April - 12 - 2015 က Zawgyi font ဖြင့်တင်ခဲ့သော blog post ကို Unicode ဖြင့်ပြန်တင်ခြင်းဖြစ်ပါသည်။
** သမိုင်းဝင် မြသိန်းတန်စေတီတော် **
----------------------------
နန်းတော်ဦးစေတီဘက်မှ ဖူးတွေ့ရသော မြသိန်းတန်စေတီတော်
----------------------------
မြို့ရိုးဟောင်း ကုန်းပေါ်မှ ဖူးတွေ့ရသော မြသိန်းတန် စေတီတော်
-------------------------------------
မြသိန်းတန်စေတီတော် မြောက်ဘက်ရှိ နန်းတော်ဦးစေတီ
----------------------
Google Earth View
-------------------
စေတီ ရင်ပြင်ပေါ်ရှိ အုတ်ချပ်စာများ
-----------------------
ပဲခူးတိုင်း ၊ ပေါင်းတည်မြို့ မြောက်ဘက် ၃ မိုင်ခန့်အကွာ ဘုရားငါးဆူရွာအလွန် မြို့ကြီးရွာအနီး လယ်ကွင်းပြင်တွင်တည်ရှိသော မြသိန်းတန်စေတီ နှင့်ပါတ်သက်ပြီး ဟိုးယခင် ငယ်စဉ်ကတည်းက စိတ်ဝင်စားစရာ ဒဏ္ဍာရီပုံပြင်တွေ နားထောင်ရတာ ရိုးတယ်လို့မရှိ ။ နားထောင်ပြီးသားထပ်ပြောလည်း နားထောင်ကောင်းတာပါပဲ ။
တကယ်တော့ ပေါင်းတည်မြို့ဟာ မူလအစ ပထမတုံးက မြို့ကြီးရွာဖြစ်တယ်လို့ ရှေးလူကြီးများပြောခဲ့ကြသည် ။ ယခုတိုင်အောင်မြို့ကြီးရွာအနီးမှာ မြို့ရိုးဟောင်း အရာ ရှိနေတုံးပါပဲ။ မြေပြင်ပေါ် ထင်ထင်ရှားရှား ပေါ်လွင်စွာမရှိတော့ပေမယ့် အုတ်ချပ်များ စေတီများ နန်းတော်ရာများရှိနေသည် ။လေးထောင့်ကျကျ မြေကန်သင်းကြီးလို ရှိနေသေးသည်။ သမိုင်းလေ့လာသူများအဆိုကတော့ ပေါင်းတည်မြို့ဟာ သရေခေတ္တရာခေတ်ကတည်းက ကင်းမြို့ဖြစ်ခဲ့တယ်လို့ဆိုတယ်။ သရေခေတ္တရာ မြို့ပြနိုင်ငံကြီးဟာ မြန်မာ့သမိုင်း အဦးအစပိုင်းမှာပေါ်ပေါက်ခဲ့တဲ့ ပျူနိုင်ငံတော်ကြီးလို့ပြောနိုင်လောက်အောင် အထောက်အထား ကျောက်စာ ပရပိုဒ်စာတွေနဲ့ စေတီပုထိုးတွေနဲ့ ယနေ့ထိအောင်တွေ့မြင်နေရသေးတယ် ။
မြသိန်းတန်စေတီဟာ အဲဒီ မြို့ကြီးရွာအနီးက မြို့ရိုးဟောင်း အရာ လေးထောင့်ပုံ ရဲ့အတွင်းဘက် အရှေ့တောင်ဘက်ယွန်းယွန်းလောက်မှာရှိပါတယ်။
စေတီရဲ့သမိုင်းနဲ့ပတ်သက်ပြီး မှတ်တမ်းတိုတိုလေးတွေ့ရပါတယ် ။ ခိုင်လုံတဲ့ သက်သေအထောက်အထားတော့မတွေ့ရပါဘူး။ အဲဒီမှတ်တမ်းတိုလေးကိုဘယ်သူကရေးခဲ့တာလဲဆိုတာမသိပါဘူး။ ဒါပေမယ့် ဘာမျှ မရှိတာထက် အဲဒီမှတ်တမ်းတိုလေးကိုပဲလေ့လာကြည့်မိတယ်။
၁၉၉၂-ခုနှစ်ကထုတ်ဝေခဲ့တဲ့ ပေါင်းတည်မဂ္ဂဇင်း မှာ သုတေသီတစ်ဦး ရေးသားသော "ပေါင်းတည်မိတ်ဆက်" ဆောင်းပါးတွင် "ဒွတ္တပေါင်မင်းကြီး၏ မိဖုရားငယ် ဥမ္မလဒေဝီ တည်ထားကိုးကွယ်ခဲ့သော မြသိန်းတန်စေတီသည်ပေါင်းတည်မြို့၏မြောက်ဖက် ၃ မိုင်ခန့်ဝေးသောမြို့ကြီးရွာအနီးတွင်တည်ရှိပါသည်။ မိဖုရား၏ မြနားပန်၊ မြလက်စွပ်၊ တစ်သိန်းတန်သည့်မြဘယက်တို့ကို ဌာပနာသဖြင့် မြသိန်းတန်စေတီဟုခေါ်တွင်ပါသည်" ဟုအကျဉ်းဖော်ပြထားတာတွေ့ရပါတယ်။မည်သည့်ကျမ်းကို မှီငြမ်းကိုးကားသည်ဟု တော့ဖော်ပြမထားပါ။
ဤတွင် ဒွတ္တပေါင်မင်းကြီး၏ မိဖုရားဆိုသည့်အတွက် လေ့လာသောအခါ သာသနာနှစ် ၁ဝ၁ ခုနှစ် (BC-443)တွင် သရေခေတ္တရာပြည်ကြီးကိုတည်ထောင်သော ဒွတ္တပေါင်မင်းကြီးတွင်မိဖုရား ၄ ပါးရှိခဲ့သည် ။
✹ တောင်နန်းစံဒေဝီ မိဖုရား သီရိစန္ဒာ ✹
ပျူမိဖုရား နမ်းခမ်း ၏သမီးတော်ဖြစ်သည်။ သားတော် ဒွတ္တရန် မွေးဖွားခဲ့သည်။
✹မြောက်နန်းစံမိဖုရား ဥမ္မာရဒေဝီ ✹
ပျူမိဖုရား နမ်းခမ်း၏မောင် ကန္နဒေဝ မင်းသား၏သမီးဖြစ်သည်။ သားတော် ဒွတ္တဇံ ဖွားမြင်ခဲ့သည် ။
✹ အလယ်နန်းစံမိဖုရား ပန်ထွာ မင်းသမီး ✹
စန္ဒမုခိ ဘီလူးမ၏သမီးဖြစ်၏ ။ ပိဿနိုးဘုရင်မ ဖြစ်သည်။ ဘဝဟောင်းက ဒွတ္တပေါင်မင်းက ပွေးဖိုလေးဖြစ်ပြီး ပန်ထွာမင်းသမီးက ပွေးမလေးဖြစ်ခဲ့သည်။ သားတော်ဒွတ္တရာဇ် ကိုဖွားမြင်ခဲ့သည်။
✹အနောက်နန်းစံမိဖုရား ဘေစန္ဒီ ✹
ဧရပတ္တ နဂါးမင်း၏သမီးဖြစ်သည်။ သမီး လေးယောက်ဖွားမြင်သည်။ သုဝဏ္ဏမာလာ ၊ ကဉ္စနမာလာ၊ ဟေမမာလာ၊ သီရိမာလာ ၊ တို့ဖြစ်သည်။
အဲဒီမှာ ဥမ္မာရဒေဝီ မိဖုရား သည် မြောက်နန်းစံမိဖုရားဖြစ်ပြီး သူရဲ့သားတော် ဒွတ္တဇံ မင်းသားဟာ မဇ္ဈိမဒေသမှကြွလာသော အရှင်ဓမ္မရက္ခိတ ရဟန္တာမထေရ်၏တရားတော်ကိုနာကြားရပြီးတရားထူးသိမြင်သွားတယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ တောရဆောက်တည်ပြီး ရဟန္တာဖြစ်သွားတယ်လို့ဆိုပါတယ်။ ဒွတ္တဇံမင်းသား၏ ရဟန်းဘွဲ့အမည်က အရှင်စန္ဒာသီရိ ဖြစ်ပြီး သူနှင့်အတူ ပန်ထွာမိဖုရား၏သားတော် ဒွတ္တရာဇ် မင်းသားသည်လည်း ရဟန္တာဖြစ်ပြီး အရှင်စန္ဒာဂရာဇ် လို့ဘွဲ့အမည်ရပါတယ်။ ဤအရှင်နှစ်ပါး တောရဆောက်တည်ပြီး မဂ်ဖိုလ် စခမ်းအောင်မြင်ပေါက်မြောက်ရာနေရာက ယခု ပုတီးကုန်းမြို့အနီးမှ ရွှေကျောင်းဆောင် အောင်မြေတောရဖြစ်တယ်လို့ဆိုပါတယ် ။
မြို့ကြီးရွာနှင့် ရွှေကျောင်းဆောင်အောင်မြေတောရဟာ သိပ်အလှမ်းအဝေးကြီးတော့မဟုတ်ပါဘူး ခြေလျှင်သွားရင် တစ်နေ့ခရီးလောက်ပါပဲ။ သမိုင်းကပါတဲ့ အချက်အလက်နီးစပ်တာကိုတွေ့မိတာပါ။ အရှင်စန္ဒာသီရိရဲ့ မယ်တော် မြောက်နန်းစံ ဥမ္မာရဒေဝီ မိဖုရားသည်လည်း သရေခေတ္တရာသို့ကြွလာသော အသောကမင်းကြီး၏ သမီးတော် ဘိက္ခုနီရဟန္တာ နန္ဒာထေရီ ၏တရားကိုနာကြားရပြီး သောတပန်ဖြစ်ခဲ့သည်။ နောက်ပိုင်း ဘိက္ခုနီပြုပြီး ဆက်လက်အားထုတ်ရာ ဥမ္မရထေရီ ရဟန္တာ ဖြစ်သွားခဲ့ပါသည်။
ဥမ္မာရဒေဝီ မိဖုရားသည် သားတော်ကလည်း ရဟန္တာဖြစ် သူကိုယ်တိုင်လည်း ရဟန္တာဖြစ် ရွှေကျောင်းဆောင်အောင်မြေတောရနှင့်လည်းဆက်စပ်နေ၍ အလှမ်းမဝေးလှသော မြို့ကြီးရွာအနီးက မြသိန်းတန်စေတီကို တစ်သိန်းတန် မြလက်ဝတ်ရတနာ များဖြင့်ဌာပနာပြုတည်ထားခဲ့သည်ဆိုသည်မှာ အလွန်နီးစပ်သော သမိုင်းဆက်စပ်မှုရှိနေကြောင်းလေ့လာတွေ့ရှိရပါသည်။
စေတီတော်၏ ပိသုကာလက်ရာမှာမူ သရေခေတ္တရာ ပိသုကာလက်ရာများနှင့် သိပ်မတူသော်လည်း အင်းဝခေတ် ကုန်းဘောင်ခေတ် တို့တွင်ပြုပြင်ခံခဲ့ရလျှင် မတူနိုင်တော့ပါ။
နောက်တစ်ချက် တွေ့ရတာကတော့ ဒွတ္တပေါင်မင်းကြီးသည် သရေခေတ္တရာ မင်းနေပြည်ကြီးကိုတည်ရာတွင် ကုန်း ကိုးကုန်း ၊ ဘုရားကိုးဆူ ၊ ကန်ကိုးကန် ၊ စသဖြင့် ကိုးနဝင်းကိုက် အစီအမံများဖြင့်တည်ခဲ့ရာ ဘုရားကိုးဆူ စာရင်းတွင် မြသိန်းတန်ဘုရား (ပေါင်းတလည်ရွာ - ဘပြင်ရွာအနီး) ဟုပါရှိပါသည်။ ထို့ကြောင့် မြသိန်းတန်စေတီ ဟု ဘွဲ့အမည်တွင်သော အခြားစေတီများ ရှိသေးသည် ကိုတွေ့ရသောကြောင့် ရှေးအခါက မင်းမိဖုရားများသည် မိမိတို့ နှစ်သက်မြတ်နိုး တန်ဘိုးထားသည့် မြ လက်ဝတ်ရတနာများ ကို ဌာပနာ၍ (သို့မဟုတ်) ထုခွဲ၍ စေတီများတည်ထားကိုးကွယ်လေ့ရှိကြသည်ဟု ယူဆနိုင်ပါသည် ။ ပေါင်းတည်မြို့ မြောက်ဘက် မြို့ ကြီးရွာ အနီးမှ မြသိန်းတန်စေတီ သည်လည်း ထိုစေတီများအနက်မှ စေတီတစ်ဆူဖြစ်မည်ဟု ခန့်မှန်းယူဆနိုင်ပါသည်။ သမိုင်းအထောက်အထား အတိအကျ အခိုင်အမာ ဖော်ပြရန်ခက်ခဲခြင်းသည်ပင် အလွန်ရှေးကျကြောင်း ယူဆနိုင်ပါသည်။ လက်လှမ်းမီသ၍ သိရှိရသော စေတီတော်ပြုပြင်မှုသမိုင်းမှတ်တမ်းများကတော့
မြန်မာသက္ကရာဇ် ၁၂၆၈ ခုနှစ်တွင် မူလ မြသိန်းတန်စေတီတော်ကို ညောင်မြို၍ ပျက်စီးနေသောကြောင့် ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက်ဆရာတော်ကြီး ဦးဝိမလက စေတီတော်ကို ငုံပြီး ပြုပြင်တည်ထားလေသည်။
ထို့နောက် တစ်နှစ်အကြာတွင် ပြိုကျပြန်သဖြင့် ဦးမြိုင် ဆိုသူက ဘုရားဒါယကာပြု၍ ပြန်လည်တည်ထားကိုးကွယ်ခဲ့ပြန်သည်။
ဤမှစ၍ နောက်ပိုင်းတွင် စေတီတော်ကြီးအား ထီးတော်တင်ခြင်း ကို မြန်မာသက္ကရာဇ် ၁၃၅၉ ခုနှစ်တွင်တစ်ကြိမ် ၊ ၁၃၆၆ ခုနှစ်တွင် တစ်ကြိမ် ၊ ၁၃၇၅ ခုနှစ်တွင်တစ်ကြိမ် ရွှေထီးတော်တင် ရွှေသင်္ကန်းကပ်ခြင်း နောက်ဆုံး ရွှေထီးတော်တင်သည့် ၁၃၇၅ ခုနှစ်တွင် ခေါင်းလောင်းမှအထက် ငှက်ပျောဖူး စိန်ဖူးတော်တို့ ထိ လိုအပ်သည်များကို ပြုပြင်ခဲ့ပါသည် ။
ယခုအခါ မြို့ကြီးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးညာဏောဘာသ ၏ ဦးဆောင်မှုဖြင့် စေတီတော်ကြီးကို ပြုပြင်ထိမ်းသိမ်း လျှက် ကျေးရွာသူကျေးရွာသား မြို့သူမြို့သားတို့ ကိုးကွယ်ပူဇော်ရာ သမိုင်းဝင်စေတီတော်အဖြစ် သပ္ပါယ်စွာ တည်ရှိနေပါသည်။
ပေါင်းတည်မြို့နယ်အတွင်းရှိ သမိုင်းဝင်မြသိန်းတန်စေတီတော်နှင့်ပါတ်သက်၍ လက်လှမ်းမီသလောက် အကြောင်းအရာများကို စုဆောင်းဖော်ပြလိုက်ရပါသည် ။
သတ္တဝါအပေါင်း ဘေးဘယာ ဝေးကွာ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ …
[ ကိုးကား > သက်ကယ်ပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ကြီး ဦးဥတ္တရ ၏ မှတ်စု ၊ မြို့ကြီးရွာဘုန်းတော်ကြီးကျောင်းဆရာတော် ဦးညာဏောဘာသာ ၏ မှတ်စု ၊ ပြည်မြို့ ရွှေဆံတော် စေတီတော်သမိုင်း ၊ ဦးကုလား မဟာရာဇဝင်တော်ကြီး ၊ 1992- ခုနှစ် ထုတ်ဝေသော ပေါင်းတည်မဂ္ဂဇင်း ]
No comments:
Post a Comment