April - 19 - 2015 က Zawgyi font ဖြင့် တင်ခဲ့သော Blog post ကို Unicode ဖြင့်ပြန်တင်ခြင်းဖြစ်ပါသည်။
✵ သီရိအနန္တမာရ်အောင် မဟာဆုတောင်းပြည့်စေတီတော် ✵
ပေါင်းတည်မြို့တွင် ပေါ်တော်မူ ဘုရားဟု လူသိများသော စေတီတစ်ဆူရှိပါသည်။ မင်းကွက်(၂)ရပ်ကွက် ၁၅ လမ်းတွင်တည်ရှိသည်။
ပေါ်တော်မူဘုရားဟု အမည်တွင်ရခြင်းအကြောင်းမှာ စိတ်ဝင်စားစရာကောင်း၏ ။
မြေကြီးထဲကပေါ်လာတာလား ၊ ရေထဲကပေါ်လာတာလား ၊ မူလဘုရားပြိုပျက်လို့ ပေါ်လာတာလား … စသဖြင့် တွေးတောစဉ်းစားနေမိသည့်နောက် ဘယ်လိုပေါ်လာတာလဲဆိုတာ စူးစမ်းလေ့လာရှာဖွေမိပါတော့သည်။ ဘုရားရင်ပြင်တော်တစ်နေရာတွင် ကျောက်စာရုံကလေးဆောက်၍ ရေးထိုးထားသောဘုရားသမိုင်းမှတ်တမ်း ကျောက်စာ တိုင်လေးကိုတွေရသဖြင့် သိချင်နေသောအဖြေရခဲ့ပါသည်။
ထူးဆန်းပါ၏ … ကျွန်တော်တွေးထင်ထားသော ပေါ်လာခြင်းမျိုးမဟုတ်ပဲ မန်ကျည်းပင် ကျီးပေါင်းအတွင်းမှ ပေါ်ထွက်လာခြင်းဖြစ်သည်ဟု မှတ်တမ်းရေးထိုးထားသည်ကိုတွေ့ရလေသည်။
သို့ပါ၍ တွေ့ရှိသောကျောက်စာပါ မှတ်တမ်းကိုပဲကူးယူပြီး မျှဝေလိုက်ရပါသည်။
✵သီရိအနန္တမာရ်အောင် မဟာဆုတောင်းပြည့်စေတီတော်✵
မော်ကွန်းကျောက်စာ
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
သာသနာသက္ကရာဇ် ၂၄၅၃ - ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၂၇၁ - ခုနှစ် တံကူးလဆန်း(၁၁)ရက် စနေနေ့ နံက် အရှေ့ ဥဒည်တောင်စွန်းမှ ဖလ်ဝါနေဝန်းပေါ်ထွန်းစအချိန်သမယတွင် ယခုစေတီတော်မြတ်ကြီးသီတင်းသုံးရာ မြေများဥက္ကဌ မင်္ဂလာမြေမြတ်ဝယ် ဇေတဝန်ရွှေကျောင်းပမာ ကိန်းအောင်းစမ္ပယ်ရာမန်ကျည်းပင်ကြီး၏ ကြီးပေါင်းခရာ ပြသဒ်မုခ်ပေါက်မှ ဒေါ်အေးတင်အား သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့၏ညွှန်ပြမှုတို့ဖြင့် ရှေးသာသနာဒါယကာမင်းကောင်းမင်းမြတ်တို့ စဉ်ဆက်ကိုယ်းကွယ်ရာ သြဒါတရောင်လျှံတော်အပြည့်ဆောင်သည့် ရတနာဘော်ဝံသ ဗုဒ္ဓရုပ်ပွါးတော် (ဥဒိဿစေတီ)မြတ်ကို ပင့်ဆောင်ကိုးကွယ်ခွင့်ရခဲ့ပါသည်။ဘူမိနက်သံ မင်္ဂလာရက်မြတ် စန်းတာရာနက္ခတ်တို့ကိုင်လင့်၍ မကြာမြင့်မီကာလဝယ် ဦးရွှေမြတ် ၊ ဦးဘိုးမြ ၊ ဦးဘကျော် ၊ ဦးစံဦး အမှူးပြုသောဂေါပကအဖွဲ့ကိုဖွဲ့ပြီး မြို့သူနယ်သားတို့၏ ထက်သန်သောစေတနာ လှူဒါန်းသောအသပြာတို့ဖြင့် အဆိုပါ ဗုဒ္ဓကိုယ်စား ရုပ်ပွါးတော်ဘုရားနှင့် မြတ်ဗုဒ္ဓ၏သရီရဓာတ်တော် (ဓာတုစေတီ)တို့ကို ဌာပနာ၍ ဗုဒ္ဓရုပ်ပွါးတော်ပေါ်ရာ စည်မျက်နှာကဲ့သို့ ညီညာသော မြေများဦးကိုင် မင်္ဂလာမြေမဏ္ဍိုင်၌ စေတီတည်ထားကိုးကွယ်ခဲ့ပါသည် ။ စေတီတော်မြတ်ကို ပေါ်တော်မူစေတီဟု ဘွဲ့သညာမည်ဟီး မှဲ့ ခြီးပေးခဲ့ပါသည် ။
၁၂၉၂ - ခုနှစ်တွင် ဦးဘိုးမြ ၊ ဦးဘိုးရှင်တို့နှင့်အတူ ကုမ္မာရီများဖြစ်ကြသော ဒေါ်စိန်မြ ၊ ဒေါ်မွေ့နု ၊ ဒေါ်မြ ၊ ဒေါ်ကျွန်းတို့က ဦးဆောင်၍ အများကောင်းမှုဖြင့် စေတီတော်မြတ်ကို ထပ်မံ မွန်းမံပြုပြင်တော်မူခဲ့ပြန်ပါသည် ။ ဝတ္တကမြေမှာ ဦးဘိုးထယ် နှင့် ဦးထွန်းမောင်တို့၏ မိဘ ဘိုးဘွားများပိုင်မြေ ဖြစ်ပါသည် ။ တဖန် ၁၂၉၄ - ခုနှစ်တွင် ဦးဘိုးထယ် ၊ ဦးထွန်းမောင် ၊ ဦးဘိုးခင် ၊ ဦးမြတ်သာဦး ၊ ဦးထွန်းကောင်း ၊ ဦးဘိုးလှိုင် ၊ ဦးဘိုးဆိပ် တို့ကြီးမှူးသော ဂေါပကအဖွဲ့မှ လူထုအားဖြင့် စေတီတော်မြတ်ကြီးအား ကြည်ညိုဘွယ်ဖြစ်အောင် ထပ်မံပြုပြင်တော်မူခဲ့ပြန်ပါသည် ။
ထို့နောက် တဖန် ၁၃၁၉ - ခုနှစ်တွင် ဦးအေးမောင် ၊ ဦးလှဖြူ ၊ ဦးမောင်မောင်တို့ကြီးမှူးသည့် ဂေါပကအဖွဲ့မှ လူထု၏စေတနာသဒ္ဓါတရားဖြင့် စေတီတော်မြတ်ကြီးအား ညာဏ်တော် (၆)တောင် ထပ်မံမြှင့်ဆောင်၍ မွန်းမံပြုပြင်ခဲ့ပါသည် ။ ညာဏ်တော်မြှင့်ဆောင်ချိန်ဝယ် သာသနာ ၂၅၀၀ ပြည့်အထိမ်းအမှတ်အဖြစ် လင်္ကာဒီပ သီဟိုဠ် သီရိလင်္ကာ နိုင်ငံတွင်ကျင်းပသော (ဗုဒ္ဓဇေယန္တိ)ပူဇော်ပွဲသဘင်သို့ ပင့်ဆောင်ခြင်းခံရသည့် မြို့ကြီးဆရာတော် (ဦးပညာဇောတ) ပင့်ဆောင်လာသော အနုရာဓ မြို့၌ သီရိဓမ္မာသောကမင်း တည်ထားကိုးကွယ်ရာစေတီများမှရရှိသည့် ဗုဒ္ဓမြတ်စွာသရီရဓာတ်တော်များကို ရတနာရှိရာ ရတနာစုဘိအလား ငှက်ပျောဖူးအတွင်းဌာပနာ၍ ပူဇော်ခဲ့ပြန်ပါသည်။ ၁၃၃၇ - ခုနှစ်တွင်မူ ပေါင်းတည်မြို့ စွန်းလွန်းဆရာတော် ဦးသုဝဏ္ဏသီရိ အမှူးပြုပြီး ထီးတော်ကြီးကို အသစ်ဆက်ကပ်လှူဒါန်းပါသည် ။ ထို့ပြင် ဦးအုန်းရွှေ ၊ ဦးဘိုးထွန်း ၊ အမှူးပြုသော ဂေါပကအဖွဲ့မှ လုပ်သားပြည်သူတို့၏စေတနာဖြင့် ငှက်ပျောဖူးမှ ကြာပတ်အထိ မှန်စီရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပါသည်။ ၎င်းနှစ် တံကူးလပြည့် နေ့မှစ၍ လဆုတ်(၃)ရက် (နှစ်ဆန်း ၁ ရက်)နေ့
အထိ (၇၂) နာရီ အသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲကြီးကို ပေါင်းတည်မြို့နယ်အတွင်း ပဋ္ဌမဆုံးအကြိမ် ကျင်းပကာ သုဓမ္မာဂိုဏ်းချုပ် ဦးဝဏ္ဏသီရိ အမှူးပြုသည့် သံဃာတော်အပါး (၃၀)ကျော်ဖြင့် ရွတ်ဘတ်ပူဇော်ပါသည်။ သာသနာသက္ကရာဇ် ၂၅၂၀ ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၃၃၈ - ခုနှစ် တံကူးလဆုတ်(၇)ရက် (နှစ်ဆန်း ၁ ရက်) ၊ ခရစ်နှစ် (၁၆ - ၄ - ၁၉၇၆ ) သောကြာနေ့ နံက် (၉)နာရီအချိန်တွင်သုဓမ္မာဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးမှူးသည့် သံဃာတော်အရှင်သူမြတ်တို့အား လျှောက်ကြားကာ ယခင် ဘွဲ့မည်တော်ဟောင်း ပေါ်တော်မူစေတီအား ယခုဘွဲ့မည်တော်သစ်
❝ သီရိအနန ္တမာရ်အောင် မဟာဆုတောင်းပြည့်စေတီတော် ❞
ဟုသမုတ်ပါသည်။
ကပ်ကမ္ဘာရှည်ကြာ တည်ပါစေသား (စိရံ ၊ တိဋ္ဌတု ၊ သာသနံ)
သီရိအနန္တမာရ်အောင် မဟာဆုတောင်းပြည့်စေတီတော် ဂေါပကအဖွဲ့
နိဗ္ဗာန်ကိုရည်မှန်း၍ (ကျောက်စာ နှင့် ကျောက်စာရုံ)ကို ပေါင်းတည်မြို့ (၁၇)လမ်း မိဘဖြစ်သူ (ဦးမောင်ကြီး + ဒေါ်လေး)တို့အား အမှူးထားလျှက် သမီးဖြစ်သူဒေါ်ပို ၊ (မောင်)ကိုသူငယ် ၊ (ညီ)ကိုအေးမောင်မိသားစုတို့က စေတနာသုံးတန်ပြဌာန်းပြီး ၁၃၃၈ - ခုနှစ်တွင်လှူဒါန်းပါသည်။
**********************
ဤသည်မှာ ကျောက်စာပါဖော်ပြချက်ဖြစ်ပါသည် ။
No comments:
Post a Comment