Feb - 22 - 2015 က Zawgyi font ဖြင့်တင်ခဲ့သော Blog post ကို Unicode ဖြင့် ပြန်တင်ခြင်းဖြစ်ပါသည်။
အောက်မြန်မာပြည် အင်္ဂလိပ်လက်အောက် ရောက်ပြီးနောက် အုပ်ချုပ်ရေးခိုင်မာအောင် အင်္ဂလိပ်ဘုရင်ခံက နေရာဒေသ အသီးသီးမှာ ရုံး ၊ ဂါတ် ၊ ဆေးရုံ ၊ ဈေး တို့ကိုတည်ဆောက်ပြီး အင်္ဂလိပ်လူမျိုး အရာရှိ များခန့်ထားအုပ်ချုပ်ခဲ့သည် ။ ရန်ကုန် > ပြည် ကားလမ်းမကြီး နှင့် မီးရထားလမ်းတို့ကို ၁၈၇၈ ခုနှစ်တွင်ဖောက်လုပ်ခဲ့သည် ။ လမ်းတလျှောက် မြို့ရွာများတွင် အဆိုပါ အရာရှိများ ခန့်ထားအုပ်ချုပ်ခဲ့ရာ ၎င်းတို့နေထိုင်ရာ အိမ် အဆောက်အဦများကို ဘိုရုံ ဟု မြန်မာတို့ကခေါ်တွင်ခဲ့ကြသည်။ (ဘိုအိမ် လို့ ဘာလို့မခေါ်တာလဲတော့မသိပါ)
ပေါင်းတည်မြို့ တွင်လည်း ရန်ကုန် > ပြည် ကားလမ်းမကြီးဘေး ဈေး အနီး ဘိုရုံ တစ်ခုရှိခဲ့ပါသည် ။ ဘယ်နှစ်က စတင်ဆောက်လုပ်ခဲ့တယ်ဆိုတာတော့ အတိအကျမသိရတော့ပါ ။ ခြံဝန်းကျယ်ကျယ်ကြီးထဲမှာ ခြေတံရှည် သစ်သားပျဉ်ထောင်အိမ်မဲမဲကြီး တစ်လုံးဆောက်ထားသည် ။ ခေတ်အဆက်ဆက် အုပ်ချုပ်ရေးပိုင်း အရာရှိများနေထိုင်သွားကြသည်။
အဲဒီ ဘိုရုံ ရှေ့ ခြံဝင်းအစပ်မှာ ကြီးမားတဲ့ လက်ပံ ပင်ကြီးတစ်ပင်လည်းရှိခဲ့ဘူူး၏ ။
ဒုတိယကမ္ဘာစစ်ကြိုခေတ် မီခဲ့သော လူကြီးသူမ များပြောကြသည်မှာ ထိုလက်ပံပင်ကြီးတွင် ဘိုမခြေကျိုး သရဲ ရှိသည်ဆို၏ ။ နေဝင်လို့ ညရောက်လျှင် ဖြတ်မလျှောက်ရဲကြဘူးဆို၏။ ခုတော့ အဲဒီလက်ပံပင်ကြီး မရှိတော့ပါ ။ ဘိုမခြေကျိုးလည်း ဘယ်ပြောင်းသွားသည်မသိ။ အဲဒီနေရာမှာ ဈေးဆိုင်ခန်းများဆောက်လုပ်ပြီး ငှါးထားလို့ စည်ကားနေပါပြီ ။ ဆိုင်တန်းနောက်က ဘိုရုံကြီးကတော့ အိုမင်းပြီး ယိုယွင်းနေပြီမို့ ဘယ်သူမျှ မနေကြတော့ပါ ။ မူလက ပိုင်ဆိုင်မှု ဘယ်လိုသတ်မှတ်ခဲ့လည်းတော့မသိ အခုတော့ ဆောက်လုပ်ရေး ဌာနအပိုင်ဖြစ်၏ ။
ယင်း ဘိုရုံကဲ့သို့ပင် ဘောလုံးကွင်းအနီး ရဲရုံးကြီးသည်လည်း အင်္ဂလိပ် အရာရှိ ဝန်ရှင်တော်မင်းကြီး မောရစ်ကောလစ် နေခဲ့ဘူးသည်ဆို၏ ။ ယခုအခါမှာတော့ မူလ ရဲရုံး ကြီးကိုဖျက်ပြီး အထွေထွေအုပ်ချုပ်ရေးရုံး အရာရှိနေအိမ် အဖြစ် ပြန်ဆောက်ထားသည်။ ဒါပေမယ့် အဲဒီရုံးဟောင်းကြီးကို မဖျက်ခင် သမိုင်းဝင် အဆောက်အဦတစ်လုံးအနေနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ထားခြင်းမရှိခဲ့ဘူးဟုသိရသည် ။
အခုလည်း အတော်ယိုယွင်းနေပြီဖြစ်တဲ့ ဘိုရုံ ကြီးဟာ မကြာခင် ဖျက်သိမ်းပျောက်ကွယ်သွားတော့မည့် အခြေအနေရှိပါသည်။ ဒါကြောင့် နောင်လာနောက်သား ပေါင်းတည်သားများ မြင်ဘူးအောင် သွားရင်းလာရင်း ဓာတ်ပုံရိုက် ယူခဲ့ပါသည် ။
အဲဒီ ဘိုရုံ နဲ့ပါတ်သက်ပြီး သိထားတဲ့ အချက်အလက်များရှိလျှင် ပိုပြီး ပြည့်စုံခိုင်မာတဲ့ ဘိုရုံမှတ်တမ်းလေးရအောင် ကူညီပြောပြကြပါခင်ဗျာ ။
(21-2-2015)
No comments:
Post a Comment