Thursday, October 31, 2019

ရွှေကျောင်းကြီးတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တေဇောဘာသဘိဝံသ

( 8 - Dec - 2016 ) တွင် Zawgyi font ဖြင့် တင်ခဲ့သော Blog post ကို Unicode ဖြင့်ပြန်တင်ခြင်းဖြစ်ပါသည်။


အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တေဇောဘာသဘိဝံသ ဆရာတော်လောင်းလျာကို ပေါင်းတည်မြို့ အရှေ့ဘက် (၅) မိုင်ခန့်အကွာ တောင်ကုန်းရွာတွင် ခမည်းတော် ဦးစာဖြူ မယ်တော် ဒေါ်ပန်းမြ တို့မှ မြန်မာသက္ကရာဇ် ၁၂၈၄ - ခုနှစ် နတ်တော်လဆန်း (၇) ရက် စနေနေ့ ကောင်းမြတ်သောမင်္ဂလာအချိန် နံနက် (၁) နာရီ တွင် မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့ပါသည်။ ဆရာတော်လောင်းလျာသည် တစ်ဦးတည်းသော သားကြီးရတနာဖြစ်ပေသည်။ ဆရာတော်လောင်းလျာဖွားမြင်တော်မူပြီး တနှစ်ခန့်အကြာတွင် မိခင်မယ်တော်ကြီး နတ်ရွာ ပျော်တော့သဖြင့် ဖဘက်ဆွေမျိုးများကတစ်လှည့်၊ မိဘက်ဆွေမျိုးများကတစ်ခါ များစွာသောလက်ပေါ်ဝယ်ဆွေမျိုးဉာတိအပေါင်းတို့၏ ချစ်ခင်မြတ်နိုးစွာ ယုယစောင့်ရှောက်ကြမှုဖြင့် အရွယ်တော်ရောက်အောင် ကြီးမြောက်တော်မူခဲ့ရလေသည်။  ဆရာတော်လောင်းလျာကလေးသည် ညာဏ်ရည်ညာဏ်သွေး ထက်မြက်သောကလေးဖြစ်လေသည်။ ခမည်းတော် ဦးစာဖြူသည် အတတ်ပညာသင်ကြားစေခြင်းဝတ္တရားကို ပြုလုပ်ရန်တာဝန်ရှိသည့်အားလျှော်စွာ ဆရာတော် လောင်းလျာ ၄ နှစ်သားအရွယ်တွင်ပင် တောင်ကုန်းရွာဆရာတော် ဦးပဏ္ဍိတ၏ လောကီပညာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း( ဘက )တွင် ပညာရင်နို့သောက်စို့ရန်အပ်နှံခဲ့လေသည်။ ဆရာတော်လောင်းလျာ ကလေးသည် ပါရမီအဟုန် အထုံပါသဖြင့် ညာဏ်ရည်ထက်မြက်သူဖြစ်သည့်အားလျှော်စွာ တခြားသောကျောင်းသားကလေးများထက် လျှင်မြန်စွာ စာကျက်မှတ်နိုင်လေသည်။ သူငယ်ချင်းများကိုလည်းနည်းပေးလမ်းပြပြုခဲ့ရသည်သာများလေသည်။ ဤသို့ဖြင့် တရွေ့ရွေ့သင်ယူလာခဲ့ရာ (၁၀) နှစ်သားအရွယ်တွင် စတုတ္ထတန်းကို အောင်မြင်တော်မူခဲ့ပါသည်။ ခမည်းတော်ဦးစာဖြူသည် သားရတနာ၏ ပညာရေးကို ဤမျှနှင့်အားမရသေးပဲ ပိုမိုမြင့်သောအတန်းပညာများသင်ယူနိုင်စေရန် ပေါင်းတည်မြို့ မှတ္တိုင်လမ်း ဆရာကြီးဦးမောင်ရင်၏ကျောင်းသို့ ပို့ကာ အတန်းပညာများဆက်လက်ဆည်းပူးသင်ယူစေခဲ့ပါသည်။ ဆရာကြီးဦးမောင်ရင်၏ကျောင်းသို့ရောက်သောအခါတွင်လည်း ဆရာတော်လောင်းလျာ၏ ထက်မြက်သောညာဏ် သွက်လက်သောဘီဇ တို့ကိုသိမြင်မိလေသော ဆရာကြီးသည် ကျောင်းသားအများကို ပြန်လည်ထိမ်းသိမ်းဦးဆောင်ရသော ကျောင်းသားအတန်းခေါင်းဆောင်အဖြစ် ဆရာတော်လောင်းလျာကိုပင်ထားရှိခဲ့လေသည်။ ဆရာတော်လောင်းလျာသည် ငယ်စဉ်ကပင် ခေါင်းဆောင်အရည်အချင်း နာယကဂုဏ် ဖြင့်ပြည့်စုံခြင်းရှိခဲ့ကြောင်းထင်ရှားလေ၏။  ဤသို့ဖြင့် ဆရာတော်လောင်းလျာသည် ၁၃ နှစ်သားအရွယ်ရောက်သော် သတ္တမတန်းကို ကောင်းစွာအောင်မြင်ခဲ့လေသည်။  ထိုအချိန်မှာပင် ဆရာတော်လောင်းလျာ၏ ဦးကြီးအရင်းဖြစ်တော်မူသော (နောင်တချိန်တွင် အင်းကြီးတောင်ကျောင်းဆရာတော်ဟု ထင်ရှားမည့်) ဘဒ္ဒန္တ နန္ဒဝံသ မထေရ်သည် မန္တလေးရွှေမြို့တော်မှ ပညာဝေ၍ ဌာနေသို့ပြန်လည်ကြွလာလေသည်။ ထိုဘဒ္ဒန္တ နန္ဒဝံသ မထေရ်သည် ဆရာတော်လောင်း လျာ၏မယ်တော် ဒေါ်ပန်းမြ၏ မောင်ကြီးအရင်းဖြစ်၍ နှမငယ်ကွယ်လွန်ချိန်မှစ၍ တူရင်းဖြစ်သူ၏သတင်းကိုအမြဲတစေ နားစွင့်နေခဲ့ရာ ယခုအခါအခွင့်သင့်လာပြီဖြစ်၍ တူတော်မောင်ကို သာသနာအနွယ်ဝင်၍ ပညာသင်စေရန် တိုက်တွန်းတောင်းဆိုတော်မူလေ၏။
      လောကီဘက်သားဆွေမျိုးများက ဆရာတော် လောင်းလျာကို လောကီပညာကိုသာဆက်လက်သင်စေလို၏။ လောကီ (ခေတ်) ပညာတတ်ဖြစ်မှ အထက်တန်းကျ အသက်မွေးလှသည်ဟုယူဆကြ၏။ ဦးရီးတော် အရှင်မြတ်က လောကုတ္တရာပညာသည်သာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာသောအကျိုး ပွါးတိုးရုံမျှမက နိဗ္ဗာန်တိုင်အောင်အကျိုးများပုံကိုညွှန်ပြကာ ဆုံးမသဖြင့် မတတ်သာသည့်အဆုံး ဆရာတော်လောင်းလျာကို ဦးရီးတော် အရှင်မြတ် သီတင်းသုံးရာအင်းကြီးရွာသို့ ထည့်လိုက်ရလေတော့သည်။ ဆရာတော်လောင်းလျာသည် ဦးရီးတော်ကျောင်းထိုင်ရာအင်းကြီးရွာသို့ အတန်းကျောင်းမှထွက်ကာ လိုက်ပါသွားပြီး လောကုတ္တရာစာပေများကိုအခြေပြုကာစတင်သင်ယူရင်း ၂ နှစ်အကြာ ၁၅ နှစ်သားအရွယ် (၁၃၀၀)ပြည့်နှစ် နယုန်လပြည့်ကျော် (၂)ရက် အင်္ဂါနေ့တွင် ပေါင်းတည်မြို့အင်းကြီးတောင်ကျောင်း (ဦးရီး) ဆရာတော် ဘဒ္ဒန္တ နန္ဒဝံသ မထေရ်မြတ်ကို ဥပဇ္ဈာယ်ပြုကာ ခမည်းတော် ဦးစာဖြူ နှင့် ဆွေတော်မျိုးတော်တို့က ပစ္စယာနုဂ္ဂဟ ပြုတော်မူလျှက်ရှင်သာမဏေအဖြစ် သာသနာ့ဘောင်သို့ သွတ်သွင်းရောက်ရှိတော်မူပါသည်။ ဘွဲ့အမည်ကို ရဟန်းရှင်လူတို့အလယ် တန်ခိုးအရှိန်အဝါနှင့် ပြည့်စုံ သောသူဖြစ်ရမည်ဟူသောအကြောင်းနိမိတ်ကိုအစွဲပြု၍ ရှင်တေဇောဘာသ ဟု မှည့်ခေါ်သမုတ်လေသည်။   ဤသို့ဖြင့် သာမဏေဘဝတွင် ဦးရီးတော်ထံမှောက်မှာပင် သဒ္ဒါ၊ သင်္ဂြိုဟ်၊ စသော လောကုတ္တရာအခြေစာပေမှန်သမျှ ပါဠိရော အနက်ပါ နှုတ်တက်စွာ သင်ယူလေသည်။ စာကျက်၊ စာအံ၊ စာပြန်၊ စာရွတ်၊ တတွတ်တွတ်ဖြင့်နေသော တူတော်သာမဏေ၏အခြေအနေကိုအကဲခတ်မိသော ဦးရီးတော် အရှင်မြတ်သည်  သင့်လျှော်ရာအပ်ပို့ရမည့်ဝတ္တရားရှိလာသည့်အတိုင်း ပေါင်းတည်မြို့ရွှေကျောင်းကြီးတိုက် သုဓမ္မာဂိုဏ်းချုပ်၊ နိုင်ငံတော်ဩဝါဒစရိယ ပရိယတ္တိ ဝိသာရဒလဇ္ဇီ ပေသလ ဂန္တကာရက ဝိနယ ကုက္ကုစ္စ စသည့်ဖုံဖုံဂုဏ်မျိုးစုံသည့် အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ ပုညာဘိဓဇ ထံတော်မှောက်သို့ အရောက်ပို့ကာ ပညာရင်နို့သောက်စို့ စေပြန်သည်။ ရွှေကျောင်းကြီးတိုက်ဆရာတော်ကြီးကိုအမှူးထား၍ ဓမ္မာစရိယဖြစ်တော်မူကြကုန်သော ဘဒ္ဒန္တ ဝိလာသဓဇ၊ ဘဒ္ဒန္တ ရေဝတ၊ ဘဒ္ဒန္တ ကုဏ္ဍလာဘိဝံသ၊ တို့ထံတော်ပါးတွင် တဆင့်ထက်တဆင့် မြင့်သထက်မြင့်အောင် စာဝါများကိုလုံလအားထုတ်ကြိုးစားသင်ယူခဲ့လေသည်။ ဇွဲလုံလဝီရိယ ပြင်းထန်စွာသင်ယူသောကြောင့် သီတင်းသုံးဖော်တို့အလယ်တွင် ကောင်းသတင်းကြွယ်ခဲ့လေသည်။ ဆရာသမားတို့၏ ပစ္စယ ဓမ္မ နှစ်ဝသောချီးမြှောက်ခြင်းကိုခံယူခဲ့ရရုံမက တရံကာလ ဒွေမာတိကာနှင့် ကင်္ခါကျမ်းကို နှုတ်တက်ရွရွသရဇ္ဈာယ်သံကိုကြားရတော်မူသော ကျေးဇူးတော်ရှင် ဘဒ္ဒန္တပုညာဘိဓဇ ဆရာတော်ကြီးသည်အားပါးတရကြည်ညိုတော်မူလှသောကြောင့် နှစ်ထပ်သင်္ကန်းကြီးဖြင့် ဓမ္မပူဇာပြုသည်ကိုပင်ခံယူခဲ့ရဘူးပေသည်။ ဤသို့ ရှင်သာမဏေ ဘဝဖြင့် စာဝါများကိုကြိုးစားသင်ယူနေလျှက် သာသနာတော်နှစ် (၂၄၆၈)ခုနှစ် ကောဇာသက္ကရာဇ် (၁၃၀၄)ခုနှစ် ၊ ဂိမ္မန္တဥတု၊ နှောင်းတန်ခူးလဆန်း(၅)ရက် သောကြာနေ့ နံနက် ၈နာရီ ၁၉ မိနစ် ၁၅ စက္ကန့် (၁၂) ဖဝါး (၁)ဖီလာ အချိန်တွင် ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက် သဒ္ဓမ္မဇောတိကာရုံကျောင်း အဂ္ဂမဟာပဏ္ဍိတ သုဓမ္မာဂိုဏ်းချုပ် ဆရာတော်ကြီး ဘဒ္ဒန္တ ပုညာဘိဓဇကို ဥပဇ္ဈာယ်ပြုတော်မူပြီး ရွှေကျောင်းကြီးတိုက် ခဏ္ဍသိမ်တွင် ပေါင်းတည်မြို့အရှေ့လမ်းနေ ရွှေ ဦးသိန်း ဒေါ်ဒေါ်ကြိုင် မိသားစုတို့၏ပစ္စယနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည်။
 ဆရာတော််ရဟန်းဘောင်သို့တက်ရောက်သောခေတ်ကာလအခြေအနေသည် ဒုတိယကမ္ဘာစစ်ဖြစ်နေသောအချိန်ကာလဖြစ်လေသည်။ မြန်မာပြည်သို့ ဂျပန်တို့ဝင်ရောက်လာပြီး မဟာမိတ်တပ်များဆုတ်ခွါနေသောကာလဖြစ်သည်။ မြို့နေ ရဟန်းရှင်လူ ပြည်သူလူထုမှာ စက်သေနတ်သံ ဗုံးသံ များကြားတွင် ကျီးလန့်စာစားအခြေအနေဖြင့် စိုးရိမ်ထိပ်လန့်နေကြရသောအချိန်အခါဖြစ်လေသည်။ မြို့ပေါ်ရှိစာသင်တိုက်များမှာလည်း စာပေသင်ကြားပို့ချခြင်းများရပ်နား၍ စစ်ဘေးစစ်ဒါဏ်လွတ်ရာသို့ တိမ်းရှောင်နေကြလေရာ ရွှေကျောင်းကြီးတိုက်သည်လည်း ဆရာတော်နှင့်အတူ စာချဆရာတော်များနှင့် အလုပ်အကျွေးသံဃာအချို့သာကျန်နေခဲ့လေသည်။ ခေတ်ကာလအခြေအနေအရ ကမ္ဘာစစ်မီးတောက်လောင်ပြီး လူအများပြေးလွှားပုန်းရှောင်နေကြရချိန်မှာပင် ဆရာတော်သည် သေနတ်သံ ဗုံးသံ တို့နှင့်အပြိုင် စာပေသင်အံကျက်မှတ်လေ့လာဆည်းပူးမပျက်ရှိရာ စစ်အတွင်း ဂျပန်ခေတ် (အဓိပတိခေတ်) မှာပင် ဝိနယ အငယ်တန်း ဝိနယအကြီးတန်း တို့ကိုအောင်မြင်တော်မူ၏။ ၁၃၀၇-ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားသောအခါ ဆရာတော်နားခိုစာသင်ခဲ့သောရွှေကျောင်းကြီးတိုက် ကျောင်းဆောင်ကြီးမှာ ပြာပုံအတိပျက်စီးကျန်ခဲ့ရလေ၏။ ကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီး ဘဒ္ဒန္တပုညာဘိဓဇ နှင့် တပည့်စာသင်သံဃာ တို့သည် ဝါး သက်ကယ်တို့ဖြင့် ပြန်လည်တည်ဆောက်လှူဒါန်းသောယာယီကျောင်းဆောင်မှာပင် သီတင်းသုံးကြပြီး ပရိယတ္တိစာပေသင်အံပို့ချမှုအလုပ်များကို မဆိုင်းမတွ ပြန်လည်စတင်ခဲ့ကြလေသည်။စစ်ပြီးစ ပြန်လည်ထူထောင်ရေးကာလမှာပင် ဆရာတော်သည် ဥပဇ္ဈာယ်ဆရာတော်ကြီးထံတွင်ဆက်လက်သင်အံခဲ့ရာ အစိုးရ ပထမငယ် ၊ ပထမလတ်၊ ပထမကြီး၊ စေတီယင်္ဂဏစာသင်တန်း တို့ကိုဆက်တိုက်အောင်မြင်စွာတက်လှမ်းနိုင်ခဲ့ပါသည်။ ဆရာတော်သည် ဤမျှဖြင့်ကျေနပ်တင်းတိမ်နိုင်ခြင်းမရှိဘဲ ပညာဆက်လက်ဆည်းပူးသင်ယူရန်ရည်သန်၍ ဥပဇ္ဈာယ်ဆရာတော်ကြီးထံခွင့်ပန်ကာ ထိုအချိန်က စာပေပရိယတ္တိနယ်ပယ်တွင် တောင်ပြင်နဂါးဟု ထင်ရှားကျော်ကြားသော ပြည်မြို့ဇောတိကာရုံပါဠိတက္ကသိုလ် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတေဇနိယ မထေရ်ထံမှောက်သို့ သွားရောက်ကာပညာရင်နို့ဆက်ကာစို့ခဲ့ပြန်လေသည်။ ဤတွင်လည်း ဆရာတော်ကြီး၏ ပစ္စယ ဓမ္မ နှစ်ဝသောချီးမြှောက်မှုကိုခံရလျှက် စေတီယင်္ဂဏစာချတန်း၊ အစိုးရစာချတန်းတို့ကို အောင်ပန်းဆွတ်ခူးနိုင်ခဲ့ပြန်ပါသည်။ ထိုမှတဖန် ဆရာတော်သည် ပညာဗဟုသုတများကိုဆက်လက်ဆည်းပူးလေ့လာရန် မန္တလေး ရွှေမြို့တော်သို့ ထွက်ခွါခဲ့ပြန်သည်။ မန္တလေး ရွှေမြို့တော်တွင် ဆရာသခင်ထေရ်အရှင်တို့ထံ၌ ပညာများ ဆက်လက်လေ့လာသင်ယူနေစဉ် ၁ နှစ်ခန့်အကြာ ရန်ကုန်မြို့သို့ကြွရောက်ရန်အကြောင်းပေါ်ပေါက်လာရပြန်လေသည်။
   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရ ပါဠိတက္ကသိုလ် စာချတန်းအောင်ပွဲ ဘွဲ့နှင်းသဘင်သို့ကြွရောက်ရန်ပင့်ဘိတ်သဖြင့် ရန်ကုန်မြို့သို့ကြွရောက်ကာ နိုင်ငံတော်သမ္မတကြီး၏ (သာသနဓဇ သီရိပဝရ ဓမ္မာစရိယ) ဘွဲ့တံဆိပ်ကပ်လှူသည်ကို ခံယူတော်မူခဲ့လေသည်။ ရန်ကုန်သို့ရောက်ရှိနေစဉ် ကြည့်မြင်တိုင် ဇေယျဝတီကျောင်းတိုက် နာယကဆရာတော်၊ တိုက်အုပ်ဆရာတော်များက ပြည်မြို့ဇောတိကာရုံပါဠိတက္ကသိုလ် ဆရာတော်ဘုရားထံတောင်းပန်၍ ဆရာတော်အား ဇေယျဝတီကျောင်းတိုက်တွင် စာပေပို့ချပေးပါရန်လျှောက်ထားလေ၏။ ဆရာတော်လည်း ပြည်မြို့ဇောတိကာရုံဆရာတော်ကြီး၏ အမိန့်တော်အတိုင်း ဇေယျဝတီကျောင်းတိုက်တွင် စွမ်းပကားအလျှောက် ချီးမြှောက်ကာစာပေပို့ချနေတော်မူရပြန်၏။ ရန်ကုန်မြို့ ကြည့်မြင်တိုင် ဇေယျဝတီကျောင်းတိုက်တွင် စာပေပို့ချ ပေးနေစဉ် ဆရာတော်၏ စိတ်အစဉ်တွင် အာသီသဆန္ဒဖြစ်ပေါ်လာသည်မှာ ဤမျှလောက်စာအောင်ရုံ ဤမျှလောက်စာချပေးနိုင်ရုံဖြင့် မကဘဲ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော ပိဋကတ်သုံးပုံကို နှုတ်တိုက်အာဂုံပြန်ဆိုနိုင်သည်အထိ ဆက်လက် ကြိုးပမ်းလိုသည့်ဆန္ဒသည်ကြီးမားစွာဖြစ်ပေါလာခဲ့၏။ ထိုသို့ဆန္ဒဖြစ်ပေါ်သည့်အတိုင်းကြိုးပမ်းဆောင်ရွက်ရန် ရန်ကုန်မြို့ ဇေယျဝတီကျောင်းတိုက်မှ မန္တလေးသို့ပြန်လည်ကြွရောက်ခဲ့ပြန်၏။ ရည်မှန်းချက်ကြီးမားသည့်အလျှောက် လုံလဝီရိယနှင့် ညာဏ်ပညာအားကောင်းသူဆရာတော်သည် ၁၃၁၈-ခုနှစ် တနှစ်တည်းမှာပင် စေတီယင်္ဂဏအသင်းကြီး၏ (အဘိသီရိ ပဝရ သာသနာလင်္ကာရ ဒီဃနိကာယဓရ) ဘွဲ့ထူးကိုဆွတ်ခူးပြီးလျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ကြီးမှ ကျင်းပပြုလုပ်သော (၉)ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲကြီး၌ သုတ္တန္တ ပိဋက ဒီဃနိကာယ် ၃ ကျမ်းကို (က)အာဂုံပြန်ဆိုပွဲ၌ဝင်ရောက်ပြန်ဆိုတော်မူခဲ့ရာ အထောက်အမလွတ် သန့်ရှင်းကြည်လင်ပြတ်သားစွာ ပြန်ဆိုတော်မူနိုင်သည့်အတွက် သူတကာတို့ရခဲသော (ဗုဒ္ဓသာသန ဝိသိဋ္ဌ ဒီဃဘာဏက)ဘွဲ့ထူူးကိုရရှိတော်မူသည့်အပြင် (၁၃၂၀) ပြည့်နှစ် ၁၁ ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲကြီးတွင်(ခ)သဘောရေးဖြေစာမေးပွဲ၌ အောင်မြင်တော်မူပြန်သောကြောင့်(ဗုဒ္ဓသာသန ဒီဃနိကာယ ကောဝိဒ) ဘွဲ့တံဆိပ်တော်ကိုခံယူရရှိတော်မူပြန်လေသည်။ ဆရာတော် ပညာသင်ကြားခဲ့သော ဆရာများမှာ   * ပေါင်းတည်မြို့ အင်းကြီးရွာတောင်ကျောင်း (ဦးရီး) ဆရာတော်ဘဒ္ဒန္တနန္ဒဝံသ မထေရ်မြတ်ထံတွင်လည်းကောင်း.....  * ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက် သဒ္ဓမ္မဇောတိကာရုံကျောင်း အဂ္ဂမဟာပဏ္ဍိတ သုဓမ္မာဂိုဏ်းချုပ် ဘဒ္ဒန္တ ပုညာဘိဓဇ မထေရ်မြတ်ထံတွင်လည်းကောင်း........  * ဓမ္မာစရိယဖြစ်တော်မူကြကုန်သော ဘဒ္ဒန္တ ဝိလာသဓဇ ၊ ဘဒ္ဒန္တ ရေဝတ၊ ဘဒ္ဒန္တ ကုဏ္ဍလာဘိဝံသ တို့၏အထံ၌လည်းကောင်း......  * ပြည်မြို့ အနောက်စောင်းတန်းလမ်း ဇောတိကာရုံပါဠိတက္ကသိုလ် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ပါဠိတက္ကသိုလ်ဗဟိုလ်အဖွဲ့ ပထမဥက္ကဌ ဆရာတော် ဘဒ္ဒန္တတေဇနိယ နှင့် ဓမ္မာစရိယဖြစ်တော်မူသော ဘဒ္ဒန္တသုမင်္ဂလ တို့ထံတွင်လည်းကောင်း.....  * မန္တလေးမြို့တောင်ပြင် ဒက္ခိဏာရာမဘုရားကြီးတိုက် သာသနဇောတိကာရုံ အုတ်ကျောင်းပရိယတ္တိ သာသနဟိတ မူလဓမ္မာစရိယဆရာတော် ဘဒ္ဒန္တ နာရဒါဘိဝံသ အထံ၌လည်းကောင်း ..... “ထကြွနိုးကြား၊ ခစားနာတွေး၊ လုပ်ကျွေးတစေ၊ ရိုသေသင်ယူ” ဟူသည့် တပည့်ဝတ္တရားနှင့်အညီ ပရိယတ္တိစာပေပညာများကို ရိုသေလေးစား သင်ကြားနာယူမှုများ ပြုတော်မူခဲ့ပါသည်။ ဤသို့ ကျေးဇူးတော်ရှင်ဆရာတော်များထံမှ ပညာရင်နို့သောက်စို့ခဲ့ရသောဆရာတော်အရှင်မြတ်သည် ...  * ၁၃၀၅-ခုနှစ်တွင် ဝိနယ အငယ်တန်း  * ၁၃၀၆-ခုနှစ်တွင် ဝိနယ အကြီးတန်း   * ၁၃၀၈-ခုနှစ်တွင် အစိုးရ ပထမငယ်တန်း  * ၁၃၀၉-ခုနှစ်တွင် အစိုးရ ပထမလတ်တန်း  * ၁၃၁၀-ခုနှစ်တွင် အစိုးရ ပထမကြီးတန်း   * ၁၃၁၁-ခုနှစ်တွင် စေတီယင်္ဂဏ ပရိယတ္တိ စာသင်တန်း   * ၁၃၁၃-ခုနှစ်တွင် စေတီယင်္ဂဏ ပရိယတ္တိ စာချတန်း  * ၁၃၁၄-ခုနှစ်တွင် အစိုးရ စာချတန်း စသည့်စာမေးပွဲများကိုအောင်မြင်တော်မူခဲ့ပြီး   * ၁၃၁၈-ခုနှစ်တွင် စေတီယင်္ဂဏ ပရိယတ္တိအသင်းကြီး၏ “အဘိသီရိ ပဝရ သာသနာလင်္ကၤာရ ဒီဃနိကာယဓရ” ဘွဲ့တံဆိပ်တော်ကိုရရှိသည့်အပြင် နိုင်ငံတော် ဗုဒ္ဓသာသန နုဂ္ဂဟအသင်းကြီး၏ (၉) ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲကြီးတွင် သုတ္တန္တပိဋကဒီဃနိကာယ် သုံးကျမ်းကို (က) အာဂုံပြန်ဆိုပွဲကြီးတွင် ဂုဏ်ထူးဖြင့်အောင်မြင်တော်မူခဲ့၍ “ ဗုဒ္ဓသာသန ဝိသိဋ္ဌ ဒီဃဘာဏက ”  ဘွဲ့ကို ရရှိတော်မူပါသည်။ (၁၁)ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲကြီးတွင် ထိုသုတ္တန္တပိဋက ဒီဃနိကာယ် သုံးကျမ်း (ခ) သဘောရေးဖြေပွဲကြီး၌ အောင်မြင်တော်မူပြန်သောကြောင့် “ဗုဒ္ဓသာသန ဒီဃနိကာယ ကောဝိဒ ” ဘွဲ့တံဆိပ်တော် အောင်လက်မှတ်တော် အရိုးဝါ ကနက္ကဒါန်ထီးဖြူတော် တစ်လက် ပါရှိသော သာသနာ့အောင်လံတော်တို့နှင့် မီးရထား ၊ မီးသငေ်္ဘာ၊ အထက်တန်းအခမဲ့ ပတ်(စ်) လက်မှတ်တို့ကို ခံယူရရှိတော်မူခဲ့ပါသည်။  ဆက်လက်၍ ဆရာတော်သည် ဝိနည်းပိဋကတ်တော်များကို လေ့လာကျက်မှတ်နေစဉ် ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက် သုဓမ္မာဂိုဏ်းချုပ် အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် ဘဒ္ဒန္တ ပုညာဘိဓဇ ဆရာတော်ဘုရားကြီး ဘဝနတ်ထံစံလွန်တော်မူပြီးနောက် ဓမ္မာစရိယဆရာတော် ဘဒ္ဒန္တ သုမင်္ဂလ အရှင်မြတ်လည်း နောက်ထပ်တဖန် ဘဝနတ်ထံ စံလွန်တော်မူပြန်သောကြောင့် ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက် သဒ္ဓမ္မဇောတိကာရုံ ပရိယတ္တိစာသင်တိုက်၏ သာသနာနောင်ရေး စိတ်မအေးနိုင်ရှာသော ပြည်မြို့ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီး၏ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ပါဠိ တက္ကသိုလ် ဗဟိုလ်အဖွဲ့ ပထမဥက္ကဌ ကျေးဇူးတော်ရှင် ဘဒ္ဒန္တ တေဇနိယ ဆရာတော်ဘုရားကြီး၏ “ သာသနာတော်မှာ စာကျက်နေရုံနှင့်မပြီးသေး ” ဟူသော ဆုံးမ ဩဝါဒကို တစ်သဝေမတိမ်း လိုက်နာသဖြင့်လည်းကောင်း ပေါင်းတည်မြို့သူမြို့သား ဒါယကာ ဒါယကာမများ၏ သဒ္ဓါတရားကိုငဲ့ကွက်သဖြင့်လည်းကောင်း ၁၃၂၂-ခုနှစ် နယုန်လပြည့်ကျော် (၁၀)ရက်နေ့တွင် မန္တလေး နေပြည်တော်မှ ပေါင်းတည်မြို့သို့ပြန်လည်ကြွရောက်တော်မူလာပြီး ရွှေကျောင်းကြီးတိုက် သဒ္ဓမ္မဇောတိကာရုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော်အဖြစ်ရောက်ရှိတော်မူပြီး ပရိယတ်၊ ပဋိပတ် သာသနာ့တာဝန်နှစ်ရပ်ကိုထမ်းရွက်တော်မူခဲ့ပါသည်။  
  ဆရာတော်သည် ဥပဇ္ဈာယ်ဆရာတော်ကြီးလက်ထက်ကအစပြု၍ တာဝန်ယူဆောင်ရွက်ခဲ့သော အစဉ်အလာအတိုင်း စာသင်သံဃာတော်များ စာပေပရိယတ္တိအလုပ်ကို အချိန်ပြည့် ကြိုးပမ်း အားထုတ်နိုင်စေခြင်းအကျိုးငှါ အရုဏ်ဆွမ်း ၊ နေ့ဆွမ်းများကို ဆွမ်းခံမထွက်စေပဲ ကျောင်းမှာသာ ဝေယျာဝစ္စဆောင်ရွက်သော ဒါယကာများဖြင့် စီမံဆောင်ရွက်စေကာ ရှိသမျှသံဃာအားလုံးအတွက် အမြဲတစေ နေ့စဉ်နေ့တိုင်းမျှတအောင်ဆက်ကပ်လေ့ရှိပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မည်သည့်မြို့ရွာဌာနကိုမျှ အလှူခံစေလွှတ်ခြင်း ပစ္စည်းကောက်ခံခြင်းမပြုရပေ။ ပေါင်းတည်မြို့ရှိ ဂိုဏ်းဝင်သံဃာများထံမှ၎င်း ပေါင်းတည်မြို့သူမြို့သား ဒါယကာ ဒါယိကာမများမှလည်းကောင်း လိုအပ်သလောက် လှူဒါန်းထောက်ပံ့ပေးကြသဖြင့် နှစ်စဉ် သံဃာတော် အပါး ၄၀ ၊ အပါး ၅၀ အတွက် ဆွမ်းကွမ်း ဝေယျာဝစ္စမကြောင့်ကြရပဲ နေနိုင်ခဲ့ပေသည်။  ဆရာတော်သည် ၁၃၂၂-ခုနှစ် ပေါင်းတည်မြို့သို့ပြန်လည်ကြွရောက်လာသည်မှစ၍  * ပရိယတ္တိတာဝန်ဝတ်တရားများကိုနေ့မအား ညမအား ပို့ချပေးတော်မူခြင်းကြောင့်လည်းကောင်း  * မိမိထံတော်မှောက်သို့ ရောက်ရှိလာကြကုန်သောတပည့်ပရိတ်သတ်အပေါင်းအားအမြဲတစေဩဝါဒ အနုသာသနီတရားစကားတို့ကိုချီးမြှောက်ပေးသနားတော်မူခြင်းကြောင့်လည်းကောင်း  * ရရှိသမျှသောလာဘ်လာဘ တို့၌ သံဃာတော်များအားအညီအမျှခွဲဝေကာသုံးဆောင်စေခြင်းကြောင့်လည်းကောင်း  * ရပ်နီး ရပ်ဝေးရှိ ဒါယကာ ဒါယိကာမ အများတို့အား တရားစကားကို ဟောကြားညွှန်ပြ ဆိုဆုံမခြင်းကြောင့်လည်းကောင်း  * သံဃာတော်များနှင့်တကွ ဒါယကာ ဒါယိကာမအများတို့၏ အမေးပုစ္ဆာပြဿနာအရပ်ရပ်တို့ကိုမေးမြန်းသောပုဂ္ဂိုလ်တို့အား ရွှင်လန်းအားရ သဘောကျအောင် ဖြေဆိုပေးခြင်းကြောင့်လည်းကောင်း  * ၁၃၂၄-ခုနှစ်မှအစပြု၍ ပေါင်းတည်မြို့ရှိ သကျမုနိ မိုးကောင်းဘုရားကြီး ၊ မြတ်စွယ်တော်ဂေါပကလူကြီးများ၊ ရွှေကျောင်းကြီးတိုက်သံဃာတော်များ၏ တာဝန်ခံအကျိုးဆောင်အဖြစ် ဆောင်ရွက်ခဲ့ခြင်းကြောင့်လည်းကောင်း  * ၁၃၂၅-ခုနှစ်မှစ၍ သုဓမ္မာဂိုဏ်းဝင် သံဃာတော်အရှင်မြတ်များနှင့်တကွ ဒါယကာ၊ ဒါယိကာမများအား မကောင်းမှုတရားတို့မှ ရှောင်ကြဉ်စေခြင်း ၊ ကောင်းမှုတရားတို့၌မွေ့လျှော်စေခြင်းတို့ကြောင့်လည်းကောင်း  * ၁၃၂၆-ခုနှစ် တပေါင်းလဆန်း (၄) ရက်၊ ၁၉၆၅-ခုနှစ် မတ်လ (၆) ရက် စနေနေ့တွင် မှော်ဘီမြို့သံဃာ့အစည်းအဝေးကြီး၌ ပြည်ခရိုင်ကိုယ်စားလှယ်အဖြစ်တက်ရောက်တော်မူခဲ့ခြင်းကြောင့်လည်းကောင်း   * ၁၃၄၁-ခုနှစ်၊ ပြာသိုလဆန်း (၃)ရက်၊ ၁၉၇၉-ခုနှစ် ဒီဇင်ဘာ (၂၀) ရက်၊ ကြာသပတေးနေ့တွင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွါးရေးအတွက် ပဲခူးတိုင်း ပြည်အခြေခံဒေသမှ သံဃာသမုတိရ သံဃကိုယ်စားလှယ်အဖြစ်ဖြင့် ရန်ကုန်ကမ္ဘာအေး ဇမ္ဗူဒီပကျောင်းဆောင်သို့တက်ရောက်ခဲ့ခြင်းကြောင့်လည်းကောင်း    * ၁၃၄၂-ခုနှစ် နယုန်လဆန်း (၁၃) ရက်၊ ၁၉၈၀-ပြည့်နှစ် မေလ (၂၆) ရက် ၊ တနင်္လာနေ့တွင် ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏ လှိုဏ်ဂူတော်၌ နိုင်ငံတော်ဗဟိုလ်သံဃ ဝန်ဆောင်အဖြစ်ဖြင့် တက်ရောက်ခဲ့ခြင်း၊ နိုင်ငံတော်သံဃမဟာနာယက အဖြစ်ရွေးချယ်ခံရခြင်းတို့ကြောင့်လည်းကောင်း  * ၁၃၄၂-ခုနှစ် ၊ ပြာသိုလပြည့်ကျော် (၁၃) ရက်၊ ၁၉၈၁-ခုနှစ် ဖေဖော်ဝါရီလ (၂) ရက် တနင်္လာနေ့တွင် မြန်မာနိုင်ငံတဝှမ်း၌ သီတင်းသုံးနေထိုင်တော်မူကြကုန်သော ဂိုဏ်းကြီး (၉) ဂိုဏ်းတို့မှ ဝိနည်းဓိုရ် ဆရာတော် (၁၁၀)ပါးတို့အား ဝိနည်းကျမ်းဂန် ကျွမ်းကျင်မှုသင်တန်းကို ပို့ချတော်မူခဲ့ခြင်းကြောင့်လည်းကောင်း   * ၁၃၄၃-ခုနှစ် နယုန်လဆန်း (၁၅)ရက် ၊ ၁၉၈၁-ခုနှစ် ဇွန်လ (၁၇) ရက် ၊ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏ လှိုဏ်ဂူတော်ကြီးအတွင်း၌ နိုင်ငံတော် သံဃ မဟာနာယက တွဲဘက်အကျိုးတော်ဆောင်အဖြစ်ဖြင့် ( ပထမအကြိမ်၊ ဒုတိယအကြိမ်)တို့၌ ဆောင်ရွက်ခဲ့ခြင်း အစရှိသောအကြောင်းတို့ကြောင့် ရဟန်းရှင်လူ အများပြည်သူတို့၏ ကြည်ညိုလေးစားမှုကို ခံယူရရှိတော်မူပါသည်။  ဆရာတော်ရေးသားပြုစုတော်မူခဲ့သောစာပေများမှာ   * ပေါင်းတည်မြို့ မြတ်စွယ်တော်အတ္ထုပ္ပတ္တိသမိုင်း (အသစ်)  * ဓမ္မစကြာပါဠိတော်နိဿယ  * ပရာဘဝသုတ် ပါဠိတော်နိဿယ  * ကစ္စာယန နိယံ  * မာတိကာ ဓာတုကထာ နိယံ  * ကထိန ဒါနာဒိ ပဥှာဗျာကရဏ စာစောင် အစရှိသောစာပေများဖြစ်ပါသည်။ ဆရာတော်သည်   ၁။ ပါဠိတော်အဋ္ဌကထာ ဋီကာ စသည်တို့၌ ကျွမ်းကျင်လိမ္မာခြင်း  ၂။ ပါဠိတော်အဋ္ဌကထာ ဋီကာ စသည်တို့ကို အမြဲမပြတ် ပို့ချပေးနေခြင်း   ၃။ အနည်းဆုံး သိက္ခာ ဝါ (၂၀) ရှိခြင်း   ၄။ ပါဠိတော်အဋ္ဌကထာ ဋီကာ စသည်တို့၌ ကျွမ်းကျင်လိမ္မာသည်ဟုကျော်ဇောခြင်း   ၅။ သီလဝန္တ ဖြစ်ခြင်း  ဟူသော ဤအင်္ဂါရပ်များဖြင့် ညီညွတ်တော်မူပါသဖြင့် သက်တော် (၆၆)နှစ်  သိက္ခာတော် (၄၆)ဝါအရ၊ ၁၃၅၀-ပြည့်နှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကိုအလှူခံရရှိတော်မူပါသည်။     ဆရာတော်သည် ကျန်းမာရေးချို့ယွင်းလာသဖြင့် ၁၉၉၃ - ခုနှစ်တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ တွဲဘက်အကျိုးတော်ဆောင်အဖြစ်မှ နှုတ်ထွက်တော်မူခဲ့ပြီး ပေါင်းတည်မြို့တွင်သာ သီတင်းသုံးနေထိုင်လျှက် ပရိယတ္တိစာပေပို့ချမှုများကို ဆက်လက်ဆောင်ရွက်တော်မူခဲ့ပါသည်။ သို့သော် မြတ်စွာဘုရားဟောတော်မူသည့်တရားရှိသည့်အတိုင်း ဇာတိ ဇရာ ဗျာဒိ မရဏ တရားတို့၏ခေါ်ဆောင်ရာသို့ လိုက်ပါရင်း ကျန်းမာရေးပိုမိုဆိုးရွားလာကာ    သက်တော် ၇၂ နှစ် သိက္ခာတော် ၅၂ ဝါ    မြန်မာသက္ကရာဇ် ၁၃၅၆ - ခုနှစ် နတ်တော်လပြည့်ကျော် ၃ ရက်နေ့တွင်ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည် ။ 

 [ကိုးကား  >> အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တေဇောဘာသဘိဝံ သ  အတ္ထုပ္ပတ္တိ စာအုပ်မှ ကူးယူပါသည်။]

No comments:

Post a Comment