လှမ်းမီသလောက် အကြောင်းအရာများကို စုဆောင်းဖော်ပြလိုက်ရပါသည် ။      သတ္တဝါအပေါင်း ဘေးဘယာ ဝေးကွာ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ … 

    [ ကိုးကား > သက်ကယ်ပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ကြီး ဦးဥတ္တရ ၏ မှတ်စု ၊ မြို့ကြီးရွာဘုန်းတော်ကြီးကျောင်းဆရာတော် ဦးညာဏောဘာသာ ၏ မှတ်စု ၊ ပြည်မြို့ ရွှေဆံတော် စေတီတော်သမိုင်း ၊ ဦးကုလား မဟာရာဇဝင်တော်ကြီး ၊ 1992- ခုနှစ် ထုတ်ဝေသော ပေါင်းတည်မဂ္ဂဇင်း ] 

Saturday, November 2, 2019

ပေါင်းတည်သား ပါမောက္ခချုပ်

 December - 11 - 2014 တွင် Zawgyi font ဖြင့်တင်ခဲ့သော Blog Post ကို Unicode ဖြင့်ပြန်တင်ခြင်းဖြစ်ပါသည်။


      လွတ်လပ်ရေးရပြီးကာစ မြန်မာနိုင်ငံပြန်လည်ထူထောင်တဲ့အခါမှာ မြန်မာပြည်မှာ ပညာတတ်တွေအများကြီး လိုအပ်ခဲ့ပါတယ် ။ အဲဒီထဲမှာ ပညာလည်းတတ် တတ်သည့်ပညာဖြင့် တိုင်းပြည်တာဝန်ကို ထိထိရောက်ရောက် အကျိုးပြုနိုင်ခဲ့တဲ့ ပေါင်းတည်သားတစ်ယောက် အကြောင်း ပြောပြချင်ပါတယ် ။ သူကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော စီးပွါးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးလှိုင်ဖြစ်ပါသည် ။           
        ဒေါက်တာ ဦးအေးလှိုင်ကို 1921 ခုနှစ် သြဂုတ်လ 12 ရက်နေ့မှာ အဘ-ဦးစိန်အုပ် အမိ-ဒေါ်အိ တို့မှ ပေါင်းတည်မြို့တွင် မွေးဖွါးခဲ့ပါသည် ။ ကိုလိုနီခေတ်မှာကြီးပြင်းခဲ့ရသော်လည်း ပညာထူးချွန်အောင်ကြိုးစားခဲ့သည် ။ အင်္ဂလိပ် မြန်မာ အစိုးရအထက်တန်းကျောင်း (ယခု မြို့မ အ.ထ.က) မှ 1940 ခုနှစ်တွင် ၁၀ တန်းအောင်ခဲ့ပါသည် ။ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွါးလာသောကြောင့် 1947 ခုနှစ်တွင်မှ ရန်ကုန်တက္ကသိုလ်မှ B.A ဘွဲ့ရခဲ့ပါသည် ။ ထို့နောက် ရန်ကုန် တက္ကသိုလ်တွင် နည်းပြဆရာ ၊ မန္တလေးနှင့်ရန်ကုန်တက္ကသိုလ်တို့တွင် လက်ထောက်ကထိက ၊ ရန်ကုန်တက္ကသိုလ်တွင် ကထိက နှင့် ပါမောက္ခ တာဝန်များ ထမ်းဆောင်ခဲ့ပါသည် ။     1963-ခုနှစ် တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် ပညာရေးဝန်ကြီးဌာန ၏ တာဝန်ပေးအပ်ချက်အရ ဆရာကြီးသည် စီးပွါးရေးတက္ကသိုလ်တည်ထောင်ရေးအတွက် ပဏာမ လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရသည်။       ဆရာကြီးသည် တဖက်တွင် တက္ကသိုလ်နှင့် သက်ဆိုင်သောဥပဒေပြဌာန်းချက်များသာမက ဖွဲ့စည်းပုံများကိုပါ ပြီးပြည့်စုံအောင် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရသော ကြီးမားသောလုပ်ငန်းများကိုဆောင်ရွက်ရပြီး အခြားတဖက်တွင် တက္ကသိုလ်အတွက် လိုအပ်သည့် အဆင့်ဆင့်သော အရာထမ်း ၊ အမှုထမ်းများ ခန့်ထားရေးအထိ အောက်ခြေသိမ်း အသေးစိတ်လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရသည် ။       တက္ကသိုလ်အတွက် အရေးအကြီးဆုံးဖြစ်သည့် ဘာသာရပ် သင်ကြားရေးအစီအစဉ် (academic programme) ကိုလည်း ဆရာကြီးကဦးစီးပြီး ဝါဏိဇ္ဇဗေဒ ၊ စာရင်းအင်းပညာ ၊ သချၤာ ၊ ပထဝီ ၊ မြန်မာစာ ၊ အင်္ဂလိပ်စာ ဌာနမှူးများနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ရပါသည် ။        1964-ခုနှစ်၊ နိုဝင်ဘာလတွင် စီးပွါးရေးတက္ကသိုလ်ကြီး တည်ထောင်ကြောင်း ပညာရေးဝန်ကြီးဌာနက အမိန့်ပြဌာန်းပြီး တက္ကသိုလ်၏ပညာရေးအဖွဲ့ကို ခန့်အပ်ပါသည်။ထိုအဖွဲ့တွင် လက်ဝဲပညာရှင်ကြီးများဖြစ်သော ဦးဘညိန်(B.C.S ပမညတ အမတ်) ၊ ဦးသိန်းဖေမြင့် ၊ ရဲဘော်ချမ်းအေး ၊ သခင်ကျော်စိန် ၊ တို့ပါဝင်ခဲ့ကြသည် ။ သို့သော် တက္ကသိုလ်၏ သင်ရိုးညွှန်းတန်းများတွင် တဖက်သတ် နိုင်ငံရေးသဘောတရား ကင်းစင်အောင်ပြုလုပ်နိုင်သည်မှာ ဆရာကြီး၏ဆောင်ရွက်မှုကြောင့်ပင်ဖြစ်ပါသည်။ သင်ရိုးတွင် လက်ဝဲဝါဒီအခြေခံသဘောတရားဖြစ်သော Dialectical Materialism မပါဝင်သဖြင့် လက်ဝဲအုပ်စု၏အပြင်းအထန်ကန့်ကွက်မှုကို ဆရာကြီးက သတ္တိရှိစွာ ဖြေရှင်းညှိနှိုင်း နိုင်ခဲ့ပါသည်။                စီးပွါးရေးပညာဘွဲ့ကို 1951 ခုနှစ် တွင် အင်္ဂလန်နိုင်ငံ London School of Economics မှ B.Sc (Econ.)  ကိုရရှိပြီး 1965 ခုနှစ်တွင် London School of Economics မှပင် Ph.D (Econ.)ဘွဲ့ကို ရရှိခဲ့ပါသည် ။     
           ဆရာကြီး၏ ဒေါက်တာဘွဲ့ သုတေသနစာတမ်းသည် မြန်မာနိုင်ငံ၏စီးပွါးရေး ဖွံ့ဖြိုးမှုသမိုင်းအတွက်လည်းကောင်း GDP တွက်ချက်ပုံနည်းနိဿယအတွက်လည်းကောင်း အထူးအရေးပါသော သုတေသန စာတမ်းဖြစ်ပါသည် ။ ဤစာတမ်းကို A Study of the Economic Development of Burma, 1870-1940 ခေါင်းစဉ်ဖြင့် စီးပွါးရေးတက္ကသိုလ်က ပုံနှိုပ်ထုတ်ဝေခဲ့ပါသည် ။ မြန်မာနိုင်ငံ၏ 1901-ခုနှစ်မှ 1939-ခုနှစ်ထိ GDP ကို ဤစာတမ်းတွင် တွက်ချက်တင်ပြထားပါသည် ။      
        ဆရာကြီးသည် အမှတ်(၁၈) ၊ ပုဂံလမ်း နေအိမ် တွင်နေထိုင်ပြီး  1975 ခုနှစ်အထိ စီးပွါးရေးတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။            1975-ခုနှစ်မှ 1981-ခုနှစ်ထိ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည် ။           1981-ခုနှစ်မှ 1985-ခုနှစ်အထိ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။        1994-ခုနှစ် ဖေဖော်ဝါရီလ အသက်(၇၄)နှစ် တွင် ကွယ်လွန်ခဲ့ပါသည် ။ ဇနီးသည် ဆရာမကြီးဒေါ်ရိန်ကြည် နှင့် သမီး သုံးဦး ကျန်ရစ်ပါသည် ။    
          ယခုအခါ ဆရာကြီး၏ ပုံတူ ရုပ်တုကြီးတစ်ခုကို ရန်ကုန်စီးပွါးရေး တက္ကသိုလ်၏ရှေ့တွင်မားမားမတ်မတ် ဂုဏ်ပြုစိုက်ထူထားလျှက်ရှိပါပြီ ။       ဆရာကြီး၏ ထူးချွန်သောဆောင်ရွက်မှုများစွာကို ဤမှတ်စုကလေးဖြင့် ပြည့်စုံစွာဖော်ပြနိုင်ခြင်းမရှိပါ ။ နောင်လာနောက်သား ပေါင်းတည်သားတို့ အတုယူစရာ ဂုဏ်ယူစရာအဖြစ် လက်လှမ်းမီသလောက်ကိုသာ စုဆောင်းရေးသားလိုက်ရပါသည် ။ သိလိုသည်များကို ကူညီရှာဖွေပေးသော ဒေါ်တင်ရီ (၆)လမ်း  သီရိရတနာ ပေါင်းတည်မြို့ နှင့် ဒေါ်တင်ရီ ရန်ကုန်မြို့  တို့အားအထူးကျေးဇူးတင်ရှိပါသည် ။

     [ကိုးကား > စီးပွါးရေးတက္ကသိုလ်ကို ပုံဖော်ထုဆစ်ကြသူများ (ရွှေရတုအထိမ်းအမှတ်)၊ မိသားစု မှတ်တမ်း ]        12-12-2014 တွင်ရေးသားပါသည် ။ 

ဘိုရုံ 

Feb - 22 - 2015 က Zawgyi font ဖြင့်တင်ခဲ့သော Blog post ကို Unicode ဖြင့် ပြန်တင်ခြင်းဖြစ်ပါသည်။




 အောက်မြန်မာပြည် အင်္ဂလိပ်လက်အောက် ရောက်ပြီးနောက် အုပ်ချုပ်ရေးခိုင်မာအောင် အင်္ဂလိပ်ဘုရင်ခံက နေရာဒေသ အသီးသီးမှာ ရုံး ၊ ဂါတ် ၊ ဆေးရုံ ၊ ဈေး တို့ကိုတည်ဆောက်ပြီး အင်္ဂလိပ်လူမျိုး အရာရှိ များခန့်ထားအုပ်ချုပ်ခဲ့သည် ။ ရန်ကုန် > ပြည် ကားလမ်းမကြီး နှင့် မီးရထားလမ်းတို့ကို ၁၈၇၈ ခုနှစ်တွင်ဖောက်လုပ်ခဲ့သည် ။ လမ်းတလျှောက် မြို့ရွာများတွင် အဆိုပါ အရာရှိများ ခန့်ထားအုပ်ချုပ်ခဲ့ရာ ၎င်းတို့နေထိုင်ရာ အိမ် အဆောက်အဦများကို ဘိုရုံ ဟု မြန်မာတို့ကခေါ်တွင်ခဲ့ကြသည်။ (ဘိုအိမ် လို့ ဘာလို့မခေါ်တာလဲတော့မသိပါ)         ပေါင်းတည်မြို့ တွင်လည်း ရန်ကုန် > ပြည် ကားလမ်းမကြီးဘေး ဈေး အနီး ဘိုရုံ တစ်ခုရှိခဲ့ပါသည် ။ ဘယ်နှစ်က စတင်ဆောက်လုပ်ခဲ့တယ်ဆိုတာတော့ အတိအကျမသိရတော့ပါ ။ ခြံဝန်းကျယ်ကျယ်ကြီးထဲမှာ ခြေတံရှည် သစ်သားပျဉ်ထောင်အိမ်မဲမဲကြီး တစ်လုံးဆောက်ထားသည် ။ ခေတ်အဆက်ဆက် အုပ်ချုပ်ရေးပိုင်း အရာရှိများနေထိုင်သွားကြသည်။          အဲဒီ ဘိုရုံ ရှေ့ ခြံဝင်းအစပ်မှာ ကြီးမားတဲ့ လက်ပံ ပင်ကြီးတစ်ပင်လည်းရှိခဲ့ဘူူး၏ ။           ဒုတိယကမ္ဘာစစ်ကြိုခေတ် မီခဲ့သော လူကြီးသူမ များပြောကြသည်မှာ ထိုလက်ပံပင်ကြီးတွင် ဘိုမခြေကျိုး သရဲ ရှိသည်ဆို၏ ။ နေဝင်လို့ ညရောက်လျှင် ဖြတ်မလျှောက်ရဲကြဘူးဆို၏။ ခုတော့ အဲဒီလက်ပံပင်ကြီး မရှိတော့ပါ ။ ဘိုမခြေကျိုးလည်း ဘယ်ပြောင်းသွားသည်မသိ။ အဲဒီနေရာမှာ ဈေးဆိုင်ခန်းများဆောက်လုပ်ပြီး ငှါးထားလို့ စည်ကားနေပါပြီ ။ ဆိုင်တန်းနောက်က ဘိုရုံကြီးကတော့ အိုမင်းပြီး ယိုယွင်းနေပြီမို့ ဘယ်သူမျှ မနေကြတော့ပါ ။ မူလက ပိုင်ဆိုင်မှု ဘယ်လိုသတ်မှတ်ခဲ့လည်းတော့မသိ အခုတော့ ဆောက်လုပ်ရေး ဌာနအပိုင်ဖြစ်၏ ။          ယင်း ဘိုရုံကဲ့သို့ပင် ဘောလုံးကွင်းအနီး ရဲရုံးကြီးသည်လည်း အင်္ဂလိပ် အရာရှိ ဝန်ရှင်တော်မင်းကြီး မောရစ်ကောလစ် နေခဲ့ဘူးသည်ဆို၏ ။ ယခုအခါမှာတော့ မူလ ရဲရုံး ကြီးကိုဖျက်ပြီး အထွေထွေအုပ်ချုပ်ရေးရုံး အရာရှိနေအိမ် အဖြစ် ပြန်ဆောက်ထားသည်။ ဒါပေမယ့် အဲဒီရုံးဟောင်းကြီးကို မဖျက်ခင် သမိုင်းဝင် အဆောက်အဦတစ်လုံးအနေနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ထားခြင်းမရှိခဲ့ဘူးဟုသိရသည် ။           အခုလည်း အတော်ယိုယွင်းနေပြီဖြစ်တဲ့ ဘိုရုံ ကြီးဟာ မကြာခင် ဖျက်သိမ်းပျောက်ကွယ်သွားတော့မည့် အခြေအနေရှိပါသည်။ ဒါကြောင့် နောင်လာနောက်သား ပေါင်းတည်သားများ မြင်ဘူးအောင် သွားရင်းလာရင်း ဓာတ်ပုံရိုက် ယူခဲ့ပါသည် ။             အဲဒီ ဘိုရုံ နဲ့ပါတ်သက်ပြီး  သိထားတဲ့ အချက်အလက်များရှိလျှင် ပိုပြီး ပြည့်စုံခိုင်မာတဲ့ ဘိုရုံမှတ်တမ်းလေးရအောင် ကူညီပြောပြကြပါခင်ဗျာ ။     (21-2-2015)   

Thursday, October 31, 2019

ရွှေကျောင်းကြီးတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တေဇောဘာသဘိဝံသ

( 8 - Dec - 2016 ) တွင် Zawgyi font ဖြင့် တင်ခဲ့သော Blog post ကို Unicode ဖြင့်ပြန်တင်ခြင်းဖြစ်ပါသည်။


အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တေဇောဘာသဘိဝံသ ဆရာတော်လောင်းလျာကို ပေါင်းတည်မြို့ အရှေ့ဘက် (၅) မိုင်ခန့်အကွာ တောင်ကုန်းရွာတွင် ခမည်းတော် ဦးစာဖြူ မယ်တော် ဒေါ်ပန်းမြ တို့မှ မြန်မာသက္ကရာဇ် ၁၂၈၄ - ခုနှစ် နတ်တော်လဆန်း (၇) ရက် စနေနေ့ ကောင်းမြတ်သောမင်္ဂလာအချိန် နံနက် (၁) နာရီ တွင် မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့ပါသည်။ ဆရာတော်လောင်းလျာသည် တစ်ဦးတည်းသော သားကြီးရတနာဖြစ်ပေသည်။ ဆရာတော်လောင်းလျာဖွားမြင်တော်မူပြီး တနှစ်ခန့်အကြာတွင် မိခင်မယ်တော်ကြီး နတ်ရွာ ပျော်တော့သဖြင့် ဖဘက်ဆွေမျိုးများကတစ်လှည့်၊ မိဘက်ဆွေမျိုးများကတစ်ခါ များစွာသောလက်ပေါ်ဝယ်ဆွေမျိုးဉာတိအပေါင်းတို့၏ ချစ်ခင်မြတ်နိုးစွာ ယုယစောင့်ရှောက်ကြမှုဖြင့် အရွယ်တော်ရောက်အောင် ကြီးမြောက်တော်မူခဲ့ရလေသည်။  ဆရာတော်လောင်းလျာကလေးသည် ညာဏ်ရည်ညာဏ်သွေး ထက်မြက်သောကလေးဖြစ်လေသည်။ ခမည်းတော် ဦးစာဖြူသည် အတတ်ပညာသင်ကြားစေခြင်းဝတ္တရားကို ပြုလုပ်ရန်တာဝန်ရှိသည့်အားလျှော်စွာ ဆရာတော် လောင်းလျာ ၄ နှစ်သားအရွယ်တွင်ပင် တောင်ကုန်းရွာဆရာတော် ဦးပဏ္ဍိတ၏ လောကီပညာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း( ဘက )တွင် ပညာရင်နို့သောက်စို့ရန်အပ်နှံခဲ့လေသည်။ ဆရာတော်လောင်းလျာ ကလေးသည် ပါရမီအဟုန် အထုံပါသဖြင့် ညာဏ်ရည်ထက်မြက်သူဖြစ်သည့်အားလျှော်စွာ တခြားသောကျောင်းသားကလေးများထက် လျှင်မြန်စွာ စာကျက်မှတ်နိုင်လေသည်။ သူငယ်ချင်းများကိုလည်းနည်းပေးလမ်းပြပြုခဲ့ရသည်သာများလေသည်။ ဤသို့ဖြင့် တရွေ့ရွေ့သင်ယူလာခဲ့ရာ (၁၀) နှစ်သားအရွယ်တွင် စတုတ္ထတန်းကို အောင်မြင်တော်မူခဲ့ပါသည်။ ခမည်းတော်ဦးစာဖြူသည် သားရတနာ၏ ပညာရေးကို ဤမျှနှင့်အားမရသေးပဲ ပိုမိုမြင့်သောအတန်းပညာများသင်ယူနိုင်စေရန် ပေါင်းတည်မြို့ မှတ္တိုင်လမ်း ဆရာကြီးဦးမောင်ရင်၏ကျောင်းသို့ ပို့ကာ အတန်းပညာများဆက်လက်ဆည်းပူးသင်ယူစေခဲ့ပါသည်။ ဆရာကြီးဦးမောင်ရင်၏ကျောင်းသို့ရောက်သောအခါတွင်လည်း ဆရာတော်လောင်းလျာ၏ ထက်မြက်သောညာဏ် သွက်လက်သောဘီဇ တို့ကိုသိမြင်မိလေသော ဆရာကြီးသည် ကျောင်းသားအများကို ပြန်လည်ထိမ်းသိမ်းဦးဆောင်ရသော ကျောင်းသားအတန်းခေါင်းဆောင်အဖြစ် ဆရာတော်လောင်းလျာကိုပင်ထားရှိခဲ့လေသည်။ ဆရာတော်လောင်းလျာသည် ငယ်စဉ်ကပင် ခေါင်းဆောင်အရည်အချင်း နာယကဂုဏ် ဖြင့်ပြည့်စုံခြင်းရှိခဲ့ကြောင်းထင်ရှားလေ၏။  ဤသို့ဖြင့် ဆရာတော်လောင်းလျာသည် ၁၃ နှစ်သားအရွယ်ရောက်သော် သတ္တမတန်းကို ကောင်းစွာအောင်မြင်ခဲ့လေသည်။  ထိုအချိန်မှာပင် ဆရာတော်လောင်းလျာ၏ ဦးကြီးအရင်းဖြစ်တော်မူသော (နောင်တချိန်တွင် အင်းကြီးတောင်ကျောင်းဆရာတော်ဟု ထင်ရှားမည့်) ဘဒ္ဒန္တ နန္ဒဝံသ မထေရ်သည် မန္တလေးရွှေမြို့တော်မှ ပညာဝေ၍ ဌာနေသို့ပြန်လည်ကြွလာလေသည်။ ထိုဘဒ္ဒန္တ နန္ဒဝံသ မထေရ်သည် ဆရာတော်လောင်း လျာ၏မယ်တော် ဒေါ်ပန်းမြ၏ မောင်ကြီးအရင်းဖြစ်၍ နှမငယ်ကွယ်လွန်ချိန်မှစ၍ တူရင်းဖြစ်သူ၏သတင်းကိုအမြဲတစေ နားစွင့်နေခဲ့ရာ ယခုအခါအခွင့်သင့်လာပြီဖြစ်၍ တူတော်မောင်ကို သာသနာအနွယ်ဝင်၍ ပညာသင်စေရန် တိုက်တွန်းတောင်းဆိုတော်မူလေ၏။
      လောကီဘက်သားဆွေမျိုးများက ဆရာတော် လောင်းလျာကို လောကီပညာကိုသာဆက်လက်သင်စေလို၏။ လောကီ (ခေတ်) ပညာတတ်ဖြစ်မှ အထက်တန်းကျ အသက်မွေးလှသည်ဟုယူဆကြ၏။ ဦးရီးတော် အရှင်မြတ်က လောကုတ္တရာပညာသည်သာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာသောအကျိုး ပွါးတိုးရုံမျှမက နိဗ္ဗာန်တိုင်အောင်အကျိုးများပုံကိုညွှန်ပြကာ ဆုံးမသဖြင့် မတတ်သာသည့်အဆုံး ဆရာတော်လောင်းလျာကို ဦးရီးတော် အရှင်မြတ် သီတင်းသုံးရာအင်းကြီးရွာသို့ ထည့်လိုက်ရလေတော့သည်။ ဆရာတော်လောင်းလျာသည် ဦးရီးတော်ကျောင်းထိုင်ရာအင်းကြီးရွာသို့ အတန်းကျောင်းမှထွက်ကာ လိုက်ပါသွားပြီး လောကုတ္တရာစာပေများကိုအခြေပြုကာစတင်သင်ယူရင်း ၂ နှစ်အကြာ ၁၅ နှစ်သားအရွယ် (၁၃၀၀)ပြည့်နှစ် နယုန်လပြည့်ကျော် (၂)ရက် အင်္ဂါနေ့တွင် ပေါင်းတည်မြို့အင်းကြီးတောင်ကျောင်း (ဦးရီး) ဆရာတော် ဘဒ္ဒန္တ နန္ဒဝံသ မထေရ်မြတ်ကို ဥပဇ္ဈာယ်ပြုကာ ခမည်းတော် ဦးစာဖြူ နှင့် ဆွေတော်မျိုးတော်တို့က ပစ္စယာနုဂ္ဂဟ ပြုတော်မူလျှက်ရှင်သာမဏေအဖြစ် သာသနာ့ဘောင်သို့ သွတ်သွင်းရောက်ရှိတော်မူပါသည်။ ဘွဲ့အမည်ကို ရဟန်းရှင်လူတို့အလယ် တန်ခိုးအရှိန်အဝါနှင့် ပြည့်စုံ သောသူဖြစ်ရမည်ဟူသောအကြောင်းနိမိတ်ကိုအစွဲပြု၍ ရှင်တေဇောဘာသ ဟု မှည့်ခေါ်သမုတ်လေသည်။   ဤသို့ဖြင့် သာမဏေဘဝတွင် ဦးရီးတော်ထံမှောက်မှာပင် သဒ္ဒါ၊ သင်္ဂြိုဟ်၊ စသော လောကုတ္တရာအခြေစာပေမှန်သမျှ ပါဠိရော အနက်ပါ နှုတ်တက်စွာ သင်ယူလေသည်။ စာကျက်၊ စာအံ၊ စာပြန်၊ စာရွတ်၊ တတွတ်တွတ်ဖြင့်နေသော တူတော်သာမဏေ၏အခြေအနေကိုအကဲခတ်မိသော ဦးရီးတော် အရှင်မြတ်သည်  သင့်လျှော်ရာအပ်ပို့ရမည့်ဝတ္တရားရှိလာသည့်အတိုင်း ပေါင်းတည်မြို့ရွှေကျောင်းကြီးတိုက် သုဓမ္မာဂိုဏ်းချုပ်၊ နိုင်ငံတော်ဩဝါဒစရိယ ပရိယတ္တိ ဝိသာရဒလဇ္ဇီ ပေသလ ဂန္တကာရက ဝိနယ ကုက္ကုစ္စ စသည့်ဖုံဖုံဂုဏ်မျိုးစုံသည့် အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ ပုညာဘိဓဇ ထံတော်မှောက်သို့ အရောက်ပို့ကာ ပညာရင်နို့သောက်စို့ စေပြန်သည်။ ရွှေကျောင်းကြီးတိုက်ဆရာတော်ကြီးကိုအမှူးထား၍ ဓမ္မာစရိယဖြစ်တော်မူကြကုန်သော ဘဒ္ဒန္တ ဝိလာသဓဇ၊ ဘဒ္ဒန္တ ရေဝတ၊ ဘဒ္ဒန္တ ကုဏ္ဍလာဘိဝံသ၊ တို့ထံတော်ပါးတွင် တဆင့်ထက်တဆင့် မြင့်သထက်မြင့်အောင် စာဝါများကိုလုံလအားထုတ်ကြိုးစားသင်ယူခဲ့လေသည်။ ဇွဲလုံလဝီရိယ ပြင်းထန်စွာသင်ယူသောကြောင့် သီတင်းသုံးဖော်တို့အလယ်တွင် ကောင်းသတင်းကြွယ်ခဲ့လေသည်။ ဆရာသမားတို့၏ ပစ္စယ ဓမ္မ နှစ်ဝသောချီးမြှောက်ခြင်းကိုခံယူခဲ့ရရုံမက တရံကာလ ဒွေမာတိကာနှင့် ကင်္ခါကျမ်းကို နှုတ်တက်ရွရွသရဇ္ဈာယ်သံကိုကြားရတော်မူသော ကျေးဇူးတော်ရှင် ဘဒ္ဒန္တပုညာဘိဓဇ ဆရာတော်ကြီးသည်အားပါးတရကြည်ညိုတော်မူလှသောကြောင့် နှစ်ထပ်သင်္ကန်းကြီးဖြင့် ဓမ္မပူဇာပြုသည်ကိုပင်ခံယူခဲ့ရဘူးပေသည်။ ဤသို့ ရှင်သာမဏေ ဘဝဖြင့် စာဝါများကိုကြိုးစားသင်ယူနေလျှက် သာသနာတော်နှစ် (၂၄၆၈)ခုနှစ် ကောဇာသက္ကရာဇ် (၁၃၀၄)ခုနှစ် ၊ ဂိမ္မန္တဥတု၊ နှောင်းတန်ခူးလဆန်း(၅)ရက် သောကြာနေ့ နံနက် ၈နာရီ ၁၉ မိနစ် ၁၅ စက္ကန့် (၁၂) ဖဝါး (၁)ဖီလာ အချိန်တွင် ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက် သဒ္ဓမ္မဇောတိကာရုံကျောင်း အဂ္ဂမဟာပဏ္ဍိတ သုဓမ္မာဂိုဏ်းချုပ် ဆရာတော်ကြီး ဘဒ္ဒန္တ ပုညာဘိဓဇကို ဥပဇ္ဈာယ်ပြုတော်မူပြီး ရွှေကျောင်းကြီးတိုက် ခဏ္ဍသိမ်တွင် ပေါင်းတည်မြို့အရှေ့လမ်းနေ ရွှေ ဦးသိန်း ဒေါ်ဒေါ်ကြိုင် မိသားစုတို့၏ပစ္စယနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည်။
 ဆရာတော််ရဟန်းဘောင်သို့တက်ရောက်သောခေတ်ကာလအခြေအနေသည် ဒုတိယကမ္ဘာစစ်ဖြစ်နေသောအချိန်ကာလဖြစ်လေသည်။ မြန်မာပြည်သို့ ဂျပန်တို့ဝင်ရောက်လာပြီး မဟာမိတ်တပ်များဆုတ်ခွါနေသောကာလဖြစ်သည်။ မြို့နေ ရဟန်းရှင်လူ ပြည်သူလူထုမှာ စက်သေနတ်သံ ဗုံးသံ များကြားတွင် ကျီးလန့်စာစားအခြေအနေဖြင့် စိုးရိမ်ထိပ်လန့်နေကြရသောအချိန်အခါဖြစ်လေသည်။ မြို့ပေါ်ရှိစာသင်တိုက်များမှာလည်း စာပေသင်ကြားပို့ချခြင်းများရပ်နား၍ စစ်ဘေးစစ်ဒါဏ်လွတ်ရာသို့ တိမ်းရှောင်နေကြလေရာ ရွှေကျောင်းကြီးတိုက်သည်လည်း ဆရာတော်နှင့်အတူ စာချဆရာတော်များနှင့် အလုပ်အကျွေးသံဃာအချို့သာကျန်နေခဲ့လေသည်။ ခေတ်ကာလအခြေအနေအရ ကမ္ဘာစစ်မီးတောက်လောင်ပြီး လူအများပြေးလွှားပုန်းရှောင်နေကြရချိန်မှာပင် ဆရာတော်သည် သေနတ်သံ ဗုံးသံ တို့နှင့်အပြိုင် စာပေသင်အံကျက်မှတ်လေ့လာဆည်းပူးမပျက်ရှိရာ စစ်အတွင်း ဂျပန်ခေတ် (အဓိပတိခေတ်) မှာပင် ဝိနယ အငယ်တန်း ဝိနယအကြီးတန်း တို့ကိုအောင်မြင်တော်မူ၏။ ၁၃၀၇-ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားသောအခါ ဆရာတော်နားခိုစာသင်ခဲ့သောရွှေကျောင်းကြီးတိုက် ကျောင်းဆောင်ကြီးမှာ ပြာပုံအတိပျက်စီးကျန်ခဲ့ရလေ၏။ ကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီး ဘဒ္ဒန္တပုညာဘိဓဇ နှင့် တပည့်စာသင်သံဃာ တို့သည် ဝါး သက်ကယ်တို့ဖြင့် ပြန်လည်တည်ဆောက်လှူဒါန်းသောယာယီကျောင်းဆောင်မှာပင် သီတင်းသုံးကြပြီး ပရိယတ္တိစာပေသင်အံပို့ချမှုအလုပ်များကို မဆိုင်းမတွ ပြန်လည်စတင်ခဲ့ကြလေသည်။စစ်ပြီးစ ပြန်လည်ထူထောင်ရေးကာလမှာပင် ဆရာတော်သည် ဥပဇ္ဈာယ်ဆရာတော်ကြီးထံတွင်ဆက်လက်သင်အံခဲ့ရာ အစိုးရ ပထမငယ် ၊ ပထမလတ်၊ ပထမကြီး၊ စေတီယင်္ဂဏစာသင်တန်း တို့ကိုဆက်တိုက်အောင်မြင်စွာတက်လှမ်းနိုင်ခဲ့ပါသည်။ ဆရာတော်သည် ဤမျှဖြင့်ကျေနပ်တင်းတိမ်နိုင်ခြင်းမရှိဘဲ ပညာဆက်လက်ဆည်းပူးသင်ယူရန်ရည်သန်၍ ဥပဇ္ဈာယ်ဆရာတော်ကြီးထံခွင့်ပန်ကာ ထိုအချိန်က စာပေပရိယတ္တိနယ်ပယ်တွင် တောင်ပြင်နဂါးဟု ထင်ရှားကျော်ကြားသော ပြည်မြို့ဇောတိကာရုံပါဠိတက္ကသိုလ် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတေဇနိယ မထေရ်ထံမှောက်သို့ သွားရောက်ကာပညာရင်နို့ဆက်ကာစို့ခဲ့ပြန်လေသည်။ ဤတွင်လည်း ဆရာတော်ကြီး၏ ပစ္စယ ဓမ္မ နှစ်ဝသောချီးမြှောက်မှုကိုခံရလျှက် စေတီယင်္ဂဏစာချတန်း၊ အစိုးရစာချတန်းတို့ကို အောင်ပန်းဆွတ်ခူးနိုင်ခဲ့ပြန်ပါသည်။ ထိုမှတဖန် ဆရာတော်သည် ပညာဗဟုသုတများကိုဆက်လက်ဆည်းပူးလေ့လာရန် မန္တလေး ရွှေမြို့တော်သို့ ထွက်ခွါခဲ့ပြန်သည်။ မန္တလေး ရွှေမြို့တော်တွင် ဆရာသခင်ထေရ်အရှင်တို့ထံ၌ ပညာများ ဆက်လက်လေ့လာသင်ယူနေစဉ် ၁ နှစ်ခန့်အကြာ ရန်ကုန်မြို့သို့ကြွရောက်ရန်အကြောင်းပေါ်ပေါက်လာရပြန်လေသည်။
   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရ ပါဠိတက္ကသိုလ် စာချတန်းအောင်ပွဲ ဘွဲ့နှင်းသဘင်သို့ကြွရောက်ရန်ပင့်ဘိတ်သဖြင့် ရန်ကုန်မြို့သို့ကြွရောက်ကာ နိုင်ငံတော်သမ္မတကြီး၏ (သာသနဓဇ သီရိပဝရ ဓမ္မာစရိယ) ဘွဲ့တံဆိပ်ကပ်လှူသည်ကို ခံယူတော်မူခဲ့လေသည်။ ရန်ကုန်သို့ရောက်ရှိနေစဉ် ကြည့်မြင်တိုင် ဇေယျဝတီကျောင်းတိုက် နာယကဆရာတော်၊ တိုက်အုပ်ဆရာတော်များက ပြည်မြို့ဇောတိကာရုံပါဠိတက္ကသိုလ် ဆရာတော်ဘုရားထံတောင်းပန်၍ ဆရာတော်အား ဇေယျဝတီကျောင်းတိုက်တွင် စာပေပို့ချပေးပါရန်လျှောက်ထားလေ၏။ ဆရာတော်လည်း ပြည်မြို့ဇောတိကာရုံဆရာတော်ကြီး၏ အမိန့်တော်အတိုင်း ဇေယျဝတီကျောင်းတိုက်တွင် စွမ်းပကားအလျှောက် ချီးမြှောက်ကာစာပေပို့ချနေတော်မူရပြန်၏။ ရန်ကုန်မြို့ ကြည့်မြင်တိုင် ဇေယျဝတီကျောင်းတိုက်တွင် စာပေပို့ချ ပေးနေစဉ် ဆရာတော်၏ စိတ်အစဉ်တွင် အာသီသဆန္ဒဖြစ်ပေါ်လာသည်မှာ ဤမျှလောက်စာအောင်ရုံ ဤမျှလောက်စာချပေးနိုင်ရုံဖြင့် မကဘဲ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော ပိဋကတ်သုံးပုံကို နှုတ်တိုက်အာဂုံပြန်ဆိုနိုင်သည်အထိ ဆက်လက် ကြိုးပမ်းလိုသည့်ဆန္ဒသည်ကြီးမားစွာဖြစ်ပေါလာခဲ့၏။ ထိုသို့ဆန္ဒဖြစ်ပေါ်သည့်အတိုင်းကြိုးပမ်းဆောင်ရွက်ရန် ရန်ကုန်မြို့ ဇေယျဝတီကျောင်းတိုက်မှ မန္တလေးသို့ပြန်လည်ကြွရောက်ခဲ့ပြန်၏။ ရည်မှန်းချက်ကြီးမားသည့်အလျှောက် လုံလဝီရိယနှင့် ညာဏ်ပညာအားကောင်းသူဆရာတော်သည် ၁၃၁၈-ခုနှစ် တနှစ်တည်းမှာပင် စေတီယင်္ဂဏအသင်းကြီး၏ (အဘိသီရိ ပဝရ သာသနာလင်္ကာရ ဒီဃနိကာယဓရ) ဘွဲ့ထူးကိုဆွတ်ခူးပြီးလျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ကြီးမှ ကျင်းပပြုလုပ်သော (၉)ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲကြီး၌ သုတ္တန္တ ပိဋက ဒီဃနိကာယ် ၃ ကျမ်းကို (က)အာဂုံပြန်ဆိုပွဲ၌ဝင်ရောက်ပြန်ဆိုတော်မူခဲ့ရာ အထောက်အမလွတ် သန့်ရှင်းကြည်လင်ပြတ်သားစွာ ပြန်ဆိုတော်မူနိုင်သည့်အတွက် သူတကာတို့ရခဲသော (ဗုဒ္ဓသာသန ဝိသိဋ္ဌ ဒီဃဘာဏက)ဘွဲ့ထူူးကိုရရှိတော်မူသည့်အပြင် (၁၃၂၀) ပြည့်နှစ် ၁၁ ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲကြီးတွင်(ခ)သဘောရေးဖြေစာမေးပွဲ၌ အောင်မြင်တော်မူပြန်သောကြောင့်(ဗုဒ္ဓသာသန ဒီဃနိကာယ ကောဝိဒ) ဘွဲ့တံဆိပ်တော်ကိုခံယူရရှိတော်မူပြန်လေသည်။ ဆရာတော် ပညာသင်ကြားခဲ့သော ဆရာများမှာ   * ပေါင်းတည်မြို့ အင်းကြီးရွာတောင်ကျောင်း (ဦးရီး) ဆရာတော်ဘဒ္ဒန္တနန္ဒဝံသ မထေရ်မြတ်ထံတွင်လည်းကောင်း.....  * ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက် သဒ္ဓမ္မဇောတိကာရုံကျောင်း အဂ္ဂမဟာပဏ္ဍိတ သုဓမ္မာဂိုဏ်းချုပ် ဘဒ္ဒန္တ ပုညာဘိဓဇ မထေရ်မြတ်ထံတွင်လည်းကောင်း........  * ဓမ္မာစရိယဖြစ်တော်မူကြကုန်သော ဘဒ္ဒန္တ ဝိလာသဓဇ ၊ ဘဒ္ဒန္တ ရေဝတ၊ ဘဒ္ဒန္တ ကုဏ္ဍလာဘိဝံသ တို့၏အထံ၌လည်းကောင်း......  * ပြည်မြို့ အနောက်စောင်းတန်းလမ်း ဇောတိကာရုံပါဠိတက္ကသိုလ် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ပါဠိတက္ကသိုလ်ဗဟိုလ်အဖွဲ့ ပထမဥက္ကဌ ဆရာတော် ဘဒ္ဒန္တတေဇနိယ နှင့် ဓမ္မာစရိယဖြစ်တော်မူသော ဘဒ္ဒန္တသုမင်္ဂလ တို့ထံတွင်လည်းကောင်း.....  * မန္တလေးမြို့တောင်ပြင် ဒက္ခိဏာရာမဘုရားကြီးတိုက် သာသနဇောတိကာရုံ အုတ်ကျောင်းပရိယတ္တိ သာသနဟိတ မူလဓမ္မာစရိယဆရာတော် ဘဒ္ဒန္တ နာရဒါဘိဝံသ အထံ၌လည်းကောင်း ..... “ထကြွနိုးကြား၊ ခစားနာတွေး၊ လုပ်ကျွေးတစေ၊ ရိုသေသင်ယူ” ဟူသည့် တပည့်ဝတ္တရားနှင့်အညီ ပရိယတ္တိစာပေပညာများကို ရိုသေလေးစား သင်ကြားနာယူမှုများ ပြုတော်မူခဲ့ပါသည်။ ဤသို့ ကျေးဇူးတော်ရှင်ဆရာတော်များထံမှ ပညာရင်နို့သောက်စို့ခဲ့ရသောဆရာတော်အရှင်မြတ်သည် ...  * ၁၃၀၅-ခုနှစ်တွင် ဝိနယ အငယ်တန်း  * ၁၃၀၆-ခုနှစ်တွင် ဝိနယ အကြီးတန်း   * ၁၃၀၈-ခုနှစ်တွင် အစိုးရ ပထမငယ်တန်း  * ၁၃၀၉-ခုနှစ်တွင် အစိုးရ ပထမလတ်တန်း  * ၁၃၁၀-ခုနှစ်တွင် အစိုးရ ပထမကြီးတန်း   * ၁၃၁၁-ခုနှစ်တွင် စေတီယင်္ဂဏ ပရိယတ္တိ စာသင်တန်း   * ၁၃၁၃-ခုနှစ်တွင် စေတီယင်္ဂဏ ပရိယတ္တိ စာချတန်း  * ၁၃၁၄-ခုနှစ်တွင် အစိုးရ စာချတန်း စသည့်စာမေးပွဲများကိုအောင်မြင်တော်မူခဲ့ပြီး   * ၁၃၁၈-ခုနှစ်တွင် စေတီယင်္ဂဏ ပရိယတ္တိအသင်းကြီး၏ “အဘိသီရိ ပဝရ သာသနာလင်္ကၤာရ ဒီဃနိကာယဓရ” ဘွဲ့တံဆိပ်တော်ကိုရရှိသည့်အပြင် နိုင်ငံတော် ဗုဒ္ဓသာသန နုဂ္ဂဟအသင်းကြီး၏ (၉) ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲကြီးတွင် သုတ္တန္တပိဋကဒီဃနိကာယ် သုံးကျမ်းကို (က) အာဂုံပြန်ဆိုပွဲကြီးတွင် ဂုဏ်ထူးဖြင့်အောင်မြင်တော်မူခဲ့၍ “ ဗုဒ္ဓသာသန ဝိသိဋ္ဌ ဒီဃဘာဏက ”  ဘွဲ့ကို ရရှိတော်မူပါသည်။ (၁၁)ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲကြီးတွင် ထိုသုတ္တန္တပိဋက ဒီဃနိကာယ် သုံးကျမ်း (ခ) သဘောရေးဖြေပွဲကြီး၌ အောင်မြင်တော်မူပြန်သောကြောင့် “ဗုဒ္ဓသာသန ဒီဃနိကာယ ကောဝိဒ ” ဘွဲ့တံဆိပ်တော် အောင်လက်မှတ်တော် အရိုးဝါ ကနက္ကဒါန်ထီးဖြူတော် တစ်လက် ပါရှိသော သာသနာ့အောင်လံတော်တို့နှင့် မီးရထား ၊ မီးသငေ်္ဘာ၊ အထက်တန်းအခမဲ့ ပတ်(စ်) လက်မှတ်တို့ကို ခံယူရရှိတော်မူခဲ့ပါသည်။  ဆက်လက်၍ ဆရာတော်သည် ဝိနည်းပိဋကတ်တော်များကို လေ့လာကျက်မှတ်နေစဉ် ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက် သုဓမ္မာဂိုဏ်းချုပ် အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် ဘဒ္ဒန္တ ပုညာဘိဓဇ ဆရာတော်ဘုရားကြီး ဘဝနတ်ထံစံလွန်တော်မူပြီးနောက် ဓမ္မာစရိယဆရာတော် ဘဒ္ဒန္တ သုမင်္ဂလ အရှင်မြတ်လည်း နောက်ထပ်တဖန် ဘဝနတ်ထံ စံလွန်တော်မူပြန်သောကြောင့် ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက် သဒ္ဓမ္မဇောတိကာရုံ ပရိယတ္တိစာသင်တိုက်၏ သာသနာနောင်ရေး စိတ်မအေးနိုင်ရှာသော ပြည်မြို့ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီး၏ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ပါဠိ တက္ကသိုလ် ဗဟိုလ်အဖွဲ့ ပထမဥက္ကဌ ကျေးဇူးတော်ရှင် ဘဒ္ဒန္တ တေဇနိယ ဆရာတော်ဘုရားကြီး၏ “ သာသနာတော်မှာ စာကျက်နေရုံနှင့်မပြီးသေး ” ဟူသော ဆုံးမ ဩဝါဒကို တစ်သဝေမတိမ်း လိုက်နာသဖြင့်လည်းကောင်း ပေါင်းတည်မြို့သူမြို့သား ဒါယကာ ဒါယကာမများ၏ သဒ္ဓါတရားကိုငဲ့ကွက်သဖြင့်လည်းကောင်း ၁၃၂၂-ခုနှစ် နယုန်လပြည့်ကျော် (၁၀)ရက်နေ့တွင် မန္တလေး နေပြည်တော်မှ ပေါင်းတည်မြို့သို့ပြန်လည်ကြွရောက်တော်မူလာပြီး ရွှေကျောင်းကြီးတိုက် သဒ္ဓမ္မဇောတိကာရုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော်အဖြစ်ရောက်ရှိတော်မူပြီး ပရိယတ်၊ ပဋိပတ် သာသနာ့တာဝန်နှစ်ရပ်ကိုထမ်းရွက်တော်မူခဲ့ပါသည်။  
  ဆရာတော်သည် ဥပဇ္ဈာယ်ဆရာတော်ကြီးလက်ထက်ကအစပြု၍ တာဝန်ယူဆောင်ရွက်ခဲ့သော အစဉ်အလာအတိုင်း စာသင်သံဃာတော်များ စာပေပရိယတ္တိအလုပ်ကို အချိန်ပြည့် ကြိုးပမ်း အားထုတ်နိုင်စေခြင်းအကျိုးငှါ အရုဏ်ဆွမ်း ၊ နေ့ဆွမ်းများကို ဆွမ်းခံမထွက်စေပဲ ကျောင်းမှာသာ ဝေယျာဝစ္စဆောင်ရွက်သော ဒါယကာများဖြင့် စီမံဆောင်ရွက်စေကာ ရှိသမျှသံဃာအားလုံးအတွက် အမြဲတစေ နေ့စဉ်နေ့တိုင်းမျှတအောင်ဆက်ကပ်လေ့ရှိပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မည်သည့်မြို့ရွာဌာနကိုမျှ အလှူခံစေလွှတ်ခြင်း ပစ္စည်းကောက်ခံခြင်းမပြုရပေ။ ပေါင်းတည်မြို့ရှိ ဂိုဏ်းဝင်သံဃာများထံမှ၎င်း ပေါင်းတည်မြို့သူမြို့သား ဒါယကာ ဒါယိကာမများမှလည်းကောင်း လိုအပ်သလောက် လှူဒါန်းထောက်ပံ့ပေးကြသဖြင့် နှစ်စဉ် သံဃာတော် အပါး ၄၀ ၊ အပါး ၅၀ အတွက် ဆွမ်းကွမ်း ဝေယျာဝစ္စမကြောင့်ကြရပဲ နေနိုင်ခဲ့ပေသည်။  ဆရာတော်သည် ၁၃၂၂-ခုနှစ် ပေါင်းတည်မြို့သို့ပြန်လည်ကြွရောက်လာသည်မှစ၍  * ပရိယတ္တိတာဝန်ဝတ်တရားများကိုနေ့မအား ညမအား ပို့ချပေးတော်မူခြင်းကြောင့်လည်းကောင်း  * မိမိထံတော်မှောက်သို့ ရောက်ရှိလာကြကုန်သောတပည့်ပရိတ်သတ်အပေါင်းအားအမြဲတစေဩဝါဒ အနုသာသနီတရားစကားတို့ကိုချီးမြှောက်ပေးသနားတော်မူခြင်းကြောင့်လည်းကောင်း  * ရရှိသမျှသောလာဘ်လာဘ တို့၌ သံဃာတော်များအားအညီအမျှခွဲဝေကာသုံးဆောင်စေခြင်းကြောင့်လည်းကောင်း  * ရပ်နီး ရပ်ဝေးရှိ ဒါယကာ ဒါယိကာမ အများတို့အား တရားစကားကို ဟောကြားညွှန်ပြ ဆိုဆုံမခြင်းကြောင့်လည်းကောင်း  * သံဃာတော်များနှင့်တကွ ဒါယကာ ဒါယိကာမအများတို့၏ အမေးပုစ္ဆာပြဿနာအရပ်ရပ်တို့ကိုမေးမြန်းသောပုဂ္ဂိုလ်တို့အား ရွှင်လန်းအားရ သဘောကျအောင် ဖြေဆိုပေးခြင်းကြောင့်လည်းကောင်း  * ၁၃၂၄-ခုနှစ်မှအစပြု၍ ပေါင်းတည်မြို့ရှိ သကျမုနိ မိုးကောင်းဘုရားကြီး ၊ မြတ်စွယ်တော်ဂေါပကလူကြီးများ၊ ရွှေကျောင်းကြီးတိုက်သံဃာတော်များ၏ တာဝန်ခံအကျိုးဆောင်အဖြစ် ဆောင်ရွက်ခဲ့ခြင်းကြောင့်လည်းကောင်း  * ၁၃၂၅-ခုနှစ်မှစ၍ သုဓမ္မာဂိုဏ်းဝင် သံဃာတော်အရှင်မြတ်များနှင့်တကွ ဒါယကာ၊ ဒါယိကာမများအား မကောင်းမှုတရားတို့မှ ရှောင်ကြဉ်စေခြင်း ၊ ကောင်းမှုတရားတို့၌မွေ့လျှော်စေခြင်းတို့ကြောင့်လည်းကောင်း  * ၁၃၂၆-ခုနှစ် တပေါင်းလဆန်း (၄) ရက်၊ ၁၉၆၅-ခုနှစ် မတ်လ (၆) ရက် စနေနေ့တွင် မှော်ဘီမြို့သံဃာ့အစည်းအဝေးကြီး၌ ပြည်ခရိုင်ကိုယ်စားလှယ်အဖြစ်တက်ရောက်တော်မူခဲ့ခြင်းကြောင့်လည်းကောင်း   * ၁၃၄၁-ခုနှစ်၊ ပြာသိုလဆန်း (၃)ရက်၊ ၁၉၇၉-ခုနှစ် ဒီဇင်ဘာ (၂၀) ရက်၊ ကြာသပတေးနေ့တွင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွါးရေးအတွက် ပဲခူးတိုင်း ပြည်အခြေခံဒေသမှ သံဃာသမုတိရ သံဃကိုယ်စားလှယ်အဖြစ်ဖြင့် ရန်ကုန်ကမ္ဘာအေး ဇမ္ဗူဒီပကျောင်းဆောင်သို့တက်ရောက်ခဲ့ခြင်းကြောင့်လည်းကောင်း    * ၁၃၄၂-ခုနှစ် နယုန်လဆန်း (၁၃) ရက်၊ ၁၉၈၀-ပြည့်နှစ် မေလ (၂၆) ရက် ၊ တနင်္လာနေ့တွင် ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏ လှိုဏ်ဂူတော်၌ နိုင်ငံတော်ဗဟိုလ်သံဃ ဝန်ဆောင်အဖြစ်ဖြင့် တက်ရောက်ခဲ့ခြင်း၊ နိုင်ငံတော်သံဃမဟာနာယက အဖြစ်ရွေးချယ်ခံရခြင်းတို့ကြောင့်လည်းကောင်း  * ၁၃၄၂-ခုနှစ် ၊ ပြာသိုလပြည့်ကျော် (၁၃) ရက်၊ ၁၉၈၁-ခုနှစ် ဖေဖော်ဝါရီလ (၂) ရက် တနင်္လာနေ့တွင် မြန်မာနိုင်ငံတဝှမ်း၌ သီတင်းသုံးနေထိုင်တော်မူကြကုန်သော ဂိုဏ်းကြီး (၉) ဂိုဏ်းတို့မှ ဝိနည်းဓိုရ် ဆရာတော် (၁၁၀)ပါးတို့အား ဝိနည်းကျမ်းဂန် ကျွမ်းကျင်မှုသင်တန်းကို ပို့ချတော်မူခဲ့ခြင်းကြောင့်လည်းကောင်း   * ၁၃၄၃-ခုနှစ် နယုန်လဆန်း (၁၅)ရက် ၊ ၁၉၈၁-ခုနှစ် ဇွန်လ (၁၇) ရက် ၊ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏ လှိုဏ်ဂူတော်ကြီးအတွင်း၌ နိုင်ငံတော် သံဃ မဟာနာယက တွဲဘက်အကျိုးတော်ဆောင်အဖြစ်ဖြင့် ( ပထမအကြိမ်၊ ဒုတိယအကြိမ်)တို့၌ ဆောင်ရွက်ခဲ့ခြင်း အစရှိသောအကြောင်းတို့ကြောင့် ရဟန်းရှင်လူ အများပြည်သူတို့၏ ကြည်ညိုလေးစားမှုကို ခံယူရရှိတော်မူပါသည်။  ဆရာတော်ရေးသားပြုစုတော်မူခဲ့သောစာပေများမှာ   * ပေါင်းတည်မြို့ မြတ်စွယ်တော်အတ္ထုပ္ပတ္တိသမိုင်း (အသစ်)  * ဓမ္မစကြာပါဠိတော်နိဿယ  * ပရာဘဝသုတ် ပါဠိတော်နိဿယ  * ကစ္စာယန နိယံ  * မာတိကာ ဓာတုကထာ နိယံ  * ကထိန ဒါနာဒိ ပဥှာဗျာကရဏ စာစောင် အစရှိသောစာပေများဖြစ်ပါသည်။ ဆရာတော်သည်   ၁။ ပါဠိတော်အဋ္ဌကထာ ဋီကာ စသည်တို့၌ ကျွမ်းကျင်လိမ္မာခြင်း  ၂။ ပါဠိတော်အဋ္ဌကထာ ဋီကာ စသည်တို့ကို အမြဲမပြတ် ပို့ချပေးနေခြင်း   ၃။ အနည်းဆုံး သိက္ခာ ဝါ (၂၀) ရှိခြင်း   ၄။ ပါဠိတော်အဋ္ဌကထာ ဋီကာ စသည်တို့၌ ကျွမ်းကျင်လိမ္မာသည်ဟုကျော်ဇောခြင်း   ၅။ သီလဝန္တ ဖြစ်ခြင်း  ဟူသော ဤအင်္ဂါရပ်များဖြင့် ညီညွတ်တော်မူပါသဖြင့် သက်တော် (၆၆)နှစ်  သိက္ခာတော် (၄၆)ဝါအရ၊ ၁၃၅၀-ပြည့်နှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကိုအလှူခံရရှိတော်မူပါသည်။     ဆရာတော်သည် ကျန်းမာရေးချို့ယွင်းလာသဖြင့် ၁၉၉၃ - ခုနှစ်တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ တွဲဘက်အကျိုးတော်ဆောင်အဖြစ်မှ နှုတ်ထွက်တော်မူခဲ့ပြီး ပေါင်းတည်မြို့တွင်သာ သီတင်းသုံးနေထိုင်လျှက် ပရိယတ္တိစာပေပို့ချမှုများကို ဆက်လက်ဆောင်ရွက်တော်မူခဲ့ပါသည်။ သို့သော် မြတ်စွာဘုရားဟောတော်မူသည့်တရားရှိသည့်အတိုင်း ဇာတိ ဇရာ ဗျာဒိ မရဏ တရားတို့၏ခေါ်ဆောင်ရာသို့ လိုက်ပါရင်း ကျန်းမာရေးပိုမိုဆိုးရွားလာကာ    သက်တော် ၇၂ နှစ် သိက္ခာတော် ၅၂ ဝါ    မြန်မာသက္ကရာဇ် ၁၃၅၆ - ခုနှစ် နတ်တော်လပြည့်ကျော် ၃ ရက်နေ့တွင်ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည် ။ 

 [ကိုးကား  >> အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တေဇောဘာသဘိဝံ သ  အတ္ထုပ္ပတ္တိ စာအုပ်မှ ကူးယူပါသည်။]

❉ ပေါင်းတည်မြို့ မင်းကျောင်း (ဂိုဏ်း) ❉


 May 24, 2015  က Zawgyi font ဖြင့်တင်ခဲ့သာ Blog post ကို Unicode ဖြင့်ပြန်တင်ပါသည်။


   ပေါင်းတည်မြို့ တွင် ထေရဝါဒ ဗုဒ္ဓဘာသာ သံဃာဂိုဏ်း အနေဖြင့်ထင်ရှားရှိသောဂိုဏ်း များမှာ သုဓမ္မာ ဂိုဏ်း နှင့် မဟာဒွါရ ဂိုဏ်းဟူ၍ရှိပါသည်။ သုဓမ္မာ ဂိုဏ်း၏ ဂိုဏ်းကျောင်းမှာ ရွှေကျောင်းကြီးတိုက် ဖြစ်၍ မဟာဒွါရ ဂိုဏ်းကျောင်းမှာ နန်းဦးကျောင်းတိုက်ဖြစ်သည်။ ဤနေရာတွင် "ဂိုဏ်း" ဟုသုံးနှုံးခြင်းအပေါ် အမြင်ရှင်းရန် အနည်းငယ်ဖော်ပြလိုပါသည်။       မြတ်စွာဘုရားရှင်ဟောကြားတော်မူအပ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟုဆိုအပ်သော ပိဋကတ်သုံးပုံ တွင် သုတ် နှင့် အဘိဓမ္မာ မပါ၊ ဝိနည်းတော်အပိုင်းတွင်သာ အနက်အဓိပ္ပါယ်ဖွင့်ဆို လိုက်နာမှု၌သာ အနည်းငယ် ကွဲလွဲမှုရှိကာကွဲပြားသွားကြသည့် သံဃာတော်များသည်မိမိတို့၏ ဆရာအစဉ်အဆက်အားဖြင့်ဂိုဏ်းများ အဖြစ်တည်ရှိ ခဲ့ခြင်းဖြစ်ပါသည်။ အယူဝါဒ ကွဲပြားခြင်းမဟုတ်ပါ ။             သာမာန်အားဖြင့် သံဃာအားလုံး သာရေး နာရေး သာသနာရေးများတွင် အတူတကွ ပါဝင်ဆောင်ရွက်ကြသည်သာဖြစ်ပါသည်။ သံဃာ့ တာဝန် ခွဲဝေမှုရှိသည့်အပိုင်းတွင်သာ သက်ဆိုင်ရာဂိုဏ်းကျောင်းအလိုက် စီရင်ဆုံးဖြတ်ကြပါသည် ။ ပေါင်းတည်မြို့ တွင် ဂိုဏ်းအလိုက် တာဝန်ယူဆောင်ရွက်သော ထင်ရှားသည့် ကိစ္စတခုမှာ သီတင်းကျွတ်လပြည့်ကျော်(၁)ရက် ဝါကျွတ်ဆွမ်းသိမ်းပွဲတွင်တွေ့မြင်နိုင်ပါသည်။ မြို့ပေါ်သို့ ဆွမ်းဆန်စိမ်းအလှူခံကြွရာတွင် ဂိုဏ်းအလိုက် ကျောင်းများစာရင်းပြုစု၍ သံဃာများကိုပင့်လျှောက်ကြရပါသည်။ ဆွမ်းခံကြွနေချိန်တွင်လည်း သက်ဆိုင်ရာ ဂိုဏ်းအုပ်ဆရာတော်များက မိမိတို့ဂိုဏ်းအလိုက် ကြွချီသောသံဃာများမှန်ကန်မှုရှိမရှိ လမ်းမှဖြတ်၍ စစ်ဆေးပေးကြရပါသည်။      ဤတွင် စစ်ဆေးကြပ်မတ်ပေးရသော ဂိုဏ်းအုပ်ဆရာတော်များတွင် သုဓမ္မာဂိုဏ်း နှင့် မဟာဒွါရ ဂိုဏ်းအပြင် မင်းကျောင်း ဂိုဏ်း ဟူ၍ ဆရာတော် တစ်ပါး ပါဝင်ပါသည် ။ ဤသို့ဆိုလျှင် မင်းကျောင်းဂိုဏ်း သည် မည်သို့ဖြစ်ပေါ်လာသည်ဆိုခြင်းကိုလေ့လာသောအခါ မင်းကျောင်း ဆရာတော်မှ ယခုလိုရှင်းပြခဲ့ပါသည်။  
    ✾ ●•۰ မင်းကျောင်းစတင်ပြီး တည်ထောင်ခဲ့ပုံက နဲနဲဆန်းတယ် …       ပေါင်းတည်မြို့ အရှေ့ဘက် သံသပ်စမ်း ရွာ (သနပ်စမ်း ဟုအသံထွက်ပါသည်)မှ ရှင်ပြုအလှူမင်္ဂလာပွဲတစ်ခုတွင် ရေစက်ချတရားချီးမြှင့်ရန် ထိုစဉ်က သာသနာပိုင်ဆရာတော်၏ တပည့်လက်ထောက်ဖြစ်တော်မူသော ဆရာတော် ဘဒ္ဒန္တ သုန္ဒြ အရှင်သူမြတ်ကို ပင့်ဖိတ်လျှောက်ထားရာ ဆရာတော်လည်း သံသပ်စမ်းရွာသို့ ကြွရောက်ခဲ့ပါသည်။ ကံကြမ္မာ အကြောင်း ဖန်တီးချက် ရက်စက်ပုံက နံနက် ရှင်လောင်းယူတော့မည့်စဲစဲ အကြိုညမှာပင် မောင်ရင်လောင်းများ မတော် တဆ ဆုံးပါးခဲ့ကြရသည်ဟု ဆို၏ ။ ဤသို့ ထိပ်လန့်ကျေကွဲဘွယ်ဖြစ်ရပ်ကြောင့် အလှူရှင်မိသားစုမှာ ရူးမတတ် သောကဗျာပါဒ များလောင်မြိုက်သဖြင့် ကြွရောက်လာသောဆရာ တော်ကိုလည်း မပြန်ပါနှင့်အုံးဟု အားကိုးတကြီး တောင်းပန်လျှောက်ထားရာ ဆရာတော်လည်း မပြန်နိုင်ပဲ ဒါယကာများ အားတရားရေအေးဖြင့် ငြိမ်းအေးစေခြင်းငှါ သံသပ်စမ်းမှာပင် ဆက်၍ သီတင်းသုံးနေထိုင်တော်မူခဲ့ပါသည်။ ရက်ကြာလေသောအခါ ပေါင်းတည်မှ တိုက်သူကြီးက ဆရာတော်အား တောရွာတွင် သီတင်းသုံးနေစေခြင်းသည် အလွန် အားနာစရာကောင်းလှပေသည်။ သို့ပါ၍ ပေါင်းတည်မြို့ပေါ်တွင် ကျောင်းဆောက်လှူဒါန်းပြီးသီတင်းသုံးတော်မူနိုင်ရန်စီစဉ်ဆောင်ရွက်ကာ သံသပ်စမ်းရွာမှ လှမ်း၍မြင်နိုင်သောနေရာတွင် မြင်နိုင်လောက်အောင်အမြင့်ရှိ ဘုံပျံပြဿဒ်နှင့်ကျောင်းဆောင်ကြီးဆောက်လုပ်ကာ လှူဒါန်းလေသည်။ ဆရာတော်လည်း တိုက်သူကြီး လှူဒါန်းသောကျောင်းတွင် သီတင်းသုံးကျောင်းထိုင်တော်မူလေ၏ ။ဤသို့ ဆရာတော် ဘဒ္ဒန္တ သုန္ဒြ အရှင်သူမြတ် စတင်ကျောင်းထိုင်ချိန်မှာ မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ်ဖြစ်သည်ဟု မှတ်တမ်းတွေ့ရပါသည်။ ဆရာတော်သည် မူလကပင် သာသနာပိုင်ဆရာတော်နှင့် အနီးကပ်နေခဲ့ရသော တပည့်လက်ထောက်ဖြစ်ခဲ့သောကြောင့် ထိုအချိန်က ပေါင်းတည်မြို့ တွင်ပေါ်ပေါက်သော သာသနာကိစ္စ ၊ သံဃာကိစ္စ တို့တွင် သက်ဆိုင်ရာ ဂိုဏ်းကျောင်းအသီးသီးကပြေလည်အောင်ရှင်းမရသော သာသနာပိုင်ထံတင်ပြအဆုံးအမ ခံယူရန်လိုအပ်သောကိစ္စ တို့ကို လွယ်ကူ သက်သာစွာဆောင်ရွက်နိုင်ရန် သာသနာပိုင်ဆရာတော်က သူ့ကိုယ်စား စီရင်ဆုံးဖြတ်ခွင့် ကို အမိန့်စာချွန်ထုတ်၍ ပေးအပ်ခဲ့သည် ။ ထိုအခါမှစ၍ မင်းကျောင်း ပထမ ဆရာတော်ကြီး ဘဒ္ဒန္တ သုန္ဒြ မထေရ်သည် သာသနာပိုင်က ခန့်ထားသော ဂိုဏ်းချုပ် အဖြစ် ရောက်ရှိခဲ့ပါသည် ။ ထို့ကြောင့် မင်းကျောင်းသည် ပေါင်းတည်မြို့ တွင် ဒေသဆိုင်ရာ စီရင်ဆုံးဖြတ်ခွင့်  ဂိုဏ်းကျောင်းအဖြစ် စတင်ပေါ်ပေါက်ခဲ့သည်ဟု သိရပါသည် ။ တစ်နိုင်ငံလုံး အတိုင်းအတာတွင်မူ မင်းကျောင်းသည် သုဓမ္မာဂိုဏ်းဝင်ဖြစ်ပါသည်။ နောင်အခါ ဆရာတော်ကြီးမရှိတော့သော်လည်း ဆရာတော်၏ တပည့်ရဟန်းများ ကျောင်းထိုင်သည့် ကျောင်းများကို စုရုံး၍ မင်းကျောင်းဂိုဏ်း ဟုသတ်မှတ်ကာ ယနေ့ထက်တိုင် သာသနာ တာဝန်များကို အခြားဂိုဏ်း များနှင့်အတူ ပါဝင်ထမ်းရွက်လျှက်ရှိပါသည်။ ပထမ ဆရာတော်ကြီး ဘဒ္ဒန္တ သုန္ဒြ အရှင်သူမြတ်ကို သာသနာပိုင်မှ တာဝန်ပေးအပ်သော အမိန့်စာချွန်မူရင်းကို ပြန်လည်ကူးယူဖေါ်ပြပေးလိုက်ပါသည်။ မူရင်းပေရွက်ပဲ့ပြတ်နေသောအစွန်းဘက်က စာအနည်းငယ် ပါသွားသည်ကိုတွေ့ရပါသည်။ ပေါ်လွင်သည့်စာများအတိုင်းသာကူးယူဖော်ပြအပ်ပါသည်။ 

























 ( ❂  )ပုံသည် ပေရွက်ပေါ်တွင်ခတ်နှိုပ်ထားသော အသားတံဆိပ်ပါရှိကြောင်း သ‌င်္ကေတပြထားခြင်းသာဖြစ်ပါသည်။ 

❂ နာဂိန္ဒာဘိဓဇ မဟာဓမ္မရာဇာ ဓိရာဇာဂုရု ❂ 
  (ရှေ့ပထမစာကြောင်း)       ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော သဗ္ဗညုမြတ်စွာဘုရားသာသနာတော်ကို အသျှင်မဟာကဿပအစရှိသော သင်္ဂါယနာတင် သာသနာပြုမထေရ်မြတ်တို့ကဲ့သို့ မဆုတ်မယုတ်အဓွန့်ရှည်စွာဖြစ်ထွန်း စည်ကား တိုးပွါးရှိအောင် ဆောင်ရွက်ပြုစုတော်မူသော သာသနသောဓကမဟာသံဃရာဇာသာသနာပိုင်ဆရာတော် …
     (ရှေ့ဒုတိယစာကြောင်း)     သာသနာမှုများကိုပြုစုဆောင်ရွက်စိမ့်မည့် သာသနာပြုအဖြစ်ဖြင့် လွှဲအပ်ခန့်ထားတော်မူသော သာသနာပြုဆရာတော်တို့ အမိန့်တော်ရှိသည်သာသနာပိုင် ဆရာတော်ဘုရားကြီး လွှဲအပ်တော်မူသည့်အတိုင်း သာသနာမှုများကို ကြည့်ရှုရမည်ဖြစ်သည်နှင့်အညီ ပြည်မြို့ဒိစတြိတ်ပေါင်းတည်မြို့နယ် လေးရပ်ရှစ်ရပ်သတ်မှတ်သည့်အတွင်း သီတင်းသုံးနေထိုင် … 
    (နောက်ကျော ပထမစာကြောင်း)    သာသနာရေးသာသနာမှုနှင့်စပ်သည်များကို ဝိနည်းဓမ္မကံနှင့်အညီ ဆင့်ဆိုဆုံးဖြတ်စီရင်စိမ့်မည့် ဂဏစရိယ ဂဏပါမောက္ခ ကမ္မာကမ္မဝိနိစ္ဆကအဖြစ် ဖြင့် သက္ကရာဇ် ၁၂၆၉ ခု နတ္တော်လဆုပ် ၁၄ ရက်နေ့ ဂိုဏ်းအုပ် ဂိုဏ်းထောံတို့ဆင့်ဆိုဆုံးဖြတ်စီရင်သည်များကို မပြီးမပြေရှိလျှင် ဆင့်ဆိုဆုံးဖြတ်စီရင်စေရန်ပေါင်းတည်မြို့ မင်းကျောင်း ရှင်သုန္ဒြဂိုဏ်းချုပ်ခန့်အပ်တော်မူသည် ၎င်းဂိုဏ်းချုပ်ကပေါင်းတည်မြို့ဂိုဏ်းဝင် သမဂ္ဂသံဃာတို့ကို ဝိနည်းဓမ္မကံနှင့် …
   (နောက်ကျော ဒုတိယစာကြောင်း)    သံဃာတို့လည်း ဂိုဏ်းချုပ်ရှင်သုန္ဒြဝိနည်းဓမ္မကံနှင့်အညီ ဆင့်ဆိုဆုံးမရာနာခံ၍ဂန္ဓာဓူရ ဝိပဿနာဓူရ တရားနှစ်ပါး ကိုပွါးများအားထုပ်ကျင့်ကြံနေထိုင်ကြစေ …

  ☢ ဤဖော်ပြချက်တွင်ပါရှိသော သံသပ်စမ်းရွာ မှအလှူရှင် ၊ ပေါင်းတည်မြို့ မှတိုက်သူကြီး ၊ ဖြစ်စဉ် တို့ကို ခိုင်လုံသော အထောက်အထား ရှာဖွေနေစဲဖြစ်ပါသည်။ ☢

 [ ကိုးကား > ပေရွက် အမိန့်စာချွန်တော် ၊ ယခုလက်ရှိ စတုတ္ထ မြောက်ကျောင်းထိုင်ဆရာတော် ဦးဇောတိက ၏ ပြောပြချက် ။ ]   

๑۩▣۩๑ ပေါင်းတည်မြို့နန်းဦးကျောင်း ๑۩▣۩๑

( 23 - May - 2015 က Zawgyi font ဖြင့်ရေးတင်ခဲ့တဲ့ Blog Post ကို Unicode ဖြင့်ပြန်ရေးခြင်း ဖြစ်ပါတယ်။)



   အထက်တန်းကျောင်းကြီးက လှမ်းကြည့်လိုက်လျှင် ကျောင်းနောက်ဘက် လယ်ကွင်းတွေရဲ့ဟိုးတဖက်မှာ အုတ်တံတိုင်းရှည်ကြီးနှင့် အဝင်မုခ်ဦးမှာ နန်းဆောင် ဘုံပြဿဒ် နှင့် နန်းဦးကျောင်းကို လှမ်းမြင်နေရသည်။ အမည်နှင့်လိုက်အောင် နန်းတော်မြို့ရိုး မြို့တံခါး လို ပုံစံတူ၏။ အပင်ကြီးများ အုပ်အုပ်ဆိုင်းဆိုင်းဖြင့် မြင်ရုံနှင့် အေးချမ်း၏ ။ နန်းဦးကျောင်းလမ်းသည် အထက ကျောင်းနောက်ဘက်ကဖြတ်၍ ရန်ကုန်ပြည် လမ်းမကြီးကို လှေဆိုင်ချောင်းတံတားထိပ်မှာဆုံ၏ ။ ဟိုဘက်ထိပ်ကတော့ ၁၈ လမ်းနှင့် တည့်တည့်အရှေ့လမ်းကိုဆုံ၏ ။ မြို့၏အရှေ့တောင် ဘက်လောက်တွင် နန်းဦးကျောင်းတည်ရှိ၏ ။ ကျောင်းဝင်း ကျယ်ပြီး သစ်ပင်ကြီးများ အုပ်ဆိုင်းနေသည်။ မဟာဒွါရ ဂိုဏ်းဝင်ဖြစ်ပြီး မြို့နယ်၏ ဂိုဏ်းကျောင်းဖြစ်၏။ ကျောင်းဝင်းထဲမှာ ကတ္တီပါသီးပင် ၊ သကြားသီးပင် ၊ တမာပင် ၊ သရက်ပင် ၊ စသည်ဖြင့် အပင်ကြီးမျိုးတွေစုံလှသဖြင့် ဥယျာဉ်ကြီးသဖွယ် ဖြစ်နေသည်။ အများသုံး ရေတွင်းကြီး ၂ တွင်းမှာ မြို့သူမြို့သားတို့ အားထား ခဲ့ရသည့်ရေအလွန်အောင်ပြီး ရေချိုထွက်သည့် ရေတွင်းကြီးများဖြစ်၏ ။ရေတွင်းကြီးအနီးတွင် တမာချိုပင်ကြီးလည်းရှိ၏။ကျောင်း၏ အနောက်ဘက်တွင် ရေကန်ကြီးတစ်ကန်ရှိ၏ ။ ကျောင်းဝင်းထဲတွင် စေတီ ၊ တံခွန်တိုင် ၊ ခေါင်းလောင်း တို့လည်းရှိ၏ ။   


    ကျောင်းတိုက်ကိုစတင်တည်ထောင်ခဲ့သော ဆရာတော်ကြီးဦးသာဂရမှာထိုခေတ်က ထင်ရှားသော စာပေကျမ်းဂန်တတ် မင်းဆရာ ဘုန်းတော်ကြီးတစ်ပါးဖြစ်လေသည်။        ဆရာတော်လောင်းလျာကို ပေါင်းတည်မြို့ နွယ်ချို ၂ ရပ်ကွက် အဖ ဦးရွှေအုပ် ၊ အမိ ဒေါ်မင်းနော် တို့မှ ၁၂၁ဝ-ခုနှစ် ပြာသိုလပြည့်ကျော် ၁၁ ရက် သောကြာနေ့တွင် ဖွားမြင်တော်မူ၍ မောင်းထောင်ကျောင်းဆရာတော်ကြီးဦးဇိန ထံတွင် ကျောင်းအပ်ပညာသင်ကြားခဲ့သည်။ ထို့နောက် ကျောင်းအမကြီးဒေါ်ဆိုင်းက ရှင်သာမဏေအဖြစ် သွပ်သွင်းချီးမြှောက်ပြီး သံသပ်စမ်းရွာမှ ဦးစိမ်း+ဒေါ်ဌေး တို့က မိဘများထံခွင့်တောင်း၍ မောင်းထောင်ကျောင်းဆရာတော်ကြီး ဦးဇိန ကို ဥပဇ္ဈာယ်ပြုပြီး မြင့်မြတ်သောရဟန်းအဖြစ်သို့ ချီးမြှောက်ခဲ့ပါသည်။ ရဟန်း ၂ ဝါတွင် မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် ဆရာတော်ဦးဇာဂရ ထံတွင်ပညာဆက်လက်သင်ကြားခဲ့သည်။ စာပေထူးချွန်သဖြင့် စာချ ဆရာတော် တစ်ပါးဖြစ်လာခဲ့သည် ။ထိုအချိန်တွင် သီပေါဘုရင် ကိုးကွယ်သော နန်းဦးဆရာတော် ပျံလွန်တော်မူ၍ ဒက္ခိဏာရာမ ဆရာတော်ထံ ကိုးကွယ်ရန် ဆရာတော်တစ်ပါးလျှောက်ထားရာ စာချဆရာတော် ငါးပါးအနက် ဆရာတော်ဦးသာဂရ ကို နန်းဦးကျောင်း၌ သီတင်းသုံးရန် ရွေးချယ်ပင့်လျှောက်သဖြင့် သီပေါဘုရင်၏ နန်းဦးဆရာတော်အဖြစ်ရောက်ရှိခဲ့ပါသည်။ ထိုစဉ်က သီပေါဘုရင်က ဆရာတော်ဦးသာဂရကို သိရီပဝရ မဟာဓမ္မရာဇာဓိရာဇာဂုရု ဘွဲ့ ဆက်ကပ်ခဲ့ပါသည်။ ၁၂၄၇-ခုနှစ်တွင် သီပေါဘုရင်ပါတော်မူပြီးနောက် ဆရာတော်သည် အောက်ပြည်အောက်ရွာ သို့ပြောင်းရွှေ့ကာ မော်လမြိုင်မြို့တွင် ၁ ဝါခန့်သီတင်းသုံးခဲ့ပါသည်။ ထို့နောက် ကျန်းမာရေး ချို့ယွင်းသဖြင့် ဆွေမျိုးညာတကာတို့၏လျှောက်ထား တောင်းပန်မှုကြောင့် ပေါင်းတည်မြို့သို့ပြန်လည် ကြွရောက်ကာ (၁၂၄၈-ခုနှစ်)တွင် နန်းဦးကျောင်းတိုက်ကို စတင်တည်ထောင်ခဲ့ ပါသည်။ ဒေါက်တာဘမော် အစိုးရလက်ထက်တွင် နိုင်ငံတော်သြဝါဒစရိယ လက်မှတ် ဆက်ကပ်ခြင်း ခံခဲ့ရပါသည်။ ဆရာတော်သည် သက်တော် ၅ဝ အထိ ပရိယတ္တိသာသနာပြုလုပ်ငန်းများကို ဆောင်ရွက်တော်မူ၍ ထိုမှနောက်တွင် စာသင်တိုက် စီမံအုပ်ချုပ်မှုတာဝန်များကို တပည့် ဦးဥက္ကံသ နှင့် ဦးပညာသီရိတို့အားလွှဲအပ်ကာ မိမိအတွက် ဝိပဿနာဓူရ ပဋိပတ္တိ အလုပ်ကိုအားထုတ်လျှက် သက္ကရာဇ် ၁၃ဝ၆-ခုနှစ် ကဆုန်လဆန်း ၁ဝ ရက် အင်္ဂါနေ့ သက်တော်(၉၆)နှစ် ဝါတော် (၇၆)ဝါ တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည်။   
      ပထမဆရာတော်ပျံလွန်တော်မူပြီးနောက် ဒုတိယမြောက် နန်းဦးကျောင်းဆရာတော် ဦးဉေယျဓမ္မ ကဆက်လက်ကျောင်းထိုင်ခဲ့ပါသည်။ ဆရာတော်ကြီးသည် ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင် ၊ အင်္ဂပူမြို့ ၊ ခြောက်ရွာ ဇာတိဖြစ်သည်။ အဖ ဦးပန်းဖူး + အမိ ဒေါ်မြစ်တို့မှ ၁၂၅၉-ခုနှစ် ပြာသိုလပြည့်ကျော် ၁၂ ရက် အင်္ဂါနေ့တွင်ဖွားမြင်ခဲ့ပါသည်။ အသက် ၁၂ နှစ်တွင် ရှင်သာမဏေဖြစ်၍  အသက် ၂ဝ ပြည့် ၁၂၇၉-ခုနှစ်ပြာသိုလပြည့်ကျော် ၁၂ ရက် နံနက် ၉ နာရီတွင် ဟင်္သာတမြို့ ဘုရားကြီးတိုက် ခဏ္ဍသိမ်၌ အဂ္ဂမဟာပဏ္ဍိတ ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘုရားကြီးဆရာတော် ဘဒ္ဒန္တ ရိဒ္ဒ မထေရ်မြတ်ကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ နန်းဦးကျောင်းပထမ ဆရာတော် ဦးသာဂရ ထံတွင် ပညာသင်ယူခဲ့ဘူးသည့်တပည့် ဖြစ်ခဲ့ဘူး၍ ပထမဆရာတော်လွန်ပြီးနောက် နန်းဦးကျောင်း ဒုတိယ ဆရာတော်ဖြစ်လာခဲ့ပါသည်။ ၁၃၅၁-ခုနှစ် တပေါင်းလပြည့်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အစိုးရမှ အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ဆက်ကပ်ခဲ့ပါသည်။ ၁၃၅၇-ခုနှစ် တပို့တွဲလဆန်း ၆ ရက်နေ့ သက်တော်(၉၉)နှစ် ဝါတော် (၇၉)ဝါတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည်။   
       ထို့နောက် နန်းဦးကျောင်း တတိယ ဆရာတော်အဖြစ် ဦးယုဂန္ဓရ မထေရ်မြတ်က ဆက်လက်ကျောင်းထိုင်ခဲ့ပါသည်။ ဆရာတော်သည် ပေါင်းတည်မြို့ ၊ မြို့ကြီးရွာ ဇာတိဖြစ်ပြီး အဖ ဦး ပုဝိုင်း+အမိ ဒေါ်ပေါ တို့မှ ၁၂၇၄-ခုနှစ် တန်ခူးလပြည့်ကျော် ၅ ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားငါးဆူရွာ ကန်ဦးကျောင်း ဆရာတော်ဦးဥက္ကံသထံတွင် ရှင်သာမဏေဖြစ်ခဲ့ပြီး ၁၂၉၄-ခုနှစ် နယုန်လဆုတ် ၃ ရက် နံနက် ၉ နာရီအချိန် ပင်ကတောကျောင်းဆရာတော် ဘဒ္ဒန္တ ကဝိန္ဒ ကို ဥပဇ္ဈာယ်ပြု၍ ပင်ကတောကျောင်း ခဏ္ဍသိမ်၌ မြင့်မြတ်သောရဟန်းအဖြစ်ရောက်ရှိခဲ့ပါသည်။ မြို့ကြီးရွာမှ ဦးထွန်းခင်+ဒေါ်ဖွားခင်တို့က ပစ္စယာနုဂ္ဂဟ ရဟန်းဒါယကာအဖြစ် ကုသိုလ်ပြုခဲ့ပါသည်။ ပေါင်းတည်မြို့ နန်းဦးကျောင်းတိုက်တွင် သက်တော် ၃၄ နှစ် ရဟန်း ၁၄ ဝါ မှစ၍ တိုက်အုပ်စာချဆရာတော်အဖြစ် ပထမငယ် ၊ ပထမလတ် ၊ ပထမကြီး စာဝါများကိုပို့ချခဲ့သည်။ ဆရာတော်သည် ဝိနည်းအရာ၌ အလွန်အလေးထား စောင့်ထိမ်းကြောင်းသိရပါသည်။ ၁၃၇ဝ-ခုနှစ် တပို့တွဲလပြည့်ကျော် ၃ ရက် သက်တော် (၉၇) နှစ် သိက္ခာတော်(၇၈)ဝါတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည်။   
      ထို့နောက် နန်းဦးကျောင်း စတုတ္ထ ဆရာတော် အဖြစ် ဦးမာဃိန္ဒ မထေရ်က ဆက်လက်ကျောင်းထိုင် ခဲ့ရာ ယနေ့ ၁၃၇၇-ခုနှစ်အထိကျောင်းတိုက်ကို စီမံအုပ်ချုပ်လျှက်ရှိပါသည်။ ဆရာတော်သည် ပေါင်းတည်မြို့ ၊ ခေမံရွာ ဇာတိဖြစ်၍ အဖ ဦးကျော်စိန် + အမိ ဒေါ်လှခင်တို့မှ ၁၂၉၇-ခုနှစ် ဝါဆိုလဆန်း(၁၁)ရက် ကြာသပတေးနေ့တွင် ဖွားမြင်တော်မူခဲ့ပါသည်။ (၁၃၁၈-ခုနှစ်) ဝါဆိုလဆန်း (၄) ရက် ဗုဒ္ဓဟူးနေ့တွင် ပင်ကတော ကျောင်းဆရာတော် ဦးကဝိန္ဒကို ဥပဇ္ဈာယ်ပြု၍ ပေါင်းတည်မြို့ တာပွန်လမ်း ရဟန်းအမ ဒေါ်ညိမ်းမယ် နှင့် မိဘ နှစ်ပါး၏ ပစ္စယာနုဂ္ဂဟ ကိုခံယူကာ နန်းဦးကျောင်းတိုက် ခဏ္ဍသိမ်၌ မြင့်မြတ်သောရဟန်းအဖြစ်ရောက်ရှိခဲ့ပါသည်။ ဆရာတော်သည် ပါဠိပဌမပြန်စာမေးပွဲ ပထမငယ်၊ပထမလတ်၊ပထမကြီး၊စာချတန်းတို့ကို အောင်မြင်တော်မူခဲ့ပါသည်။ ညောင်တုန်းမြို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သုဓမ္မာပရိယတ္တိ ပဌမပြန်စာမေးပွဲ အလတ်တန်း အကြီးတန်းတို့ကို လည်း  ပထမဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပါသည်။ နန်းဦးမဟာဒွါရဝိနယာဓိက စာမေးပွဲ၌ ရှင်ကျင့်ဝတ်ဘိက္ခုပါတိမောက် ဘိက္ခုနီပါတိမောက် မူလသိက္ခာတန်းတို့ကို အသီးသီး ပထမ၊ဒုတိယ၊ပထမ၊ပထမ ဂုဏ်ထူးဖြင့် အောင်မြင်တော်မူခဲ့ပါသည်။ ယနေ့ထိ စာသင်တိုက် စာသင်သံဃာများကို စာဝါများပို့ချပေးလျှက် သာသနာတာဝန်များကိုထမ်းရွက်လျှက်ရှိပါသည်။       ပေါင်းတည်မြို့ နန်းဦးကျောင်းတိုက်သည် ခေတ်အဆက်ဆက် သာသနာပြုဆရာတော်ကြီးများ စီမံအုပ်ချုပ် စောင့်ရှောက်ခဲ့သဖြင့် ယနေ့တိုင် ပရိယတ္တိစာသင်တိုက်အဖြစ်ဆက်လက်တည်ရှိနေပါကြောင်း မှတ်တမ်းပြုစု ဖော်ပြလိုက်ရပါသည်။       
       ۞ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ۞        

Wednesday, October 30, 2019

ပေါင်းတည်ဘုရားကြီးဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ပုညာဘိဓဇမဟာထေရ်

( 17 - June - 2016 ) တွင် Zawgyi font နှင့် ရေးတင်ခဲ့သော Blog post ကို Unicode ဖြင့် ပြန်ရေးတင်ခြင်းဖြစ်ပါသည်။

☉  ဒက္ခိဏာရာမသာသနာဝင် ☉  
  ❈ ဒက္ခိဏရာမအနွယ် ❈    
  ❉ ပေါင်းတည်ဘုရားကြီးဆရာတော် ❉  
 ✺ အဂ္ဂမဟာပဏ္ဍိတ အရှင်ပုညာဘိဓဇ ✺  

       ပေါင်းတည်မြို့ဘုရားကြီးတိုက် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘုရားကြီး   အရှင်ပုညာဘိဓဇ သည် မန္တလေးမြို့  ဒက္ခိဏာရာမ ဘုရားကြီး တိုက်၌ စာပေလေ့လာသင်ကြား တတ်မြောက်တော်မူခဲ့ပါသည်။ သို့ဖြစ်၍ ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိကို အရှင်ကေသဝ ရေးသားပြုစုတော်မူသော မန္တလေးသာသနာဝင် စာအုပ် ဤ ဒက္ခိဏာရာမ သာသနာဝင်အခန်း၌ ထည့်သွင်း ဖော်ပြထားပါသည်။         ဆရာတော်သည် ပြည်ခရိုင် သဲကုန်းမြို့နယ် စလင်္ဂသူတိုက် အုတ်တောခေါ် ပရှင်းရွာ၌ အဖဦးဆိုး - အမိဒေါ်ဦး တို့မှ ၁၂၃၁- ခုနှစ် ဒုတိယ ဝါဆိုလဆုတ် ၆-ရက် ကြာသပတေးနေ့တွင် ညဥ့် ၄- နာရီအချိန် ဖွားမြင် တော်မူသည့် တတိယသား ရတနာဖြစ်၏။          သက်တော် ၁၃-နှစ်သားအရွယ်တွင် ရွာကျောင်းဆရာတော်ထံ၌ ရှင် သာမဏေဝတ်၍ သက်တော်၂၀ ပြည့်မြောက်ရာ ၁၂၅၀-ပြည့်နှစ် သီတင်း ကျွတ် လဆုတ် ၅-ရက်နေ့တွင်  သဲကုန်းမြို့နယ် စလင်္ဂသူတိုက် လင်လင့် ကန်ရွာ ဥသျှစ်ပင် ကျောင်းတိုက် ခဏ္ဍ သိမ်တော်၌  ဆရာတော် ဦးဂန္ဓမာ ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ရောက်တော်မူသည်။            ပိဋကတ်အရာ၌ကျွမ်းကျင်တော် မူကြသောရန်ကုန်မြို့ ကြည့်မြင်တိုင် ဗားကရာ တိုက် နာယက ပဉ္စမသံဃာယနာတင် မင်းတုန်းမင်းတရားကြီး လက်ထက် ပဌမ စာတော်ပြန်ဆရာတော် အရှင်အာစာရ၊ မန္တလေးမြို့ တောင်ပြင် ဒက္ခိဏာရာမ ဘုရားကြီးတိုက်ဆရာတော် အရှင်အာစာရ၊ မိုင်းခိုင်ဆရာတော်အရှင်ပဏ္ဍိတ၊ ကျီဝန်ဆရာတော် အစရှိသောဆရာ တော်အရှင်မြတ်တို့ထံ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ ကျမ်းများကိုသင် ယူတတ်မြောက်တော်မူခဲ့သည်။     
        ဆရာတော်သည်စာပေကျွမ်းကျင်တတ် မြောက်ပြီးနောက် ရန်ကုန် မြို့ ကြည့်မြင်တိုင် ဗားကရာ တိုက်နှင့် သဲကုန်းမြို့နယ်ဆီးကုန်း ကျောင်းတိုက် များ၌  သီတင်းသုံး၍ နေ့ဝါ ညဝါ စာပေပို့ချ  သာသနာပြုတော်မူခဲ့သည် ။ ၎င်းပြင် ခရစ်နှစ် ၁၉၂၄ - ခုနှစ်တွင်  ပေါင်းတည်မြို့၌  သဒ္ဓမ္မဇောတိကာရုံ ဘုရားကြီးကျောင်း တိုက်ကြီးကို တည်ထောင်၍ ၂၅ -နှစ်ကျော် နေ့ဝါ ညဝါ စာပေပို့ချတော် မူခဲ့သည်။ ဆရာတော်၏ ကြိုးပမ်းမှုကြောင့် တပည့်ရဟန်း များ များစွာပေါ်ထွန်းခဲ့သည် ။ ၁၃၀၈-ခုနှစ် နယုန်လဆန်း ၂-ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသည့်တောင်တန်းသာသနာပြုဂိုဏ်းပေါင်းစုံမဟာသံဃ အဖွဲ့ချုပ်ကြီး၏သဘာပတိ အဖြစ်ဖြင့်၎င်း၊ပေါင်းတည်မြို့နယ်သုဓမ္မာဂိုဏ်းဝင် သံဃာတော်များ၏ ဦးစီးနာယက ဂိုဏ်းချုပ် အဖြစ်ဖြင့်၎င်း၊ နိုင်ငံတော်ဩဝါဒစရိယ အဖြစ်ဖြင့်၎င်း၊ ဆောင်ရွက်တော်မူခဲ့လေသည်။   ၎င်းပြင်….(၁) ဓမ္မဝိဘာဂဒီပကကျမ်း          (၂) တာသနောတာရကျမ်း     (၃) ဓမ္မမဂ္ဂဒီပနီကျမ်း-တို့ကိုလည်း ပြုစီရင်တော်မူခဲ့သည်။      ဖော်ပြပါဆောင်ရွက်ချက်တို့ကြောင့် ၁၃၁၅-ခုနှစ်တွင် နိုင်ငံတော်အ စိုးရက ဆက်ကပ်လှူဒါန်း သည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အ လှူခံရရှိတော်မူခဲ့လေသည်။ သက်တော် (၈၇) နှစ် ဝါတော် (၆၇)ဝါ ရရှိရာ ၁၃၁၇-ခုနှစ်ပြာသိုလဆန်း(၇)ရက်နေ့တွင်ဘဝနတ်ထံပျံလွန်တော်မူသည်။ နာမည်ကျော်ပြည်မြို့ ဇောတိကာရုံကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံ ဆိပ်တော်ရ ဆရာတော်အရှင်တေဇနိယသည် ဖော်ပြပါဆရာတော်ဘုရား ကြီး အရှင်ပုညာဘိဓဇ ၏ တပည့်ဖြစ်သည်။  ပုညာဘိဓဇ တ္ထေရောဟိ ၊ ပုညဝါ ဇိန သာသနေ။  ပုညံ ကမ္မံ ကရိတွာန၊ ပယာတော မစ္စုနော မုခံ။

  ✺ (မန္တလေးသာသနာဝင် ဒုတိယတွဲ အရှင်ကေလာသ စာ-၄၅၇) ✺  

✱ ပေါင်းတည်မြို့ ဘုရားကြီးတိုက် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွါးတော်ကြီး ✱ 


( 28 - June - 2016 ) တွင် Zawgyi font ဖြင့်ရေးတင်ခဲ့သော Blog post ကို Unicode ဖြင့်ပြန်လည်ရေးသားပြီး တင်ခြင်းဖြစ်ပါသည်။
  



(မြန်မာသက္ကရာဇ် ၁၂၈၂-ခုနှစ်တွင်တည်ထားသည်)    ပေါင်းတည်မြို့မှ ဘုရား၊ ကျောင်း၊ သိမ်၊ ရဟန်း   ဒါယိကာမကြီး ဒေါ်ရွက်သည် သံသရာမှ လွတ်မြောက်ရာ မြတ်နိဗ္ဗာန်သို့ ရည်သန် တောင့် တ လျှက် မြို့သူ မြို့သား လူအများတို့ သဒ္ဓါကြည်ရွှင် ဖူးမြင်နိုင်စေခြင်းငှါ စကျင်ကျောက်ဖြင့်ထုလုပ်ထားသော လျောင်းတော်မူ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတစ်ဆူကို မန္တလေး မြို့မှ ထုလုပ်၍ မီးရထားဖြင့် ပင့်ဆောင်ကာ ဘုရားကြီးတိုက်အတွင်း တန် ဆောင်းတော်ကြီး တစ်ဆောင်ဆောက်လုပ်ပြီး တည်ထားကိုးကွယ်ခဲ့ပါသည်။         ပေါင်းတည်မြို့ ဘုရားကြီးတိုက်အတွင်း ရှိ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွါး တော်ကြီးကို  မြန်မာသက္ကရာဇ်  ၁၂၈၂-ခုနှစ် တွင် မန္တလေးမြို့မှ မီးရထား ဖြင့် ပင့်ဆောင်လာရာ  ပေါင်းတည် ဘူတာသို့   ဝါခေါင်လပြည့်ကျော်  (၆) ရက် နံနက် ၉ နာရီခွဲတွင် ရောက်ရှိခဲ့ပါသည်။ ဘုရားကြီးတိုက်အတွင်း တန် ဆောင်းတော်ကြီး သို့ ဝါခေါင်လပြည့်ကျော် (၈) ရက် နာရီ ၂ ချက်တီးတွင် စတင်ပင့်ဆောင်ရာ   ဝါခေါင်လပြည့်ကျော် (၁၄) ရက် နေ့တွင် တည်ထား ကိုးကွယ်ရာပလ္လင်ထက်သို့ တင်ဆောင်ပြီးစီးသည်ဟု ကျောက်စာမှတ်တမ်း ရေးထိုးထားသည်ကိုတွေ့ရပါသည်။   လျောင်းတော်မူ ရုပ်ပွါးတော်ကြီး၏ အရွယ်အစားမှာ ဦးခေါင်းတော်လက်ထောက်သည့် တတောင်ဆစ်ကွေးထိပ်မှ ခြေဖျားတော်အထိ အလျား (၂ဝ) ပေခန့် ရှိပါသည်။

✸ ပေါင်းတည်မြို့ လျောင်းတော်မူဘုရားကြီး ၏ မော်ကွန်းကျောက်စာ✸

  သကျနွယ်လာ၊  သွယ်သွယ်ဖြာသား၊ ကြွယ်စွာဂုဏ၊ တုမရ၍၊  သုခ ဘုန်းအင်၊ ဟုန်းဟုန်းထင်လျှက်၊  သုံးခွင်ရှိန်ငွေ့၊  ထိန်ထိန်ဝေ့သည်၊ စိန္တေ့ သတ္ထာ၊  စောမြတ်စွာသည်၊  ဆဓာ ကပ္ပ၊ သကတ်ရတွင်၊ ဘဒ္ဒမည်စွာ၊ ဤ ကမ္ဘာမှ၊ တီတာကာလ၊ ခါသမယ၌၊ စာဂရောင်တင့်၊ပြောင်ပြောင်ပွင့်သည်၊ နောင်ရှင့်ဒီပင်၊ဝစီတင်၍၊ကြည်ရွှင်ဖိတ်ဖိတ်၊ကြာတံဆိပ်ဖြင့်၊ဗျာဒိတ်နှင်းရာ၊ ယင်းအခါ၌၊ လင်းဖြာတေဇော်၊မဂ်ရေတော်ဖြင့်၊ဖွတ်လျှော်ကိလေ၊မရှိစေ၍၊ သိဝေပန်းခိုင်၊လက်လှမ်းကိုင်တို့၊စွမ်းနိုင်တုံသား၊ အဟုတ်ပွါးသည်၊ဘုံသား ဖြာဖြာ၊ သနားညှာကြောင့်၊ ပွါးခါမဂ္ဂင်၊ လက်လက်ထင်သည့်၊ ထက်ခွင်ပူရ၊ မယူချလျှက်၊ဖြူစွစာဂီ၊ပါရမီနှင့်၊အာသီသိတ၊ စရိယကို၊ ဝိရတင်ချွေ၊ ဘဝင် ကြွေမျှ၊ သချေၤလေးဖြာ၊ သိန်းကမ္ဘာဝယ်၊ ယိမ်းခါမယိုင်၊ ထိန်းပါနိုင်ကြောင့်၊ ခိုင်ခိုင်ဦးညွှတ်၊အမှုူးတတ်လျှက်၊ထူးမြတ်ရွှေဉာဏ်၊အခြေသန်၍၊ဝေဘန်ထိုက်စွာ၊မြိုက်ဓမ္မာကို၊ တိုက်ခါကျွေးလှည့်၊ဖွေးဖွေးလဲ့အောင်၊ လေးဆယ့်ငါးဝါ၊တရားဖြာလျှက်၊များစွာလူရှင်၊ဆောင်ယူငင်၍၊ဖြူစင်ချမ်းမြ၊နန်းအမတသို့၊ လှမ်းကြွရှာပြီ၊ပါရမီမှု၊ စာဂီပြုသည်၊ စုစုဝေဏေ၊ များတထွေတို့၊ ပွါးစေ တွေးချီ၊ လေးစေတီကို၊  ဘေရီဟီးမျှ၊  နည်းနည်းပြကြောင့် ၊  ကြီးလှပိမ္ဗာ၊ ထိန်ထိန်ဖြာသည်၊ ရှိန်ဝါပေါင်းယူူ၊ လျှောင်းတော်မူကို၊ ကောင်းသူစိတ်ကြံ အဓိဋ္ဌာန်ဖြင့်၊နိဗ္ဗာန်ပေါ်ထက်၊ပျော်ပျော်တက်မည့်၊ဒေါ်ရွက်မည်ရ၊ကျောင်း အမသည်၊  ပြောင်းကြွလေရာ၊  မသွေပါအောင်၊  ကျေငြာထံစွ၊  မန္တလမှ၊ လျှန်ကြွမြင့်မြောင်၊ပင့်ဆောင်ယူ၍၊လူ့ဘောင်ထွက်ရာ၊သက္ကရာဇ်၊ဧက်.ဒွါ.ဋ္ဌ.ခထ၊ကျအခါတွင်၊ပဘာပြောင်ပြောင်၊လဝါခေါင်ဝယ်၊ခွါရှောင်ခြောက်ရက်၊ ခါနံနက်၏၊  လျှံတက်ဖြာညီ၊  ကိုးနာရီနှင့်၊ ခွဲသည့်ကာလံ၊ ခါသမယံ၌၊ ဖြာ လျှံထင်မော်၊သခင်မော်သည်၊ရွှင်ပျော်ကြည်ဘို့၊ပေါင်းတည်မြို့၏၊စည်ပျို့တူစွာ၊ ရုံဘူတာသို့၊ ပူဇာသဘင်၊ ယူကာဆင်လျှက်၊ ထင်ထင်ညီလာ၊ ကွန့် ချီလာ၏၊  ချီလာချီလာ၊ ဤအခါမှ၊  စီကာစစ်ထွက်၊  ဆုတ်ရှစ်ရက်၏၊ နှစ် ချက်ချိန်မှာ၊  ထိန်ထိန်ဖြာမျှ၊ သိန်ဝါတင့်ပြောင်၊ ပင့်ယူဆောင်၍၊ မြူမှောင် ယှက်မှေး၊ဆုတ်ဆယ့်လေး၌၊ထက်ရှေးအခါ၊ထောင့်နှစ်ရာဖြစ်၊ရှစ်ဆဲ့နှစ်၌၊ ပြီးလစ်ဧကန်၊ဝေဇယန်သို့၊ထွေလျှံကောင်းခြင်း၊တံဆောင်းတွင်းဝယ်၊ခင်းကျင်းဆင်ယဉ်၊မြတ်ပလ္လင်သို့၊သခင်ဘုန်းမြတ်၊နှုံးမအပ်သည့်၊ သုံးရပ် ဆရာ၊ ဘဂဝါသည်၊ မဟာဂရု၊ ခါခါပြုလျှက်၊ သာဓုသတ္တာ၊ အမြတ်ရှာဘို့၊ ကပ်ခါကြွလျင်း၊ ကမ္ဘာချင်းအောင်၊ ဖြာဝင်းမောင်းပြက်၊ လျှောင်းကာစက် ၏၊  ပေါင်းလျှက်သေချာ၊  ထွေရာရာကို၊  ရှေ့စွာကာလ၊ အခါကျက၊  စာဂ မြတ်သူ ၊  နတ်နှင့်လူတို့၊မှတ်ယူစေငှါ၊  စေတနာဖြင့်၊  ထွေရှာကောက်ယူ၊ ကျောက်စာထူသည်၊ နောက်လူသိဘို့၊မော်ကွန်းတည်း ။  ။ ။ ပေါင်းတည်မြို့ ဘုရားဒါယိကာမကြီး ဒေါ်ရွက်၏ ကောင်းမှု ။ နိဗ္ဗာန်ဆု နတ်လူသာဓုခေါ်စေသောဝ်  ။ 

Saturday, October 26, 2019

ပေါင်းတည် အကျဉ်းထောင်

(24 - April - 2015) တွင် Zawgyi font နှင့်ရေးတင်ခဲ့သော Blog post ကို Unicode ဖြင့်ပြန်လည်ရေးတင်ခြင်းဖြစ်ပါသည်။


    `ထောင်´ ဟုဆိုလျှင် ကြားရမြင်ရသူ ဟူသမျှ နှလုံးစိတ်ဝမ်း လန်းရွှင်စရာမဟုတ်ပေ။ ထောင်ရှိသည့် မြို့ကွ ဟုလည်း ဘယ်သူမှ ဂုဏ်ယူမော်ကြွားချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ခေတ်အဆက်ဆက် ထောင် ဆိုတာ ရှိလာခဲ့တာပါပဲ။ ကိုယ်နေတဲ့မြို့မှာ ထောင်ရှိနေပြန်တော့ ထောင် အကြောင်း တစေ့ တစောင်း နဲနဲလေ့လာကြည့်မိတယ်။ ဂုဏ်ယူမော်ကြွားဘို့မဟုတ်ဘဲ သမိုင်းမှတ်တမ်းလေး တစ်ခုအဖြစ်နဲ့ပဲလေ့လာကြည့်မိတယ်။     ပေါင်းတည်မြို့တွင် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိသော အဆောက်အဦများတွင် ပေါင်းတည်ထောင်ပါဝင်ပါသည်။      ခရစ်နှစ် ၁၈၅၂-ခုနှစ်မှ ၁၈၅၃-ခုနှစ်အတွင်း ပုဂံမင်းလက်ထက်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွါးပြီး မြေထဲမြို့မှစ၍ အောက်မြန်မာပြည် တစ်ဝှမ်းလုံး ဗြိတိသျှ ကိုလိုနီအဖြစ်ကျရောက် ခဲ့ရသည်။ ထိုအချိန်မှစ၍ ဗြိတိသျှတို့သည် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား ခိုင်မြဲစွာဆောင်ရွက်နိုင်ရန် အောက်မြန်မာပြည်ကို ရခိုင် ၊ တနင်္သာရီ ၊ ပဲခူး ၊ ဧရာဝတီ ဟု (Division) နယ်မြေဒေသကြီးများ ခွဲ၍ ရုံး ၊ ဂါတ် ၊ ထောင် ၊ ဆေးရုံ ၊ ဈေး များကိုတည်ထောင်ပြီး အုပ်ချုပ်ခဲ့သည်။       ၁၈၆၄-ခုနှစ်တွင် အကျဉ်းထောင်ဌာနကို စတင်ဖွင့်လှစ်၍ ဆေးမင်းကြီး၏လက်အောက်တွင် ထားရှိအုပ်ချုပ်ခဲ့သည်။ ၁၈၇၂-ခုနှစ်တွင် ဆေးမင်းကြီးအုပ်ချုပ်နေရာမှ ထောင်းမင်းကြီးသီးခြား ခန့်ထား၍အုပ်ချုပ်စေခဲ့ပါသည်။       အမှန်တော့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး ရခိုင်နှင့် တနင်္သာရီ ကိုဗြိတိသျှတို့သိမ်းယူးသွားပြီး နောက် ၁၈၂၇-ခုနှစ်ကတည်းက ရခိုင်ပြည်နယ် စစ်တွေ တွင် ဗြိတိသျှတို့ကပထမဆုံး အကျဉ်းထောင်ကို ဆောက်လုပ်ခဲ့ပြီးဖြစ်သည်။      ဤသို့ ဗြိတိသျှ တို့တည်ဆောက်ခဲ့သောအကျဉ်း ထောင်များအနက် ပေါင်းတည်အကျဉ်းထောင်ကို ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲပြီးနောက် ၁၈၇၅-ခုနှစ် တွင်စတင်ဆောက်လုပ်ပြီး ၁၈၇၈-ခုနှစ်တွင်ပြီးစီးခဲ့ပါသည်။ ၎င်းပြီးစီးသည့်နှစ်မှ ၁၉၄၁-ခုနှစ်ထိ အင်္ဂလိပ်အစိုးရက အကျဉ်းထောင် အဖြစ်အသုံးပြုခဲ့ပါသည်။ ၁၉၄၂-ခုနှစ် ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်စခမ်းဖြစ်ခဲ့သည်။  ၁၉၄၅-ခုနှစ် မဟာမိတ်တပ်များပြန်လည်ဝင်ရောက် လာသောအခါ မဟာမိတ်တပ်များက တပ်စွဲထားပြန်သည်။ ထို့နောက် ပေါင်းတည်ထောင်ကို ၁၉၅၂-ခုနှစ်ထိပိတ်ထားခဲ့ပါသည်။ ၁၉၅၂-ခုနှစ်နောက်ပိုင်းတွင် အကျဉ်းထောင်အဖြစ်ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၁-ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင်ရဲတပ်ဖွဲ့သို့လွှဲပြောင်းပေးအပ်ခဲ့ပြန်သည်။ ၁၉၉၃-ခုနှစ်မတ်လ (၁၅)ရက်နေ့တွင်မှ အကျဉ်းဦးစီးဌာနသို့ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီး (ဃ)အဆင့် ထောင်ငယ်ကလေးအဖြစ် တည်ရှိနေပါသည်။      ပေါင်းတည်အကျဉ်းထောင် တည်နေရာမှာ ရန်ကုန်>ပြည် ကားလမ်းဘေး မိုင်တိုင်အမှတ်(၁၄၃)၊ အကွက်ကြီးအမှတ် (၃၆)၊ ပေါင်းတည်မြို့ ဈေး(၁)ရပ်ကွက်တွင်တည်ရှိသည်။       ပေါင်းတည်ထောင်ပုံစံမှာ အလျားလိုက် စတုဂံ ပုံစံဖြစ်သည်။ ဘူး အဝင်ဝကြီးဘေးတွင် ထောင်တာဝန်ခံ ထောင်ပိုင်အိမ်ရှိသည်။ အတွင်းအဝင် Main Jail လမ်းမကြီးလက်ယာ ဘက်၌ စားဖိုကြီးနှင့် အမျိုးသမီးအိပ်ဆောင်ရှိပြီး အုတ်တံတိုင်းကန့်၍ အမျိုးသားအိပ်ဆောင် အမှတ် (၁)ရှိသည်။  Main Jail လမ်းမကြီး၏ လက်ဝဲဘက်၌ ရိက္ခာဂိုဒေါင် ၊ အမျိုးသားအိပ်ဆောင် အမှတ်(၂)ရှိပြီး ထောင်အလယ်ဗဟိုလ်၌ Main Jail ရုံးခန်းနှင့် လက်ဝဲဘက်တွင် တိုက်ခန်းများ လက်ယာအနောက်ဘက်တွင် အလုပ်ရုံများရှိသည်။ ထောင်ပိုင် မြေဧရိယာအကျယ်အဝန်းစုစုပေါင်းမှာ (၂၁.၃၈၁)ဧကရှိပြီး ထောင်တွင်းဧရိယာအကျယ်အဝန်းမှာ (၂.၆၈၁)ဧကသာရှိသည်။ ထောင်ပြင်ဧရိယာမှာ (၁၈.၇)ဧကရှိပါသည်။      ယခုမှတ်စုရေးသည့် ၂၀၁၅-ခုနှစ်ရောက်သည်အထိ ပေါင်းတည်ထောင်မှာ သက်တမ်း (၁၃၇)နှစ်ရှိပြီဖြစ်၍ ထောင်သက်တမ်းတစ်လျှောက် မှတ်တမ်းတင်လောက်အောင် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့ခြင်းမျိုးမတွေ့ရပေ။      ခိုင်လုံသောမှတ်တမ်းမတွေ့ရသော်လည်း ရှေးမီနောက်မီ လူကြီးများပြောပြချက်အရ ပေါင်းတည်အကျဉ်းထောင်တည်ဆောက်ရန် အုတ်များကို ယခု ရန်ကုန်>ပြည်လမ်းမကြီး ဘေး ပြည်ဘက်အထွက် (ရွှေတောင်လမ်း)တွင်ရှိသော ဘဲကန်ကြီး မှမြေတူးယူ အုတ်ဖုတ်ခဲ့ကြောင်းမှတ်သားရပါသည်။ ထို့ကြောင့် ၎င်းဘဲကန်ကြီးသည်လည်း ထောင်သက်တမ်း နှင့်အတူကြာမြင့်ခဲ့ပြီဟု သိရပါကြောင်း ပေါင်းတည်အကျဉ်းထောင် သမိုင်းမှတ်တမ်းကို ရှာဖွေဖော်ပြလိုက်ရပါသည်။      သီးခြား မှတ်ဖွယ်အနေဖြင့် ပေါင်းတည်မြို့ လယ်ရှိ ရပ်ကွက်တစ်ခုဖြစ်သော ဈေး(၁)ရပ်ကွက်တွင် သာသနာဆိုင်ရာ စေတီပုထိုးအနေဖြင့် ပေါင်းတည်ထောင် အတွင်းမှ ဥဒိဿစေတီငယ် တစ်ဆူသာရှိပြီး ထောင်အတွင်းရောက်ဘူးသူများသာ ဖူးတွေ့နိုင်ပါသည်။  :)    [ကိုးကား > မြန်မာနိုင်ငံအကျဉ်းထောင်များ၏ နောက်ခံသမိုင်း (ထောင်မှူးကြီးသိန်းဝင်း)]  

Friday, October 18, 2019

" သေဋ္ဌာရုံ ပရိယတ္တိစာသင်တိုက် " 

Unicode
18 - 10 - 2014 ခုနှစ်ကတင်ခဲ့သာ Blog post ကို Unicode ဖြင့်ပြန်တင်ပါသည်။
 " သေဋ္ဌာရုံ ပရိယတ္တိစာသင်တိုက် "


 ပေါင်းတည်မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများအနက် တစ်တိုက်အပါအဝင်ဖြစ်သည်။ မဟာဒွါရဂိုဏ်း ဝင်ဖြစ်ပါသည် ။ စျေး(၂) ရပ်ကွက်နှင့် မင်းကွက်(၃) ရပ်ကွက်ကို ပိုင်းခြားထားသည့် ပုတီးကုန်းလမ်း အဆုံး မင်းကွက်(၃) ရပ်ကွက်အပိုင်တွင်တည်ရှိပြီး ရန်ကုန်ပြည် မီးရထားလမ်းနှင့် ကပ်လျှက်ရှိပါသည် ။ ပထမ ကျောင်းထိုင် ဆရာတော်ကြီးမှာ ဦးသီဟဖြစ်သည်ဟု ယခုလက်ရှိကျောင်းထိုင် ဆရာတော် ဦးပညာလင်္ကာရ မှပြောပြပါသည်။ ဒုတိယကျောင်းထိုင်ဆရာတော်မှာ ဦးဝိနယ ဖြစ်၏ ။ ပထမကျောင်းထိုင်ဆရာတော်ကြီး လက်ထက်ကျောင်းစတင်တည်ထောင်သောခုနှစ်ကို အတိအကျမသိရပါ ။ ဒုတိယကျောင်းထိုင်ဆရာတော်လက်ထက်တွင် ကျောင်းဒါယကာကြီး ဦးမောင်ကြီး ကျောင်းဒါယိကာမကြီး ဒေါ်ခင်လေး (မြန်မာ့အလင်းသတင်းစာ) တို့က ကျောင်းသစ်ဆောက်လုပ်လှူဒါန်းရာ ဖျက်ချလိုက်သော ပထမကျောင်း အဟောင်းမှ အုတ်ချပ်များတွင် မြန်မာသက္ကရာဇ် (၁၂၈၇ ခုနှစ်)ဟုရေးထိုးထားတာတွေ့ရ ကြောငိး ဆရာတော် ဦးပညာလင်္ကာရမှ ပြောပြပါသည် ။ 


တတိယကျောင်းထိုင်ဆရာတော်မှာ ဦးသုန္ဒရ ဖြစ်ပြီး ဆရာတော်ဘုရားကြီးလက်ထက်တွင် စာသင်သံဃာများ ဖြင့် စာသင်တိုက်ကြီးဖြစ်လာခဲ့သည် ။ ဆရာတော်ကြီးဦးသုန္ဒရ (သာသနဓဇ ဓမ္မာစရိယ မဟာကမ္မဌာနာစရိယ )သည် မြန်မာသက္ကရာဇ် ၁၃၂၃-ခုနှစ်မှ ၁၃၄၃-ခုနှစ်ထိ ကျောင်းတိုက်၏ပဓာန နာယက ဆရာတော်အဖြစ်ကျောင်းထိုင်ခဲ့ပါသည် ။ နံနက်တိုင်း အရုဏ်ဆွမ်းခံကြွရာတွင် တပည့်သံဃာများနှင့်အတူ ရှေ့ဆုံးမှကြွ၏ ။ ဆရာတော်ကြီးဦးသုန္ဒရ ပျံလွန်တော်မူပြီးနောက် တပည့် စာချဆရာတော် ဦးကောဏ္ဍည ဆရာတော်ကဆက်လက်၍ စတုတ္ထမြောက်ကျောင်းထိုင်ဆရာတော်ဖြစ်လာ၏ ။ ဆရာတော် ဦးကောဏ္ဍည ပျံလွန်တော်မူသောအခါ ယခုလက်ရှိဆရာတော် ဦးပညာလင်္ကာရက ပဉ္စမမြောက် ကျောင်းထိုင်ဆရာတော်ဖြစ်လာခဲ့ပါသည် ။