Thursday, December 11, 2014
"ပေါင်းတည်သား ပါမောက္ခချုပ်"
    လွတ်လပ်ရေးရပြီးကာစ မြန်မာနိုင်ငံပြန်လည်ထူထောင်တဲ့အခါမှာ မြန်မာပြည်မှာ ပညာတတ်တွေအများကြီး လိုအပ်ခဲ့ပါတယ် ။ အဲဒီထဲမှာ ပညာလည်းတတ် တတ်သည့်ပညာဖြင့် တိုင်းပြည်တာဝန်ကို ထိထိရောက်ရောက် အကျိုးပြုနိုင်ခဲ့တဲ့ ပေါင်းတည်သားတစ်ယောက် အကြောင်း ပြောပြချင်ပါတယ် ။ သူကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော စီးပွါးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးလှိုင်ဖြစ်ပါသည် ။
       ဒေါက်တာ ဦးအေးလှိုင်ကို 1921 ခုနှစ် သြဂုတ်လ 12 ရက်နေ့မှာ အဘ-ဦးစိန်အုပ် အမိ-ဒေါ်အိ တို့မှ ပေါင်းတည်မြို့တွင် မွေးဖွါးခဲ့ပါသည် ။ ကိုလိုနီခေတ်မှာကြီးပြင်းခဲ့ရသော်လည်း ပညာထူးချွန်အောင်ကြိုးစားခဲ့သည် ။ အင်္ဂလိပ် မြန်မာ အစိုးရအထက်တန်းကျောင်း (ယခု မြို့မ အ.ထ.က) မှ 1940 ခုနှစ်တွင် ၁၀ တန်းအောင်ခဲ့ပါသည် ။ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွါးလာသောကြောင့် 1947 ခုနှစ်တွင်မှ ရန်ကုန်တက္ကသိုလ်မှ B.A ဘွဲ့ရခဲ့ပါသည် ။ ထို့နောက် ရန်ကုန် တက္ကသိုလ်တွင် နည်းပြဆရာ ၊ မန္တလေးနှင့်ရန်ကုန်တက္ကသိုလ်တို့တွင် လက်ထောက်ကထိက ၊ ရန်ကုန်တက္ကသိုလ်တွင် ကထိက နှင့် ပါမောက္ခ တာဝန်များ ထမ်းဆောင်ခဲ့ပါသည် ။
    1963-ခုနှစ် တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် ပညာရေးဝန်ကြီးဌာန ၏ တာဝန်ပေးအပ်ချက်အရ ဆရာကြီးသည် စီးပွါးရေးတက္ကသိုလ်တည်ထောင်ရေးအတွက် ပဏာမ လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရသည်။ 
     ဆရာကြီးသည် တဖက်တွင် တက္ကသိုလ်နှင့် သက်ဆိုင်သောဥပဒေပြဌာန်းချက်များသာမက ဖွဲ့စည်းပုံများကိုပါ ပြီးပြည့်စုံအောင် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရသော ကြီးမားသောလုပ်ငန်းများကိုဆောင်ရွက်ရပြီး အခြားတဖက်တွင် တက္ကသိုလ်အတွက် လိုအပ်သည့် အဆင့်ဆင့်သော အရာထမ်း ၊ အမှုထမ်းများ ခန့်ထားရေးအထိ အောက်ခြေသိမ်း အသေးစိတ်လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရသည် ။
      တက္ကသိုလ်အတွက် အရေးအကြီးဆုံးဖြစ်သည့် ဘာသာရပ် သင်ကြားရေးအစီအစဉ် (academic programme) ကိုလည်း ဆရာကြီးကဦးစီးပြီး ဝါဏိဇ္ဇဗေဒ ၊ စာရင်းအင်းပညာ ၊ သင်္ချာ ၊ ပထဝီ ၊ မြန်မာစာ ၊ အင်္ဂလိပ်စာ ဌာနမှူးများနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ရပါသည် ။ 
      1964-ခုနှစ်၊ နိုဝင်ဘာလတွင် စီးပွါးရေးတက္ကသိုလ်ကြီး တည်ထောင်ကြောင်း ပညာရေးဝန်ကြီးဌာနက အမိန့်ပြဌာန်းပြီး တက္ကသိုလ်၏ပညာရေးအဖွဲ့ကို ခန့်အပ်ပါသည်။ထိုအဖွဲ့တွင် လက်ဝဲပညာရှင်ကြီးများဖြစ်သော ဦးဘညိန်(B.C.S ပမညတ အမတ်) ၊ ဦးသိန်းဖေမြင့် ၊ ရဲဘော်ချမ်းအေး ၊ သခင်ကျော်စိန် ၊ တို့ပါဝင်ခဲ့ကြသည် ။ သို့သော် တက္ကသိုလ်၏ သင်ရိုးညွှန်းတန်းများတွင် တဖက်သတ် နိုင်ငံရေးသဘောတရား ကင်းစင်အောင်ပြုလုပ်နိုင်သည်မှာ ဆရာကြီး၏ဆောင်ရွက်မှုကြောင့်ပင်ဖြစ်ပါသည်။ သင်ရိုးတွင် လက်ဝဲဝါဒီအခြေခံသဘောတရားဖြစ်သော Dialectical Materialism မပါဝင်သဖြင့် လက်ဝဲအုပ်စု၏အပြင်းအထန်ကန့်ကွက်မှုကို ဆရာကြီးက သတ္တိရှိစွာ ဖြေရှင်းညှိနှိုင်း နိုင်ခဲ့ပါသည်။ 
      စီးပွါးရေးပညာဘွဲ့ကို 1951 ခုနှစ် တွင် အင်္ဂလန်နိုင်ငံ London School of Economics မှ B.Sc (Econ.)  ကိုရရှိပြီး 1965 ခုနှစ်တွင် London School of Economics မှပင် Ph.D (Econ.)ဘွဲ့ကို ရရှိခဲ့ပါသည် ။ 
      ဆရာကြီး၏ ဒေါက်တာဘွဲ့ သုတေသနစာတမ်းသည် မြန်မာနိုင်ငံ၏စီးပွါးရေး ဖွံ့ဖြိုးမှုသမိုင်းအတွက်လည်းကောင်း GDP တွက်ချက်ပုံနည်းနိဿယအတွက်လည်းကောင်း အထူးအရေးပါသော သုတေသန စာတမ်းဖြစ်ပါသည် ။ ဤစာတမ်းကို A Study of the Economic Development of Burma, 1870-1940 ခေါင်းစဉ်ဖြင့် စီးပွါးရေးတက္ကသိုလ်က ပုံနှိုပ်ထုတ်ဝေခဲ့ပါသည် ။ မြန်မာနိုင်ငံ၏ 1901-ခုနှစ်မှ 1939-ခုနှစ်ထိ GDP ကို ဤစာတမ်းတွင် တွက်ချက်တင်ပြထားပါသည် ။
      ဆရာကြီးသည် အမှတ်(၁၈) ၊ ပုဂံလမ်း နေအိမ် တွင်နေထိုင်ပြီး  1975 ခုနှစ်အထိ စီးပွါးရေးတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
           1975-ခုနှစ်မှ 1981-ခုနှစ်ထိ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည် ။ 
         1981-ခုနှစ်မှ 1985-ခုနှစ်အထိ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
       1994-ခုနှစ် ဖေဖော်ဝါရီလ အသက်(၇၄)နှစ် တွင် ကွယ်လွန်ခဲ့ပါသည် ။ ဇနီးသည် ဆရာမကြီးဒေါ်ရိန်ကြည် နှင့် သမီး သုံးဦး ကျန်ရစ်ပါသည် ။
           ယခုအခါ ဆရာကြီး၏ ပုံတူ ရုပ်တုကြီးတစ်ခုကို ရန်ကုန်စီးပွါးရေး တက္ကသိုလ်၏ရှေ့တွင်မားမားမတ်မတ် ဂုဏ်ပြုစိုက်ထူထားလျှက်ရှိပါပြီ ။       ဆရာကြီး၏ ထူးချွန်သောဆောင်ရွက်မှုများစွာကို ဤမှတ်စုကလေးဖြင့် ပြည့်စုံစွာဖော်ပြနိုင်ခြင်းမရှိပါ ။ နောင်လာနောက်သား ပေါင်းတည်သားတို့ အတုယူစရာ ဂုဏ်ယူစရာအဖြစ် လက်လှမ်းမီသလောက်ကိုသာ စုဆောင်းရေးသားလိုက်ရပါသည် ။ သိလိုသည်များကို ကူညီရှာဖွေပေးသော ဒေါ်တင်ရီ (၆)လမ်း  သီရိရတနာ ပေါင်းတည်မြို့ နှင့် ဒေါ်တင်ရီ ရန်ကုန်မြို့  တို့အားအထူးကျေးဇူးတင်ရှိပါသည် ။
    [ကိုးကား > စီးပွါးရေးတက္ကသိုလ်ကို ပုံဖော်ထုဆစ်ကြသူများ (ရွှေရတုအထိမ်းအမှတ်)၊ မိသားစု မှတ်တမ်း ]
   12-12-2014 တွင်ရေးသားပါသည် ။
Wednesday, November 26, 2014
"ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက် အာဂမဇောတိကာရုံစာသင်တိုက်"
     ပေါင်းတည်မြို့ပေါ်ရှိ ရှေးအကျဆုံး သာသနာ့နယ်မြေဖြစ်သော ရွှေကျောင်းကြီးတိုက်အတွင်း ပါဝင်သည် ။
ရွှေကျောင်းကြီးတိုက် ဝင်းအတွင်းတွင်ရှေးအခါက ကျောင်းများစွာတည်ရှိခဲ့ဘူး၏ ။ လက်လှမ်းမှီသလောက်ရှာဖွေလေ့လာကြည့်ရာ 
  ၁။ သဒ္ဓမ္မဇောတိကာရုံကျောင်း 
  ၂။ အာဂမဇောတိကာရုံကျောင်း 
  ၃။ သာသနာ့ဇောတိကာရုံကျောင်း 
  ၄။ မင်္ဂလာကျောင်းသစ် 
  ၅။ ဝေဠုဝန်ကျောင်း 
  ၆။ ပြည်လုံးချမ်းသာကျောင်း
  ၇။ ရန်ကုန်ကျောင်း 
  ၈။ ဓမ္မမာလာကျောင်း
  ၉။ မန္တလေးကျောင်း 
၁၀။ မဟာအောင်မြေကျောင်း 
၁၁။ တမာပင်ကျောင်း 
၁၂။ လေးထပ်ကျောင်း 
၁၃။ မဲခေါင်းကျောင်း 
၁၄။ ရုပ်စုံကျောင်း 
၁၅။ ကန်ဦးကျောင်း 
၁၆။ ပြည်ကျောင်း 
၁၇။ အသင်းကျောင်း 
  စသည့်ကျောင်းများကိုစုပေါင်းကာ ရွှေကျောင်းကြီးတိုက်ဟုခေါ်တွင်ခဲ့ကြသည် ။ကျောင်းတိုက်ဝင်းအတွင်း သိမ် တစ်ခုသာသမုတ်ထားသည် ။ ကထိန်ခင်းလျှင်လည်း ထိုဝင်းအတွင်းရှိကျောင်းများအားလုံးအတွက် တစ်ကြိမ်သာခင်းရသည် ။ 
   ရွှေကျောင်းကြီးတိုက်အတွင်းရှိ သာသနာ့ဇောတိကာရုံကျောင်း ခေါ် ငှက်ပျောတောကျောင်းတွင် ဆရာတော်ကြီး ဦးဝိဇယ သီတင်းသုံးတော်မူစဉ် တပည့် လက်ထောက် ဆရာတော် ဦးကုဏ္ဍလ သည်လည်း အတူ သီးတင်းသုံးနေထိုင်ခဲ့၏ ။ 
    ထိုစဉ်က မင်းသားကြီးကန် အနောက်ဘက် တွင် ကျောင်းထိုင်မရှိသော အသင်းကျောင်းဟုခေါ်တွင်သည့် ကြက်ခြေခတ်ပုံ အဆောင်ဖွဲ့၍ဆောက်ထားသော သစ်သားကျောင်းလေးတစ်ကျောင်းရှိ၏ ။ ဥပုဿ်နေ့များတွင် သီလယူကြသော လူကြီးများ ဤကျောင်းကလေးပေါ်တွင် အနားယူရင်း တရားဆွေးနွေးကြသည်ဟုဆို၏။ ဆရာတော် ဦးကုဏ္ဍလ သည်ဥပုဿ်နေ့များတွင် ထိုအသင်းကျောင်းလေးတွင် ဥပုသ်သည်များကိုသီလပေးရန်ကြွရောက်လေ့ရှိရာမှ နောင်တွင် ကျောင်းထိုင်အဖြစ်သီတင်းသုံးနေထိုင်ခဲ့သည်ဆို၏ ။ ကြက်ခြေခတ်ပုံကျောင်းဆောင်ကိုအစွဲပြု၍ စင်္ကြာကျောင်းဟု အမည်တွင်ခဲ့၏ ။ ဤစင်္ကြာကျောင်းမြေနှင့်တပြေးတည်းတစပ်တည်းနေရာတွင် ယခင်က ဆရာတော်ကြီး ဦးပဏ္ဍိ ကျောင်းထိုင်ခဲ့သောရုပ်စုံကျောင်းရှိခဲ့ဘူး၏ ။ ဒုတိယကမ္ဘာစစ်မီးကြောင့် ဗုံးဒဏ်ထိကာပြိုပျက်သွားခဲ့ရသည်ဆို၏ ။ နောင်အခါ ထိုရုပ်စုံကျောင်းနေရာတွင် ကျောင်းဒါယကာကြီး ဦးသန်းရွှေ (၂ လမ်း)က မူလစင်္ကြာကျောင်းပုံစံကဲ့သို့ အဆောင်လေးဘက်ထွက် တိုက်ကျောင်းတစ်ဆောင်ကို ၁၃၁၃ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ပါသည် ။ 
      ထို့ပြင် ကန်ဦးကျောင်းသည်လည်း မြေနေရာတစပ်တည်းရှိခဲ့ရာ နောင်အခါ ကန်ဦးကျောင်းတွင် ကျောင်းထိုင်မရှိတော့သည့်အတွက် တိုက်သံဃာတို့၏သဘောတူညီချက်ဖြင့် အာဂမဇောတိကာရုံကျောင်းတွင်ထည့်ပေါင်းလျှက် ယခုအခါ ထိုကန်ဦးကျောင်း နေရာနှင့် ပြိုပျက်စပြုနေပြီဖြစ်သောဘုရားတိုက်အဟောင်းကိုဖျက်၍ သာသနာ့ဗိမ္မာန် နှစ်ထပ်ကျောင်းကြီးတည်ဆောက်ထားပါသည်။
      နောက်ထပ် ဤသို့တစပ်တည်းရှိသော မဟာအောင်မြေကျောင်းသည်လည်း ကျောင်းထိုင်အဆက်ပြတ်သဖြင့် ထိုမဟာအောင်မြေကျောင်းနေရာကို အလယ်တွင်လမ်းနေရာခြားလျှက် တစ်ခြမ်းကိုအာဂမဇောတိကာရုံကျောင်းနှင့်ပေါင်းပြီးကျန်တစ်ခြမ်းကို ဓမ္မမာလာကျောင်းနှင့်ပေါင်းခဲ့ပါသည် ။ 
      ထို့ကြောင့် ယခုလက်ရှိ အာဂမဇောတိကာရုံကျောင်းတိုက်သည် အသင်းကျောင်းခေါ်စင်္ကြာကျောင်း ၊ ရုပ်စုံကျောင်း၊ ကန်ဦးကျောင်း၊ မဟာအောင်မြေကျောင်းတစ်ခြမ်း တို့ပေါင်းစပ်ထားသောမြေနေရာဖြစ်ပါသည် ။
   ဆရာတော်ကြီးဦးကုဏ္ဍလ မကျန်းမမာဖြစ်လာသောအခါ တပည့်ဖြစ်သူ ပုတီးကုန်းသိုက်တောကျောင်းမှ ဆရာတော်ဦးကောဏ္ဍည မှလိုက်၍ပြုစုစောင့်ရှောက်ပေးခဲ့ရ၏ ။ ထို့နောက် ဆရာတော်ကြီးဦးကုဏ္ဍလ ပျံလွန်ပြီးလေသော် ကျောင်း၏ဥပါဌာက ဒါယကာများ၏ပင့်လျှောက်ချက်အရ ဆရာတော်ဦကောဏ္ဍည မှ ဆက်၍ ကျောင်းထိုင်ခဲ့ပါသည် ။ ဆရာတော်ကြီးဦးကုဏ္ဍလ ကျောင်းစထိုင်ကတည်းက စာသင်သံဃာများ မွေး၍ စာသင်တိုက်အဖြစ်ရပ်တည်ခဲ့ရာ ဆရာတော်ဦးကောဏ္ဍည လက်ထက်တွင်လည်း ဆက်လက်ပြီး ပရိယတ္တိ လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်ခဲ့ပါသည် ။ ကျောင်းတိုက်အမည်ကိုလည်း ဆရာတော်ကြီးဦးကောဏ္ဍည လက်ထက်တွင် အာဂမဇောတိကာရုံစာသင်တိုက်ဟု ခေါ်တွင်ခဲ့ပါသည် ။ အရပ်ထဲမှာတော့ စင်္ကြာကျောင်းဟုလူသိများလေ၏ ။ 
   ဆရာတော်ဦးကောဏ္ဍည စတင်ကျောင်းထိုင်သည်မှာ ၁၃၂၃ ခုနှစ်ဖြစ်သည်ဟုသိရပါသည် ။ ဆရာတော်ကြီး ဦးကုဏ္ဍလ ကျောင်းစတင်ထိုင်သည့်ခုနှစ်ကိုမူ မှတ်တမ်းမတွေ့ရပါ ။ ဆရာတော်ဦးကောဏ္ဍည ကျောင်းစထိုင်စဉ်ကပင် တိုက်အုပ်ဆရာတော် ဦးပညာဝံသ သည် ဆရာတော်နှင့်အတူ ကျောင်းတိုက်သို့ရောက်ခဲ့သည်ဟုဆို၏ ။
  ဆရာတော်ဦးကောဏ္ဍညသည် ၁၃၆၆ ခုနှစ်တွင် ပျံလွန်တော်မူပြီးနောက် တိုက်အုပ်ဆရာတော် ဦးပညာဝံသ ကဆက်လက်၍ ကျောင်းထိုင်ဆရာတော်အဖြစ် အုပ်ချုပ်ကာစာသင်သံဃာ ( ၁၀၀  )ကျော်ဖြင့် ပရိယတ္တိသာသနာတာဝန်များကိုထမ်းရွက်လျှက်ရှိပါသည် ။
      ဤမှတ်စုရေးသားနိုင်ရန် မေးသမျှစိတ်ရှည်စွာဖြေကြားပေးပါသော အာဂမဇောတိကာရုံကျောင်းပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာဝံသ(သဒ္ဓမ္မဇောတိကဓဇ) ၊ အချက်အလက်များကူညီရှာဖွေပေးသောစာချဆရာတော် ဦးဃောသီတ(သာသနာ့ဓဇဓမ္မာစရိယ) တို့အား အထူးကျေးဇူးတင်ရှိပါသည်။
[ကိုးကား>အာဂမဇောတိကာရုံကျောင်းဆရာတော် ဘဒ္ဒန္တပညာဝံသ ၏ပြောပြချက်များ ၊ အာဂမဇောတိကာရုံကျောင်းရွှေရတုမဂ္ဂဇင်း]
Monday, November 24, 2014
"စာပေဝါသနာ အစဉ်အလာကောင်းသောမြို့"
မြန်မာသက္ကရာဇ် ၁၃၁၇ ခုနှစ်က စာဆိုတော်ပွဲဘိတ်ကြားစာ
ယခုမြို့မ အ.ထ.က ကျောင်း
~~~~~~~~~~~~~~~~~~~~~~~~~~
2013 ခုနှစ် စာပေဟောပြောပွဲ 
ဘိုးဘွားရိပ်သာ ပေါင်းတည်
~~~~~~~~~~~~~~~~~~~~~~
   တန်ဆောင်မုန်းလကုန်ပြီး နတ်တော်လသို့ရောက်လာခဲ့ပြီ နိုင်ငံအနှံ့ မြို့ရွာအသီးသီးတွင် စာဆိုတော်နေ့ ဟောပြောပွဲများကျင်းပကြသည် ။ ကျွန်တော်တို့ ပေါင်းတည်မြို့မှာလည်း စာပေဝါသနာရှင်များ ပေါင်းတည်သားစာရေးဆရာကြီးများကဦးဆောင်ပြီး နှစ်စဉ် သင့်တော်သည့်ရက်တစ်ရက်တွင် စာပေဟောပြောပွဲများလုပ်ခဲ့ကြသည် ။ 
    စာဆိုတော်လ တွင်သာမက ကြားကာလများမှာပင် ပေါင်းတည်သားစာရေးဆရာကြီး ဦးသိန်းလွင်(အင်္ဂလိပ်စာ) ၏ဆက်စပ်ဖိတ်ကြားချက်ဖြင့် အစိုးရအထက်တန်းကျောင်း တွင်သော်လည်းကောင်း ဘိုးဘွားရိပ်သာတွင်သော်လည်းကောင်း နိုင်ငံကျော် စာရေးဆရာကြီးများ လာရောက်ဟောပြောလေ့ရှိသည် ။ ဟောပြောပွဲတိုင်း ပရိတ်သတ်အပြည့်ရှိ၏ ။ 
    ကျွန်တော်တို့မြို့သားတွေ ဘယ်အချိန်ကတည်းက စာဆိုတော်ပွဲများကို အလေးထားကျင်းပခဲ့ကြသလဲဆိုတာ လက်လှမ်းမီသလောက် လေ့လာကြည့်ရာ … 
   ကျွန်တော်လက်လှမ်းမီသမျှ အစောဆုံးအနေနှင့် တွေ့ရသည်မှာ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရေးသားသောဆောင်းပါးတစ်ပုဒ်တွင် ဒုတိယကမ္ဘာစစ်ကြီးပြီးကာစ ၁၉၄၅ ခုနှစ်လောက်ကပင် စာပေဝါသနာကြီးသူ စာရေးဆရာများ စုစည်းမိကြသည် ။ ထိုပုဂ္ဂိုလ်များသည် နောင်အခါ နိုင်ငံကျော်စာရေးဆရာကြီးများဖြစ်လာခဲ့ကြ၏ ။ ထိုစဉ်က မိမိရေးသားထားသော ဝတ္ထု ဆောင်းပါး ကဗျာ များကို ပုံနှိုပ် ခြင်းမပြုလုပ်နိုင်သေးသော်လည်း ဗလာစာအုပ်မှာ လက်ရေးဖြင့်ရေးကာ ကိုယ်ပိုင်ဝတ္ထု မဂ္ဂဇင်းများဖန်တီးခဲ့ကြရသည်ဆို၏ ။ ထိုသူများသည် အများအားဖြင့် စစ်ပြီးစ ပေါင်းတည်မြို့မကျောင်းသားကြီးများဖြစ်ကြ၏ ။ ၁၉၄၅ ခုနှစ်တွင် စာဆိုတော်ပွဲ မလုပ်ဖြစ်ခဲ့ကြသော်လည်း စုစည်းမိခဲ့ကြ၏ ။ 
   ၁၉၄၆ ခုနှစ်မှာတော့ မြို့မကျောင်းတွင် စာဆိုတော်ပွဲ စလုပ်နိုင်ခဲ့ကြသည် ။ ပြဇာတ်များ အော်ပရာများ ပါ ထည့်သွင်းတင်ဆက်နိုင်ခဲ့ကြသည်ဆို၏ ။ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ငယ်စဉ်ကျောင်းသားဘဝ စာဆိုတော်ပွဲတွင် တင်ဆက်ကပြခဲ့သော `စီးကရက်´ ဆိုသည့်ပြဇာတ်ကို ထိုအချိန်က ကျောင်းအုပ်ဆရာကြီးဦးထူးရွှေကပင် ဖွင့်ဟချီးမွမ်းခဲ့ရသည်ဆို၏ ။ ထိုအချိန်တည်းက ပေါင်းတည်သားနိုင်ငံကျော်စာရေးဆရာကြီးများပေါ်ထွန်းနေပြီဟုသိရ၏ ။ စစ်ပြီးခေတ်`သွေးသောက်´ မဂ္ဂဇင်းတွင် ကဗျာဆရာ`ထွန်းနေနွယ်´ဦးထွန်းလွင်၊ ၁၉၄၇ ခုနှစ်တွင်ထွက်ပေါ်လာသော `ရှုမဝ´မဂ္ဂဇင်းတွင် `ဘရန်ဒီတစ်ပုလင်း´ဝတ္ထုမှစကာ ထူးခြားပြောင်မြောက်သော ဟာသ ဝတ္ထုများဖြင့် ဆက်တိုက်ထွက်ပေါ်လာသော `ဆရာကြီးသော်တာဆွေ´ဦးကြင်ဆွေ ၊ `ယုဝတီမာလာသိန်း´ဟုထင်ရှားလာသော ဒေါ်ခင်သိန်း ၊ ဆောင်းပါးများရေးသားသူ`ရွှေတည်လျှောင်´တို့သည် ပေါင်းတည်သား စာရေးဆရာကြီးများ ဖြစ်နေပြီဖြစ်သည်ဟုဆို၏ ။ 
   စုစည်းမှတ်သားရသလောက် ပေါင်းတည်သား စာရေးဆရာများမ          ၁။ သော်တာဆွေ 
                             ၂။ ရွှေတည်လျှောင်(သို့)ပေါင်းတည်အုန်းမောင်     ၃။ ထွဏ်းနေနွယ် 
   ၄။ ယုဝတီမာလာသိန်း 
   ၅။ တက္ကသိုလ်ဘုန်းနိုင် 
   ၆။ ရွှေတည်ရန်နောင် 
   ၇။ ပေါင်းတည်စန်းမြင့် 
   ၈။ ပေါင်းတည်ခင်မောင်အေး
   ၉။ ပေါင်းတည်ဘုန်းကြည် 
 ၁၀။ ကောက်လှိုင်း
 ၁၁။ မောင်ကျော်သာ
 ၁၂။ နန္ဒာသိန်းဇံ
 ၁၃။ ပေါင်းတည်မင်းသိမ်း
 ၁၄။ ရွှေတည်ခင်ထွေး 
 ၁၅။ နုသဇင် (သင်းရိပ်သာ)
 ၁၆။ မောင်သိန်းလွင် (သို့)ဆရာဦးသိန်းလွင်
 ၁၇။ ပေါင်းတည်နွယ်နွယ်သန်း
 ၁၈။ မြလှိုင် (တိုင်းရင်းဆေး)
 ၁၉။ ကျော်ကျော်ငယ်(စာပေဗိမ္မာန်စာမူဆုရ)ဦးအုန်းကျော်
 ၂၀။ လွမ်း (ပေါင်းတည်)
 ၂၁။ ကျီးမနိုးတင်ဝင်း
 ၂၂။ တက္ကသိုလ်မြတ်ခိုင် 
 ၂၃။ ရွှေတည်စံ
 ၂၄။ မောင်မောင်လှတင် (ဥပဒေ)
 ၂၅။ မင်းဟေမာန်
 ၂၆။ မလေးချို (ပေါင်းတည်)
 ၂၇။ ပေါင်းတည်ခင်သိန်း 
 ၂၈။ သခင်အောင်ကြီး (ပေါင်းတည်) 
 ၂၉။ မင်းဇေယျာထွန်း (ပေါင်းတည်)မြို့မရိပ်သာဆရာတော်
 ၃၀။ မောင်မင်းဟန်
 ၃၁။ ခင်မောင်ဇော်
 ၃၂။ ပန်းနှင်းမွန်မွန် (Dr: Mon Mon Aung)
၃၃။ ဓမ္မနွယ် (ရွှေတည်မြေ)
  တို့ဖြစ်ကြပါသည် ။
  ယနေ့ခေတ်တွင်လည်း စာပေဟောပြောပွဲများ တိမ်ကောမသွားပဲ ပို၍တောင်စည်ကားသိုက်မြိုက်စွာကျင်းပလာနိုင်ကြသည်မှာ အားရဖွယ် ဂုဏ်ယူဖွယ် ဖြစ်ပေတော့သည်။ 
Sunday, October 26, 2014
ပေါင်းတည်မြို့ မြန်မာ နှစ်ခြင်းအသင်းတော်
     ပေါင်းတည်မြို့ သို့ ခရစ်ယာန်သာသနာပြုများ မည်သည့်အချိန်ကစ၍ရောက်ရှိခဲ့သည်ကို လေ့လာရာတွင် ထင်ရှားသည့်မှတ်တမ်းများအရ အောက်ပါအတိုင်း " မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော် သမိုင်းအကျဉ်းချုပ် "(1866 >2014)  ကိုတွေ့ရှိခဲ့ရပါသည် ။
  အသင်းတော်စတင်ပေါ်ပေါက်ခြင်း
    ၁၈၆၆ ခုနှစ် ဇူလိုင်လတွင် ပေါင်းတည်မြို့ အနောက်လယ်ပြင်လမ်းနှင့် ဆရာလေးပြလမ်း( ယခု လမ်း-၂၀) ထောင့်ရှိ မြေကွက်တွင် အင်းမနှစ်ခြင်းအသင်းတော်မှ ဦးမှိုင်းကလေး ၊ ဦးရွှေရောက်နှင့် ဦးလင်းအိမ်ထောင်တို့သည် ပေါင်းတည်မြို့အနောက်ဘက်ရှိ ဟင်္သာကန်ရွာ ၊ သရက်ခေါင်းရွာ နှင့် ပေါင်းတည်မြို့ အရှေ့ဘက်ရှိ ကန်ဆယ်ရွာတို့ မှ ယုံကြည်သူများ စုပေါင်းကာ လူ (၄၀) ဦးဖြင့် ၊ မြန်မာနှစ်ခြင်း ခရစ်ယာန် အသင်းတော်ကို စတင်တည်ထောင်ခဲ့သည် ။ 
     သင်းအုပ်မရှိမီကာလ အာလံမြို့ (ယခု အောင်လံမြို့ ) မှ ကျောင်းဆရာဦးညို က လာရောက်ကြည့်ရှုမစခဲ့ပါသည် ။ 
      ၁၈၆၇ - ခုနှစ်တွင် ငွေဒင်္ဂါး ၂၀၀ တန်ဘိုးရှိသော ဘုရားကျောင်း တစ်ဆောင်တည်ဆောက်၍ ဝတ်ပြုကိုးကွယ်ခဲ့ကြပါသည် ။ 
     ၁၈၆၈-ခုနှစ်တွင် ပြည်မြို့မှ သာသနာပြု သိက္ခာတော်ရဆရာကြီး ( Rev;H.Tilbe) က ဆရာကြီး ဦးချင်း ကို သင်းအုပ်ဆရာအဖြစ် ခန့်အပ်ပေးခဲ့ပါသည် ။ 
    အသင်းတော်နေရာပြောင်းရွှေ့ခြင်း
   ၁၈၉၇-ခုနှစ်တွင် ဦးသာဒွန်း နှင့် ဒေါ်ကြေး တို့ပိုင်သော ဈေး(၂)ရပ်ကွက် တာပွန်လမ်းရှိမြေကွက်ကို ငွေဒင်္ဂါး (၄၀) ဖြင့် ဝယ်ယူပြီး ပြောင်းရွှေ့လာကာ ဘုရားကျောင်းတစ်ဆောင်နှင့် အိမ်တစ်လုံး ဆောက်၍ ဝတ်ပြုကိုးကွယ်ခဲ့ကြသည် ။ 
    သာသနာပြု သိက္ခာတော်ရဆရာကြီး (Rev;E.B.Roach) က ဆင်စွယ်ရောင်းရသောငွေဖြင့် ပြည်မြို့ နှင့် ပေါင်းတည်မြို့ တို့တွင် သင်းအုပ် နေအိမ် တစ်လုံးစီ ဆောက်လုပ် လှူဒါန်းခဲ့သည် ။ 
   အသင်းတော်၏မြေနေရာ ထပ်မံတိုးချဲ့ခြင်း
    ၁၉၀၈-ခုနှစ်တွင် သာသနာမြေ တောင်ဘက် စပ်လျှက်ရှိသော လမ်းဗိုလ်ကြီး ဦးဘသန်း ပိုင်မြေကွက်ကို သိက္ခာတော်ရဆရာကြီး(Rev;E.B.Roach) က တပည့်တော်ကြီး ဦးချစ်တေးထံမှ အပြီးအပိုင်ဝယ်ယူခဲ့ပါသည် ။ ၁၉၄၀-ခုနှစ်တွင် (ဦးညာဏ်ကလေး - ပန်းပြင်)က သာသနာပြုဆရာပိုင် မြေယာ အဆောက်အဦး အားလုံးတို့ကို  အသင်းတော်ပိုင်အဖြစ် အမည်ပြောင်းပေးပါရန် သာသနာပြုကိုယ်စားလှယ် သိက္ခာတော်ရဆရာကြီး (Rev;Crain) ထံတောင်းခံခဲ့ပါသည် ။ 
     ဆရာကရိန်းက ဦးဥာဏ်ကလေး၏အမည်ဖြင့် ပြောင်းပေးခဲ့ပါသည် ။ အခွန်ရုံးမှ စာချုပ်အမည်ကျမလာမီ ဂျပန်တပ်များဝင်ရောက်လာသောကြောင့် စာရွက်စာတမ်းများ ပျောက်ပျက်ခဲ့ရသည် ။ 
      ၁၉၄၂-ခုနှစ် စစ်ဘေးဒါဏ်ကျရောက်လာသောအခါ ယုံကြည်သူများ စစ်ဘေးရန်တိမ်းရှောင်ရင်း လူစုကွဲခဲ့ရသည် ။ သာသနာပိုင်အဆောက်အဦများလည်း စစ်ဘေးသင့်ကာ မီးလောင်ပျက်စီးခဲ့ရသည် ။ 
     ၁၉၄၃-ခုနှစ်တွင် သိက္ခာတော်ရဆရာကြီး ဦးဘိုးဥာဏ် နှင့် မိသားစုတို့ သည် မကွေးအသင်းတော်မှ ပေါင်းတည်မြို့သို့ ပြန်လည်ရောက်ရှိလာပါသည် ။
     သာသနာမြေ၏ မီးလောင်ပြင်တွင် ဝါးတဲဆောက်လုပ်နေထိုင်ကာ စိုက်ပျိုးရေးဖြင့်အသက်မွေးရင်း အမှုတော်ကိုဆောင်ရွက်ခဲ့ရသည်။ 
    ၁၉၄၇-ခုနှစ်တွင် ဘုရားကျောင်းတစ်ဆောင်ကိုစတင်ဆောက်လုပ်ပြီး ၁၉၄၈-ခုနှစ်တွင် အပြီးသတ်နိုင်ခဲ့ပါသည် ။ ၁၉၄၉-ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် အနုမောဒနာအစည်းအဝေးကျင်းပနိုင်ခဲ့ပါသည် ။ ၁၉၅၇-ခုနှစ်တွင် နယ်အစည်းအဝေးကြီးကျင်းပနိုင်ခဲ့ပြီး ၁၉၅၈-ခုနှစ် မေလတွင် သင်းအုပ်ဆရာနေအိမ်ကိုဆောက်လုပ်နိုင်ခဲ့သည် ။ 
   အသင်းတော်၏ သင်းအုပ်ဆရာ အစဉ်အဆက် စာရင်းတွေ့ရှိရသည်မှာ
  ၁ ။ ဆရာကြီးဦးညို (၁၈၆၆-၁၈၆၈) 
  ၂ ။ ဆရာကြီးဦးချင်း (၁၈၆၈-၁၈၉၇) 
  ၃ ။ ဆရာကြီးဒေါက်တာဦးသာထင် (ပြည်) (၁၈၉၇-၁၈၉၈) 
  ၄ ။ ဆရာကြီးဦးစံဦး (၁၈၉၈- ?)
  ၅ ။ ဆရာကြီးဦးအောင်ဖြိုး (----)
  ၆ ။ ဆရာကြီးဦးအောင်မှူး (----)
  ၇ ။ ဆရာကြီးဦးရွှေအို (၁၉၁၄- ?)
  ၈ ။ ဆရာကြီးဦးဘိုးဥာဏ် (၁၉၁၄-၁၉၃၈)ပထမအကြိမ်
  ၉ ။ ဆရာကြီးဦးဥာဏ်(ဦးဥာဏ်ကလေး -ပန်းပြင်)
၁၀ ။ ဆရာကြီးဦးဘိုးဥာဏ်(၂၅-၇-၁၉၄၃ မှ ၂၀-၁၂-၁၉၆၇) ဒုတိယအကြိမ်
၁၁။ ဆရာမကြီး ဒေါ်အုန်းမှိန် (၁၉၆၈ မတ်လ မှ ၁၉၆၉ ဇွန်လထိ) 
၁၂။ ဆရာကြီးဦးရှိန်(၁-၆-၁၉၆၉ မှ ၃၁-၃-၁၉၇၂ထိ) 
၁၃။ ဆရာဦးသန်းမြင့် (၁-၇-၁၉၇၃ မှ ၄-၇-၁၉၇၆ ထိ)
၁၄။ ဆရာကြီးဦးကျော်မြင့် (၁၉၇၉-၁၉၈၁) ပထမအကြိမ် 
၁၅။ ဆရာကြီးဦးကျော်မြင့် (၁၉၈၂-၁၉၈၄) ဒုတိယအကြိမ် 
၁၆။ ဆရာကြီးဦးလှ (၁-၁၀-၁၉၈၅ မှ ၁၉၈၆ မတ်လထိ) 
၁၇။ ဆရာဦးစိုးမြင့်ဝင်း (၁၅-၃-၁၉၈၇ မှ ၁၅-၃-၁၉၉၀)
၁၈။ ဆရာဦးပီတာကျော်မင်း (၁၉၉၁ မတ်လမှ ၂၀၁၄ ဖေဖော်ဝါရီလထိ) 
၁၉။ ဆရာဦးသန့်မွန် (၂၀၁၄ မေလမှ ယနေ့ မှတ်စုရေးချိန် ၂၀၁၄ ဇူလိုင်လ ထိ)
ဟု တွေ့ရှိမှတ်သားခဲ့ရပါသည် ။
[ ကိုးကား > ပေါင်းတည်မြို့ မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော် မှ ဖြန့်ဝေသော သမိုင်းအကျဉ်း] 
Wednesday, October 22, 2014
" ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက် ပဓာန နာယက ဆရာတော်ကြီးများ"
  သာသနာတော်အကျိုး ထမ်းရွက်ပိုးခဲ့ကြသော  
  လွန်ခဲ့သော နှစ်ငါးဆယ်ကျော်က (၁၃၂၅ - ၁၃၂၆ ဝန်းကျင် ) ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက် ပဓာန နာယက ဆရာတော်ကြီးများ နှင့် သကျမုနိမိုဃ်းကောင်း ဘုရားကြီး ဂေါပက လူကြီးမင်းများ အား ကျောင်းတိုက် နာယကဆရာတော် များတင်မြှောက်ပွဲအပြီးတွင် မှတ်တမ်းတင် ဓာတ်ပုံရိုက်ခံယူနေကြစဉ်
ရှေ့တန်း ဝဲ မှ ယာ
ဦးတေဇောဘာသဘိဝံသ (သဒ္ဓမ္မဇောတိကာရုံကျောင်း)
ဦးဝိဇယ (သာသနဇောတိကာရုံကျောင်း - ငှက်ပျောတောကျောင်း)
ဦးကေလာသ (မန္တလေးကျောင်း)
ဦးဣန္ဒောဘာသ (မင်္ဂလာကျောင်းသစ် )
ဦးစန္ဒ  ( ပြည်ကျောင်း )
ဦးအရိယ (မဟာအောင်မြေကျောင်း)
ဦးကောဏ္ဍည (အာဂမဇောတိကာရုံ ကျောင်း )
  နောက်တန်း ဝဲ မှ ယာ
  ဦးမောင်ဦး ၊
  ဦးဘိုးရွှေ ၊ 
  ဦးသက်ရှည် ၊ 
  ဦးကိုကိုကြီး ၊
  ဦးညိမ်း ၊ 
  ဦးဘသိန်း ၊
  ဦးဘိုးထွန်း ၊
  ဦးအေးချို ၊ 
  ဦးသိန်းမြင့်
  ယခုအခါ မန္တလေးကျောင်း သည် ဝေဠုဝန်ကျောင်းသို့ ပေါင်းစည်းလိုက်ပြီး ဝေဠုဝန်ကျောင်းအဖြစ်လည်းကောင်း ၊ ပြည်ကျောင်းသည် သာသနဇောတိကာရုံကျောင်းသို့ပေါင်းစည်းလိုက်ပြီး သာသနဇောတိကာရုံကျောင်းအဖြစ်လည်းကောင်း ၊ မဟာအောင်မြေကျောင်းသည် အာဂမဇောတိကာရုံကျောင်းနှင့် ဓမ္မမာလာ ကျောင်းသို့ တစ်ဝက်စီပေါင်းစည်း၍ အာဂမဇောတိကာရုံကျောင်းနှင့် ဓမ္မမာလာကျောင်းအဖြစ်လည်းကောင်း တည်ရှိလျှက်ရှိပါသည် ။
  ( ဓာတ်ပုံပါ ဆရာတော်များ ၏ ဘွဲ့အမည် ကျောင်း နှင့် ဂေါပကလူကြီးများ၏ အမည် တို့ကို သဒ္ဓမ္မဇောတိကာရုံကျောင်း ဆရာတော် မဟာဂန္ဓာဝါစကပဏ္ဍိတ နိုင်ငံတော်ဗဟိုလ်သံဃာ့ဝန်ဆောင် ဘဒ္ဒန္တပါရဂူ  မှလည်းကောင်း ဒေါ်တင်ရီ (၆)လမ်း မှလည်းကောင်း အတည်ပြု ပြောပြပါသည် ။ )
Monday, October 20, 2014
******** ပေါင်းတည်မြို့ သမိုင်းနှင့် မြို့မ အ.ထ.က
ပေါင်းတည်မြို့အဝင် (ရန်ကုန်ဘက်မှအဝင်)
----------------------------------------------------------------------------
မြို့မ အ.ထ.က ပင်မဆောင်
-----------------------------------------
၂၀၁၁-ခုနှစ်က ဦးကြူ ဝမ် ဒေါ်ကြင်ပိုင်မိသားစုလှူဒါန်းခဲ့သော ၂ ထပ်ကျောင်းဆောင်သစ် အင်ကြင်းဆောင်
----------------------------------------------------------
1953- ခုနှစ်က မြို့မကျောင်းမှ ဆရာ - ဆရာမ များနှင့်
 ကျောင်းသား/ကျောင်းသူများ
-----------------------------------
1954- Prematric Teachers & Students
-----------------------------------------------------------
မြို့မ အ.ထ.က တည်နေရာ (From Google Earth)
-------------------------------------------------------
   ပေါင်းတည်မြို့ တွင် အစိုးရ  ခေတ်ပညာသင်ကျောင်းတစ် ကျောင်းဖြစ်သည့် မြို့မ ကျောင်းကြီးကို အင်္ဂလိပ် ကိုလိုနီခေတ် ၁၉၁၂-ခုနှစ်တွင် (ကျောင်းမှတ်တမ်းတွင် ၁၉၁၁-ခုနှစ် ဟုတွေ့ရပါသည်  အခြားမှတ်တမ်းများတွင် ၁၉၁၂-ခုနှစ်ဟုတွေ့ရပါသည် )  အင်္ဂလိပ်အစိုးရက တည်ဆောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
ပေါင်းတည်မြို့၏ ပထမဆုံးသော High School ကျောင်းဖြစ်၏ ။
  စတင်ဖွင့်လှစ်စဉ်က အတန်းစုံ မရှိခဲ့ပါ ။ ၁၉၂၄-ခုနှစ်ရောက်မှ အထက်တန်းအဆင့်ထိ သင်ကြားပေးနိုင်ခဲ့သည့် High School ကျောင်းဖြစ်လာသည်။ ကျောင်းအုပ်ကြီးများမှာလည်း နိုင်ငံခြားသားဆရာကြီးများဖြစ်ခဲ့သည်။
  ယခုဆိုလျှင် ကျောင်းကြီးမှာ သက်တမ်း ၁၀၂ နှစ်တိုင်ရှိခဲ့ပါပြီ။
မြို့မကျောင်းကြီး၏သမိုင်းသည် မြို့၏သမိုင်းကိုပါပြောပြနေသည်။ ခေတ်အဆက်ဆက် အခြေအနေ အမျိုးမျိုး ကြုံတွေ့ဖြတ်သန်းခဲ့ပြီး ပညာတတ်များ အဆက်မပြတ်မွေးထုတ်ပေးနိုင်ခဲ့သည် ။
   အင်္ဂလိပ်ခေတ်တွင် ၇ တန်းအောင်ပြီးပါက အစိုးရဌာနများတွင်အလုပ်ဝင်နိုင်ခဲ့၏ ။
   ၁၉၄၂-ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်၍ ဂျပန်ဝင်ရောက်လာပြီး ခေတ်တွင် လည်းကျောင်းကြီးကိုဆက်ဖွင့်ထားနိုင်ခဲ့သည် ။ ဂျပန်အစိုးရက ၄င်းတို့၏ ဂျပန်နိုင်ငံတော်သီချင်းကိုကျောင်းသားများအားထည့်သွင်းသင်ကြားစေခဲ့သည်ဟုသိရ၏ ။
  ၁၉၄၅ - ခုနှစ်တွင် ဖက်ဆစ်ဂျပန်ကိုတော်လှန်ချိန် မဟာမိတ်တပ်များက ပေါင်းတည်မြို့ကို ဗုံးကျဲတိုက်ခိုက်စဉ်ကာလတွင် ကျောင်းကြီးကိုခေတ္တပိတ်ထားခဲ့ရ၏ ။
ဂျပန်များပြန်လည်ဆုပ်ခွါသွားသော ၁၉၄၅ ခုနှစ်နောက်ပိုင်းတွင် အင်္ဂလိပ်အစိုးရစံနစ်သစ်အရ State Post Primary School (မူလတန်းလွန်ကျောင်း) ဖြစ်ခဲ့ရပြန်သည်။ ကျောင်းအုပ်ဆရာကြီး ဦးထူးရွှေ ၊ ဆရာမကြီးဒေါ်ကြူ ၊ ဆရာကြီးဦးဘိုးအုန်း ၊ ဆရာကြီးဦးဘိုးကြင် ၊ ဆရာကြီးဦးစိန်ထွန်း ၊ ဆရာကြီးဦးလှမောင် ၊ ဆရာကြီးဦးမြ ၊ ဆရာမကြီးဒေါ်သန်းတင် ၊ ပုံဆွဲဆရာ ဦးချက်ဖား တို့ ဖြင့်ကျောင်းပြန်ဖွင့်ခဲ့ကြရသည် ။
   ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးစ ကွန်မြူနစ်တို့ တောခိုကြပြန်သောအခါတွင် တစ်နိုင်ငံလုံး ပြည်တွင်းစစ်ဒဏ် ခံကြရပြန်သည် ။
  ပြည်တွင်းစစ်ဖြစ်နေသောကာလမှာပင် ပေါင်းတည် မြို့မ ကျောင်းကတော့ ပိတ်မသွားပဲ ရှိတဲ့ဆရာ ဆရာမနှင့် ကျောင်းဖွင့်ထားနိုင်အောင်ကြိုးစားခဲ့၏ ။
   ၁၉၄၈-ခု သြဂုတ်လ(၁၀)ရက်တွင် ပေါင်းတည်မြို့သည် အစိုးရကိုတော်လှန်သော တပ်ရင်း(၁) လက်အောက်ကျရောက်ခဲ့၏။ အစိုးရတပ်များက သြဂုတ်လ (၁၃)ရက်တွင် နတ္တလင်းဘက်မှ လက်နက်မျိုးစုံဖြင့် ပြန်လည်ဝင်ရောက်သိမ်းပိုက်ပြန်ရာ တော်လှန်သောတပ်ရင်း(၁) သည် ပုတီးကုန်းဘက်သို့ဆုပ်ခွါပြီး ပုတီးကုန်း၌ တိုက်ပွဲများပြင်းထန်စွာဖြစ်၏ ။ ရက်အနည်းငယ်ကြာသောအခါ တော်လှန်သောတပ်ရင်း(၁)က ပေါင်းတည်သို့ပြန်လည်ဝင်ရောက်သိမ်းပိုက်ပြန်ရာ အစိုးရတပ်များက နတ္တလင်းဘက်သို့ဆုပ်ခွါသွားပြီး ဘိုးသာအောင်ကုန်းရွာတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပြန်၏ ။ ၁၉၄၈-ခု စက်တင်ဘာလတွင် တော်လှန်သူများဆုပ်ခွါသွား၍ အစိုးရတပ်များက ပေါင်းတည်မြို့ကို အေးချမ်းစွာပြန်လည်ဝင်ရောက်နိုင်ခဲ့ပြန်သည် ။ ထိုသို့ တဘက်နှင့်တဘက် အပြန်အလှန်တိုက်ပွဲများဖြစ်နေချိန်သေနတ်သံ ဗုံးသံများကြားလျှင်ကျောင်းဆင်းပေးလိုက်ပြီး ငြိမ်သက်သွားလျှင် မောင်းထု၍ ကျောင်းပြန်ဖွင့်ကြပြန်၏ ။
   ၁၉၄၈-ခုနှစ် စက်တင်ဘာလ တွင် ပြည် ၊ မင်းဘူး ၊ သရက်ခရိုင် တို့ကို နိုင်ငံအစိုးရက စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်၏ ။ မြို့မကျောင်းကြီးကတော့ ဖွင့်ထားစဲပင်ဖြစ်၏ ။ စစ်အုပ်ချုပ်ရေးကို ၅ လကြာပြီးနောက် ပြန်လည်ရုပ်သိမ်းလိုက်၏ ။ ၁၉၄၉-ခုနှစ် ဖေဖော်ဝါရီလ တွင် ပြည်မြို့မှ နံပါတ်(၂)ကရင်တပ်ခွဲက အစိုးရကိုတော်လှန်ပြန်သဖြင့် အတန်းတင်စာမေးပွဲများစစ်မည့်စဲစဲ မစစ်ဖြစ်တော့ပဲ နွေရာသီရက်ရှည် ကျောင်းပိတ်လိုက်ရ၏ ။
      ထိုနှစ် မတ်လတွင် တော်လှန်သောတပ်ရင်း(၁) ၊ ရဲဘော်ဖြူ နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ပူးပေါင်းပြီး ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုအစိုးရက ပေါင်းတည် အပါအဝင် လက်ပန်တန်းအထိ သိမ်းပိုက်ထားလိုက်ပြန်သည်။ ပြည်မြို့တွင် ၄င်းတို့ အစိုးရအဖွဲ့ ရုံးစိုက်၍ အုပ်ချုပ်၏ ။
      ၁၉၄၉-ခုနှစ် ဇွန်လတွင် မောင်းထုပြီးကျောင်းပြန်ဖွင့်၏ ။ စာမေးပွဲများမစစ်ခဲ့ရသော်လည်း အတန်းသစ်သို့တက်ပေးခဲ့၏ ။
      ထိုအချိန်တွင် အချို့ အစိုးရဝန်ထမ်းများ အစိုးရနယ်မြေဘက်သို့ ပြောင်းပြေးကြလေ၏ ။ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုအစိုးရအဖွဲ့က ဝန်ထမ်းများကို လခ မှန်မှန်မပေးနိုင်ခဲ့ဘူးဟုဆိုပါတယ်။
      အဲဒီလိုခေတ်ကာလမတည်မငြိမ် ဖြစ်နေချိန်တွင် လခ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဆရာကြီး ဆရာမကြီး တစ်စုက မြို့မကျောင်းကြီးပိတ်မသွားအောင် ကြိုးစားဖွင့်လှစ်သင်ကြားပေးခဲ့၏ ။
    ထိုအချိန်က ကျောင်းအုပ်ဆရာကြီး ဦးဘိုးကြင် က ဦးဆောင်ပြီး ဆရာဦးလှမောင် ၊ ဆရာမကြီးဒေါ်သန်းတင် ၊ ဆရာမြ ၊ ဆရာဦးစံသိန်း ၊ ဆရာမဒေါ်တင်သိန်း ၊ ဆရာဦးကိုကြီး စသည့် ဆရာကြီး ဆရာမကြီးများဖြင့် သူပုန်ခေတ် မြို့မကျောင်းကြီးကို မြိုင်မြိုင်ဆိုင်ဆိုင်ဖွင့်ထားနိုင်ခဲ့၏။ တခြားမြို့ကကျောင်းတွေပိတ်ထားရလို့ကျောင်းမတက်ရတဲ့ကျောင်းသားတွေ ပေါင်းတည်ကိုလာတက်ကြရ၏ ။ အဲဒီလို လခ ရရ မရရ ကျောင်းဖွင့်ထားနိုင်အောင်ကြိုးစားဆောင်ရွက်ခဲ့ကြသော ဆရာကြီး ဆရာမကြီးများ၏ စေတနာ ကား လေးစားစရာအလွန်ကောင်းလှပေသည်။
     ၁၉၅၀-ခုနှစ် မေလ တွင် အစိုးရတပ်များက ပေါင်းတည်ကို အေးချမ်းစွာပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်။ ကျောင်းအုပ်ဆရာကြီး ဦးချစ် အသစ်ခန့်အပ်၍ ကျောင်းကြီးကို ပုံမှန်ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါသည်။
     ထိုစဉ်က ပေါင်းတည်မြို့တွင် မူလတန်းကျောင်းများကို တည်ထောင်သူ ဆရာများ၏အမည်ကိုစွဲ၍ ကျောင်းအမည် ခေါ်တွင်ခဲ့ကြ၏ ။
    အရှေ့လမ်းတွင် ဆရာဦးဘိုးဘေကျောင်း ၊ ၁၄ လမ်းတွင် ဆရာစံကျောင်း ၊ ရွှေတောင်လမ်းတွင် ဆရာပုကြီးကျောင်း ၊ သိမ်ကြီးတွင် ဆရာ ဦးမောင်ဦးကျောင်း၊ မှတ္တိုင်လမ်းတွင် ဆရာဦးမောင်ရင်ကျောင်း စသည်ဖြင့် တည်ရှိခဲ့သည် ။
     ၁၉၅၄ ခုနှစ်ဝန်းကျင်လောက်တွင် ၁၄ လမ်း ဆရာစံကျောင်းကို အလယ်တန်းကျောင်းအဖြစ်တိုးမြှင့်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းတင် ဖြစ်ခဲ့သည်။
     ထိုနောက် ၁၉၅၆-ခုနှစ် တွင် ရန်ကုန်လမ်း အထက ကျောင်းကြီးဆောက်လုပ်ပြီးစီးချိန်တွင် မြို့မကျောင်းမှ ကျောင်းသားကျောင်းသူများရော ပရိဘောဂများပါ  ထို အထက အသစ်သို့ပြောင်းရွှေ့ခဲ့ရ၏ ။ ထိုလစ်လပ်သွားသော မြို့မကျောင်းဆောင်အခွံကြီးသို့ ၁၄ လမ်းမှ ဆရာမကြီးဒေါ်သန်းတင်၏ အလယ်တန်းကျောင်းက ဝင်ရောက်အစားထိုးကာ မြို့မ အလက အဖြစ် ၁၉၅၆-ခုနှစ်တွင်ဖြစ်ခဲ့သည် ။
    ထိုအချိန်မှစ၍ ၁၉၆၂-ခုနှစ် တော်လှန်ရေးကောင်စီခေတ် ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် တို့ကို ဖြတ်သန်းပြီး ၁၉၈၈-ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးပြီးသည်အထိ မြို့မ အလက အဖြစ် ကျောင်းအုပ်ကြီးအဆက်ဆက် ရပ်တည်ခဲ့ပါသည်။
      ဤကာလများအတွင်း စစ်မက်ဘေးဒဏ်များထပ်မံမဖြစ်ပွါးခဲ့သော်လည်း တစ်နိုင်ငံလုံးကျောင်းတွေပိတ်စေခဲ့သည့် ၁၉၆၂ ခုနှစ် 7 July အရေးအခင်း ၊  ဦးသန့်အရေးအခင်း ၊  မှိုင်း ရာပြည့်အရေးအခင်း ၁၉၈၈ အရေးအခင်းတို့တွင် အစိုးရအမိန့်ဖြင့်ကျောင်းကြီးကိုခေတ္တ ပိတ်ထားခဲ့ရသည် ။
      ၁၉၈၄ ခုနှစ်မှစ၍ ကျောင်းသားဟောင်းကြီးများကဦးဆောင်ကာ ဆရာကြီး ဆရာမကြီးများကို ပူဇော်ကန်တော့သည့် အာစရိယပူဇော်ပွဲကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တွင်ကျင်းပခဲ့ကြသည် ။
    ထို့နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကောင်စီခေတ် ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ် (န.ဝ.တ ၊ န.အ.ဖ စစ်အာဏာရှင် အစိုးရခေတ် ) တို့ ကိုဖြတ်သန်းခဲ့ရပြန်သည် ။
     ၂၀၀၈- ခုနှစ်   တွင် အလယ်တန်းကျောင်းအဆင့်မှ အထက ခွဲကျောင်းအဖြစ်တိုးမြှင့်ခဲ့ပြီး
      ၂၀၁၁- ခုနှစ်တွငိ မြို့မ အစိုးရအထက်တန်းကျောင်း (State High School ) အဖြစ် မူလအဆင့်ကိုပြန်လည်ရောက်ရှိခဲပါသည် ။
      မူလကျောင်းဆောင်ကြီးမှာ အိုမင်းလှပြီဖြစ်သော်လည်း ယခုထိ ကျောင်းသား ကျောင်းသူ လေးများ အရိပ်ခို ပညာနို့ စို့လျှက်သာပင် ရှိနေစဲပါ ။ တိုးတက်များပြားလာသော ကျောင်းသားဦးရေနှင့်မျှတအောင်  နှစ်ထပ်ကျောင်းဆောင်သစ်တစ်ဆောင်ကို အလှူရှင် ဦးကြူဝမ်+ဒေါ်ကြင်ပိုင် သမီး ဒေါ်သန်းကြည် ၊ ဒေါ်အကြည် ၊ ဒေါ်မြင့်မြင့်ကြည် မိသားစု မှ ၂၀၁၁-ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ပါသည် ။
    သို့သော်လည်း လုံလောက်မျှတအောင်နှင့် ဘေးအန္တရာယ်ကင်းစွာ ပညာသင်ကြားနိုင်ဘို့ လိုအပ်ချပ်များစွာရှိနေပါသေးသည်။ အမိကျောင်းတော်ကြီးမှ ပညာသင်ကြားပေးလိုက်သော ကျောင်းသူကျောင်းသားဟောင်းများ မြို့မိမြိုဘများ စေတနာရှင်များ ရဲ့ ပြုစုစောင့်ရှောက်မှု ကို အိုမင်းနေသော မြို့မ အ.ထ.က မူလကျောင်းဆောင်ကြီးက မျှော်လင့်စောင့်စားလျှက်ရှိနေပါကြောင်း …………
       ပေါင်းတည်မြို့  နှင့် မြို့မ အ.ထ.က ကျောင်းတော်ကြီး မှတ်စု အကျဉ်းကို ရေးသားနိုင်ရန် မေးသမျှ စိတ်ရှည်စွာ အလေးထားဖြေကြားပေးပါသော ဆရာကြီး ဦးအုန်းနိုင် (ကျောင်းအုပ်ဆရာကြီး ငြိမ်း ) အား အထူးကျေးဇူးတင်ရှိပါသည် ။ အချက်အလက်များ ကူညီစုဆောင်းပေးသော Ko Gyi Soe ကိုလည်း အထူးကျေးဇူးတင်ရှိပါသည် ။
   ၂၀၁၄-ခုနှစ် စက်တက်ဘာလ ( ၂၁) ရက် တွင်ရေးသားပါသည်။
            U Ko Chit ( Paungde )
[ ကိုးကား > ပေါင်းတည်သမိုင်း - ဦးထွန်းညွန့် T.P.S , ဇောသဒ္ဒါဗလဝ နှင့် သြကာသလိုက်ပါသည် ဆောင်းပါး - ဦးအုန်းနိုင် , ပိုးဖလံ၏ဆန္ဒများ - တက္ကသိုလ်ဘုန်းနိုင် , ကျောင်းသားဟောင်းကြီးများ၏ ပြန်လည်ပြောပြချက်များ , မြို့မ အ.ထ.က ကျောင်းမှတ်တမ်းများ ]
Saturday, October 18, 2014
" သေဋ္ဌာရုံ ပရိယတ္တိစာသင်တိုက်"
ကျောင်းတိုက်အဝင်မုခ်ဦး
ပင်မကျောင်းဆောင်ကြီး 
စတုတ္ထကျောင်းထိုင်ဆရာတော် ဦးကောဏ္ဍည သီတင်းသုံးခဲ့သော သစ်ကျောင်းကလေး 
~~~~~~~~~~~~~~~~~~~~
      ပေါင်းတည်မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများအနက် တစ်တိုက်အပါအဝင်ဖြစ်သည်။ မဟာဒွါရဂိုဏ်း ဝင်ဖြစ်ပါသည် ။
    ဈေး(၂) ရပ်ကွက်နှင့် မင်းကွက်(၃) ရပ်ကွက်ကို ပိုင်းခြားထားသည့် ပုတီးကုန်းလမ်း အဆုံး မင်းကွက်(၃) ရပ်ကွက်အပိုင်တွင်တည်ရှိပြီး ရန်ကုန်ပြည် မီးရထားလမ်းနှင့် ကပ်လျှက်ရှိပါသည် ။
    ပထမ ကျောင်းထိုင် ဆရာတော်ကြီးမှာ ဦးသီဟဖြစ်သည်ဟု ယခုလက်ရှိကျောင်းထိုင် ဆရာတော် ဦးပညာလင်္ကာရ မှပြောပြပါသည်။ 
      ဒုတိယကျောင်းထိုင်ဆရာတော်မှာ ဦးဝိနယ ဖြစိ၏ ။ 
     ပထမကျောင်းထိုင်ဆရာတော်ကြီး လက်ထက်ကျောင်းစတင်တည်ထောင်သောခုနှစ်ကို အတိအကျမသိရပါ ။ ဒုတိယကျောင်းထိုင်ဆရာတော်လက်ထက်တွင် ကျောင်းဒါယကာကြီး ဦးမောင်ကြီး ကျောင်းဒါယိကာမကြီး ဒေါ်ခင်လေး (မြန်မာ့အလင်းသတင်းစာ) တို့က ကျောင်းသစ်ဆောက်လုပ်လှူဒါန်းရာ ဖျက်ချလိုက်သော ပထမကျောင်း အဟောင်းမှ အုတ်ချပ်များတွင် မြန်မာသက္ကရာဇ် ၁၂၈၇ ခုနှစ်ဟုရေးထိုးထားတာတွေ့ရကြောငိး ဆရာတော် ဦးပညာလင်္ကာရမှ ပြောပြပါသည် ။
      တတိယကျောင်းထိုင်ဆရာတော်မှာ ဦးသုန္ဒရ ဖြစ်ပြီး ဆရာတော်ဘုရားကြီးလက်ထက်တွင် စာသင်သံဃာများ ဖြင့် စာသင်တိုက်ကြီးဖြစ်လာခဲ့သည် ။ ဆရာတော်ကြီးဦးသုန္ဒရ (သာသနဓဇ ဓမ္မာစရိယ မဟာကမ္မဌာနာစရိယ )သည် မြန်မာသက္ကရာဇ် ၁၃၂၃-ခုနှစ်မှ ၁၃၄၃-ခုနှစ်ထိ ကျောင်းတိုက်၏ပဓာန နာယက ဆရာတော်အဖြစ်ကျောင်းထိုင်ခဲ့ပါသည် ။ နံနက်တိုင်း အရုဏ်ဆွမ်းခံကြွရာတွင် တပည့်သံဃာများနှင့်အတူ ရှေ့ဆုံးမှကြွ၏ ။
     ဆရာတော်ကြီးဦးသုန္ဒရ ပျံလွန်တော်မူပြီးနောက် တပည့် စာချဆရာတော် ဦးကောဏ္ဍည ဆရာတော်ကဆက်လက်၍ စတုတ္ထမြောက်ကျောင်းထိုင်ဆရာတော်ဖြစ်လာ၏ ။ 
      ဆရာတော် ဦးကောဏ္ဍည ပျံလွန်တော်မူသောအခါ ယခုလက်ရှိဆရာတော် ဦးပညာလင်္ကာရက ပဉ္စမမြောက်  ကျောင်းထိုင်ဆရာတော်ဖြစ်လာခဲ့ပါသည် ။
Thursday, October 16, 2014
"ပေါင်းတည်မြို့အကြောင်း သိကောင်းစရာ"
   ရုတ်တရက် ဧည့်သည်တစ်ဦးတစ်ယောက်က သင့်ကို သင်မွေးဖွားရာဇာတိ ပေါင်းတည်မြို့အကြောင်း မေးခဲ့သည်ရှိသော် ……  လုံးဝ ပြောမပြနိုင်တာထက် နဲနဲတော့ပြောပြနိုင်တာ ကောင်းတာပေါ့ ။
    ဒီမှတ်စု လေးက အ.ထ.က (ရန်ကုန်လမ်း) နှစ် ၅၀ ပြည့် ရွှေရတု အထိမ်းအမှတ် မဂ္ဂဇင်းမှာဖော်ပြပါရှိတဲ့ အမေးထပ်ဆောင်း ပေါင်းတည်မြို့ အကြောင်း ဆိုတဲ့ ဆောင်းပါးထဲက အချို့ကို ကူးယူဖော်ပြလိုက်တာပါ ။
  * ဒွတ္တပေါင်မင်းကြီးသည် ရွှေလေးချောင်း ၊ ကျွန်းပင်ချောင်း၊ လှေဆိုင်ချောင်း၊ တောင်ညိုချောင်း တို့ကိုအမှီပြုနေထိုင်ကြသော ပျူလူမျိုးများအပေါ် အကြီးအမှူးခေါင်းဆောင်ခန့်ထား၍ အုပ်ချုပ်သူတို့အတည်တစ်ကျနေရန် ပေါင်းတည်မြို့ကိုတည်ထောင်သည် ။ အထူးသဖြင့် ကျွန်းပင်ချောင်းပတ်ဝန်းကျင်မှ ပျူအိမ်ထောင်စုတို့ကို စုပေါင်းတည်ထောင်ထားမှုကိုအကြောင်းပြု၍ ပေါင်းတည်မြို့ဟုခေါ်တွင်ကြောင်းသိရသည်။ 
  [ ကျွန်းပင်ချောင်းဆိုသည်မှာ ယခု မင်္ဂလာကျောင်းသစ်ဘုန်းတော်ကြီးကျောင်းထိပ်မှ ရန်ကုန် ပြည် လမ်းမကြီးကို ဖြတ်ထွက်သော ရေမြာငိးကြီးဖြစ်ပါသည် ။ မြို့လယ်ချောင်းဟုလည်း ခေါ်၏ ။]
   * ဒွတ္တပေါင်မင်းကြီးသည် သက္ကရာဇ် ၁၀၁ ခုနှစ်တွင် သရေခေတ္တရာ မြို့ကိုတည်ထောင်ပြီး ပေါင်တည်မြို့ကို ကင်းမြို့တစ်မြို့အဖြစ် တည်ထားခဲ့သည် ။
  ပေါင်းတည်နယ်သားများသည် ပျူလူမျိုးအဆက်အနွယ်များဖြစ်သည် ။
  * ပေါင်းတည်မြို့သည် ကင်းမြို့တစ်မြို့အဖြစ်လည်းကောင်း နှစ်ရာပြုမြို့အဖြစ်လည်းကောင်း အမျိုးအစားခွဲခြားမှုတွင်ပါဝင်သည်။
  * ပေါင်းတည်မြို့သည် မြောက်လတ္တီတွဒ် (18° 25') မှ (18° 50') ၊ အရှေ့လောင်ဂျီတွဒ် (95° 23') မှ (95° 47') တွင်တည်ရှိသည် ။ ပင်လယ်ရေမျက်နှာပြင်အထက် (၁၀၀)ပေ မှ (၅၇၂)ပေထိရှိသည် ။
   * နယ်နမိတ်ဆက်စပ်သည့်မြို့များမှာ အရှေ့ဘက်နှင့် တောင်ဘက်တွင် နတ္တလင်းမြို့နယ် အနောက်ဘက်တွင်သဲကုန်းမြို့နယ် မြောက်ဘက်တွင် ပေါက်ခေါင်းမြို့နယ်တို့ဖြစ်၏ ။
   * တောင် နှင့် မြောက် အရှည် (၂၁) မိုင်ရှိ၍ အရှေ့နှင့်အနောက်အကျယ် (၁၁)မိုင် ရှိ၏ ။ မြို့နယ်၏ ဧရိယာ စတုရန်းမိုင်ပေါင်း (358.65) စတုရန်းမိုင်ရှိပါသည် ။ 
   ၂၀၀၆ ခုနှစ်၏ မြို့နယ်လူဦးရေစာရင်းအရ (၁၇၅၀၄၉)ဦး ရှိသည်ဆို၏ ။
   * မြို့ပေါ်ရှိရပ်ကွက်ကြီးများမှာ 
ဈေး(၁) ၊ ဈေး(၂) ၊ မင်းကွက် (၁) ၊ မင်းကွက် (၂) ၊ မင်းကွက်(၃) ၊ နွယ်ချို(၁) ၊ နွယ်ချို(၂) ၊ အုတ်ဖို(၁) ၊ အုတ်ဖို (၂) ၊ ပျဉ်းပင်ကန် ၊ ဘွဲ့ပင်ကန် နှင့် ဟင်္သာကန် တို့ ဖြစ်ကြပါသည် ။
  ကျေးရွာအုပ်စုပေါင်း (၄၃) အုပ်စုရှိပါသည် ။ 
  ဝဲကြီးဆည် ရွှေ့ပြောင်းရွာများပေါင်း၍ အသစ်ပေါ်ပေါက်လာသောရွာကြီးနှစ်ရွာမှာ (၁) ကြာနီကန် စုပေါင်းရွာကြီး နှင့် (၂) အဂ္ဂစုပေါင်းရွာကြီးတို့ဖြစ်သည် ။
ရန်ကုန်မြို့မှမီးရထားလမ်းအကွာအဝေး (၁၂၉.၅) မိုင် ၊ ကားလမ်းအကွာအဝေး (၁၄၃မိုင်) ရှိ၏ ။
   ရာသီဥတုမှာ ပူပြင်းခြောက်သွေ့ ပြီး မိုးရွာသွန်းမှု အနေဖြင့် နှစ်စဉ် မေလ တတိယပတ်မှ နိုဝင်ဘာလထိရွာသွန်းလေ့ရှိရာ မိုးရေချိန်ပျမ်းမျှ လက်မ(၄၀) မှ လက်မ (၅၀) အတွင်းရွာသွန်း၏ ။ ဧပြီလ နှင့် မေလ သည်အပူဆုံးဖြစ်၍ ဒီဇင်ဘာလနှင့် ဇန်နဝါရီလ တို့သည် အပူချိန် အနိမ့်ဆုံးဖြစ်၏ ။
    မြို့နယ်၏ အဓိက စိုက်ပျိုးသီးနှံမှာ စပါး ဖြစ်ပြီး ဒေသထွက်ကုန်များအနေဖြင့် ဆန်၊ စပါး၊ နှမ်း၊ မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီး၊ ပဲစဉ်းငုံ၊ ဖူးစားပြောင်း၊ ငရုပ်၊ ကြက်သွန်၊ ကွမ်း၊ ပန်းမျိုးစုံတို့နှင့် ဟင်းသီးဟင်းရွက်များဖြစ်သည်။ ထူးခြားထွက်ကုန်အနေဖြင့် ဝါဂွမ်း၊ ဂုန်လျှော် နှင့် ကြံ တို့အနည်းငယ်ထွက်ရှိ၏ ။ 
  မြို့နယ်၏မြောက်ဘက် ပဲခူးရိုးမ ကုန်မြင့်ပိုင်းတွင် ဝဲကြီးဆညိ တည်ရှိ၍ မြန်မာနိုင်ငံ၏ရာပြည့်ဆည်ဖြစ်၏။ မြေသားတမံဖြစ်ပြီး တမံအလျှား (၄၃၀၀)ပေ အမြင့်(၁၁၅)ပေရှိ၏ ။ ရေလှာင်ပမာဏ သည်(၂၂၇,၀၀၀)ဧကပေဖြစ်သည်။ သီးနှံစိုက်ပျိုးနိုင်သော ဆည်ရေသောက်ဧရိယာမှာ (၄၅၀၀၀) ဧက ဖြစ်ပါသည် ။
     * မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်း (၁၂၀) ရှိပြီး သံဃာပေါင်း (၇၈၀) ပါးခန့် ရှိပါသည် ။ ဘုရား ပုထိုး စေတီအဆူပေါင်း (၁၃၆)ဆူရှိပါသည်။ ထင်ရှားသောစေတီများမှာ
*သကျမုနိမိုဃ်းကောင်းဘုရားကြီး
* ဗုဒ္ဓမြတ်စွယ်တော် (ဘုရားကြီးတိုက်)
* မင်းလက်ျာသီရိစေတီတော်
* မင်းလက်ဝဲသီရိစေတီတော်
* မင်းလက်ဝဲစေတီတော် (သိမ်ကြီး)
* ဂူကြီး လေးမျက်နှာဘုရား (ဘိုကုန်း)
* မြသိန်းတန်စေတီ (မြို့ကြီးရွာ)
* ရွှေရပ်တော်မူ ကျွန်းတစ်တုံးဘုရားကြီး (မြို့ကြီးရွာ)
* ငန်းပတ်စေတီတော် (နွားခြံကုန်းအုပ်စု)
* ရွှေကြက်ယက်စေတီ (နွားခြံကုန်းအုပ်စု)
* ဒီပါရုံစေတီ ( သဲမဲအုပ်စု)
* ဘုရားငါးဆူ စေတီ ( ဘုရားငါးဆူရွာ )
* မင်းသီရိံစေတီ (မန်ကျည်းပင်ရွာ)
* ပေါ်တော်မူစေတီ (၁၅)လမ်း
* ပြည်ငြိမ်းအောင်စေတီ (အနောက်လမ်း)
* မြတ်စောညီနောင်စေတီ (အတွင်းလမ်း)
* ကျီကြီးကုန်း ရုပ်ရှင်တော်မြတ်ဘုရားကြီး (ကျီကြီးကုန်းရွာ)
* ဓာတ်တော်စေတီ (၁၈)လမ်း
* ဘိုးမင်းခေါင်စေတီ (ဘွဲ့ပင်ကန်)
  တို့ဖြစ်ကြပါသည်။
  မြန်မာနိုင်ငံ၏ တတိယမြောက် ဗုဒ္ဓဘာသာလူအိုရုံကို ဘွားဦးဇွန်းက ၁၂၉၁ ခုနှစ်၌ ပေါင်းတည်မြို့ တာပွန်လမ်းတွင် တည်ထောင်ခဲ့ပါသည် ။
  ပေါင်းတည်အကျဉ်းထောင်ကြီးသည် အင်္ဂလိပ်ကိုလိုနီခေတ် 1878 ခုနှစ်တွင် တည်ဆောက်ခဲ့သည် ။
* စည်ကားသောပွဲတော်များမှာ 
  ဗုဒ္ဓမြတ်စွယ်တော်ပွဲတော် (တော်သလင်းလ)
* ပန်းရှစ်သောင်းလေးထောင်ပူဇော်ပွဲ (ဝါခေါင်လ ဘုရားကြီးတိုက်)
* ကဆုန်ညောင်ရေသွန်းပွဲ
* ဝါတွင်း အရုဏ်ဆွမ်းလောင်းလှူပွဲ
* ဝါကျွတ် ဆွမ်းသိမ်းပွဲ (သီတင်းကျွတ်လပြည့်ကျော် ၁ ရက်  ၊ လပြည့်ကျော် ၃ ရက် သိမ်ကြီး)
* ကျီကြီးကုန်းရုပ်ရှင်တော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် (တန်ခူးလ)
* ပြည်ငြိမ်းအောင်စေတီတော်ဘုရားပွဲ (တပို့တွဲလ)
* သီတင်းကျွတ် မီးထွန်းပွဲတော် နှင့် သုကုသလပုညသမ္ဘာရ အသင်းကြီး၏ ဆီမီးတစ်သောင်းပူဇော်ပွဲ (ဘုရားကြီးတိုက်)
* တပေါင်းလ ပါဠိပထမပြန် စာပြန်ပွဲ (ဘုရားကြီးတိုက်)
* (၂၄) လမ်း ဝက်တိုးဘုရားပွဲ
* ဘိုးဘွားရိပ်သာ ပျော်ပွဲရွှင်ပွဲ ( မတ်လ)
* မဟာသင်္ကြန်ပွဲ 
   တို့ဖြစ်ကြပါသည် ။
    တစ်ချိန်တုံးက ကျွန်းပင်ဈေး ကြီးသည် ၁၇ လမ်း အထက ခွဲကျောင်းနေရာတွင် တည်ရှိခဲ့သည်။ 
  * မြို့ပေါ်ရှိ တရားရိပ်သာများမှာ 
  စွန်းလွန်းဝိပဿနာ ရိပ်သာ (ပေါ်တော်မူ)
  မြို့မရိပ်သာ ( တာပွန်လမ်း )
  မဟာစည်သာနာ့ရိပ်သာ (တာပွန်လမ်း)
  မိုးကုတ်ဝိပဿနာရိပ်သာ (အတွင်းလမ်း)
  တို့ဖြစ်ကြပါသည် ။
  လိုအပ်ချက်များ အသစ်ဖော်ပြလိုသည်များ ဖြည့်ဆည်းပေးခြင်းအား ဝမ်းမြောက်စွာကြိုဆိုပါသည် ။
   (၁၃၇၆ ခုနှစ် တော်သလင်းလပြည့်ကျော် ၃ ရက် )  
Thursday, July 10, 2014
`ပေါင်းတည်မြို့ ဇီးတောကျောင်း´
ပေါင်းတည်မြို့တွင်ရှိသော ရှေးကျသည့် သာသနာ့မြေ နေရာဌာနများတွင် ဇီးတောကျောင်း သည်လည်း အပါအဝင်ဖြစ်သည် ။
စတင်တည်ထောင်သော ခုနှစ်ကိုမသိရသော်လည်း ကျောင်းထိုင်ဆရာတော် ၅ ဆက်မြောက် သို့ ရောက်ခဲ့ပါပြီ ။ ယ္ခု လက်ရှိကျောင်းထိုင် ဆရာတော် ပဉ္စမမြောက် ဆရာတော် ဦးနေမိန္ဒ မှ ပြောပြချက်အရ ပထမ ဆရာတော်ကြီး၏ မှတ်စုစာအုပ်ပါရက်စွဲ အချို့ကိုထောက်၍ ဇီးတောကျောင်းတိုက်စတင်တည်ထောင်သည့် အချိန်မှာ ၁၂၇၀ ခုနှစ်ထက် စော သောကာလဖြစ်သည်ဟု ပြောပြပါသည် ။
ပေါင်းတည်မြို့ ဟင်္သာကန်ရပ်ကွက် ၃၁ လမ်း နှင့် အနောက်လမ်းထောင့် ၃၁ လမ်းပေါ်တွင် တည်ရှိပါသည် ။
ပေါင်းတည်မြို့တွင် ဇီးတောကျောင်းတိုက်၏ ထူးခြားသောအချက် ၂ ချက်ရှိပါသည် ။ ပထမ အချက်မှာ ဇီးတောကျောင်းတိုက်နှင့် တွဲပြီး ဇီးတောသုဿန် တည်ရှိပါသည် ။ မြို့နယ်စည်ပင်သာယာပိုင်နယ်မြေအတွင်း၌တည်ရှိသော သုဿန်ဖြစ်သော်လည်း စည်ပင်သာယာပိုင်မဟုတ်ဟုသိရပါသည် ။ ဇီးတောသုဿန်ကို ဇီးတောကျောင်းတိုက်ကသာ စီမံသည်ဟုသိရပါသည် ။
ဒုတိယအချက်မှာ ပေါင်းတည်မြို့တွင် အစိုးရအထောက်အပံ့ မပါပဲ တည်ထောင်ထားသော ဇီးတော စာကြည့်တိုက် ရှိပါသည် ။
ပိုပြီး ပြည့်စုံအောင်ပြောရလျှင် ရွေ့လျှား စာကြည့်တိုက် ရှိပါသည် ။ ဆရာတော် ဦးနေမိန္ဒ ၏ အမြော်အမြင်ကြီးမားသည့်စေတနာ နှင့် ဆရာတော်၏ဆန္ဒကို စေတနာ ဝါသနာ အရင်းခံဖြင့် ကိုယ်တိုင်အပင်ပန်းခံ ဆောင်ရွက်ပေးနေသော ဆရာတော် ၏တပည့် လက်ထောက် ကိုသန့်ဇင် တို့အတူတကွ ကြိုးပမ်းမှုကြောင့် အောင်မြင်လျှက်ရှိပါသည် ။
*မြို့ မ-ပရိယတ္တိ-ပဋိပတ္တိ-ကျောင်းတိုက်*
         ပေါင်းတည်မြို့ ပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးဆိုင်ရာ သာသနာ့နေရာဌာနများတွင် "မြို့မ ပရိယတ္တိ ပဋိပတ္တိ ကျောင်းတိုက်" သည် ထင်ရှားသောကျောင်းတိုက် တစ်တိုက် ဖြစ်ပေသည်။သာသနာ၏အသက်သွေးကြော ပရိယတ္တိစာပေများသင်ကြားပေးရုံမျှမကသာသနာ၏အနှစ်ဖြစ်သောပဋိပတ္တိဘာဝနာအလုပ်များကိုလည်းလေ့ကျင့် ပျိုးထောင်ပေးနေသော ကျောင်းတိုက်ကြီးဖြစ်၏ ။
                     ဤမြို့မကျောင်းတိုက်ကြီးကို မြန်မာ ကောဇာသက္ကရာဇ် ၁၃၁၇ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပါသည်။
ကျောင်းဆောက်ရန် မြေနေရာကို ကျောင်းဒါယကာ ဒါယိကာမကြီးများဖြစ်သော `ဦးမောင်နှန် - ဒေါ်စောရင်´ သစ်စက်ပိုင်ရှင်  (ယခုမိသားစုသင်္ကန်းတိုက်၅လမ်း)မှတာပွန်လမ်းပေါ်ရှိ၁၈လမ်းနှင့်၁၉လမ်းကြား မြေရိုင်းခြံကွက်ကြီးကိုဝယ်ယူလှူဒါန်း
ခဲ့ခြင်းဖြစ်ပါသည်။
                  ထိုသို့ မြေကွက်ဝယ်ကျောင်းဆောက်ပြီး ကြို့ပင်ကောက်မြို့ ရွှေကျောင်းကြီး ဆရာတော်ကြီး၏ သြဝါဒ ခံယူ၍ ဆရာတော်ကြီး၏တပည့် `ဘဒ္ဒန္တ ဥက္ကံသ´ မထေရ် ကို ကျောင်းထိုင်သီတင်းသုံးတော်မူရန် ပင့်လျှောက်တော်မူခဲ့ကြပါသည်။
မြို့ မရိပ်သာ ပထမ ဆရာတော်ကြီး ဘဒ္ဒန္တဥက္ကံသ (သာသနာ့ဓဇ သိရီပဝရ ဓမ္မာစရိယ) မထေရ်
       ကြို့ပင်ကောက်မြို့ ရွှေကျောင်းကြီးဆရာတော်ကြီး၏ သြဝါဒနှင့်အညီ ဒါယကာ ဒါယိကာမ များ၏ပင့်လျှောက်ချက်   အရဆရာတော်`ဘဒ္ဒန္တဥက္ကံသ(သာသနဓဇသိရီပဝရဓမ္မာစရိယ)မထေရ်သည် မြန်မာသက္ကရာဇ်၁၃၁၇ခုနှစ်မှစ၍ ကျောင်း
ထိုင်တော်မူခဲ့ပါသည်။
ဆရာတော်ကြီး သီတင်းသုံးတော်မူခဲ့သောကျောင်း
ကျောင်း၏ဥပါဌာက ဒါယကာ ဒါယိကာမ များဖြစ်ကြသော ဦးမောင်နှန် - ဒေါ်စောရင် ၊ ဒေါ်ဂေရင် (၉ လမ်း) ၊ ဦးဘိုးရွှေ (ကြယ်မင်းညိုညို) ၊ ဦးအေးလှိုင် - ဒေါ်ဟန်လှ၊ ဦးလှကြည် (ရွှေကမ္ဘာ) တို့ မှ ကျောင်းအတွက် လိုအပ်သော ကိစ္စ
အဝဝ တို့ကို လှူဒါန်းပူဇော် ထောက်ပံ့ခဲ့ကြပါသည် ။
              ဆရာတော်သည် စတင်ကျောင်းထိုင်တော်မူစဉ်ကပင် တပည့် သံဃာ ငါးပါး ၊ ခြောက်ပါး နှင့် ပဋိပတ္တိ အလုပ်ကို ပွါးများအားထုတ်တော်မူခဲ့၏။ ဝိပဿနာတရားများကိုဟောကြား ရင်း စိတ်ပါဝင်စားသူ ဒါယကာ ဒါယိကာမ များကိုလည်း စံနစ်တကျ အားထုတိတတ်စေရန် သွန်သင်ညွှန်ပြတော်မူ၏ ။
              မြန်မာသက္ကရာဇ် ၁၃၄၃ ခုနှစ်ရောက်သောအခါ တပည့်ဖြစ်သူ `ဘဒ္ဒန္တ မဟိန္ဒ´ (သာသနဓဇ ဓမ္မာစရိယ) မထေရ်ကို ခေါ်ယူပြီး ပရိယတ္တိ အလုပ်များကိုပါ ထပ်မံတိုးချဲ့လုပ်ဆောင်ရင်း သာသနာပြုခဲ့ပါသည်။ တဘက်က စာသင်သံဃာတော်များ တိုးမြှင့်လက်ခံ သင်ကြားပေးရင်း တဘက်မှလည်း ယောဂီများအတွက် ဝိပဿနာတရားစခမ်းများ ဖွင့်ကာ ပဋိပတ္တိ သာသနာအကျိုးကို သည်ပိုးဆောင်ရွက်ခဲ့ပါသည် ။
မြို့ မရိပ်သာ ဒုတိယ ဆရာတော် ဘဒ္ဒန္တ မဟိန္ဒ ( သာသနာ့ဓဇ ဓမ္မာစရိယ-မဟာဂန္ဓာဝါစကပဏ္ဍိတ)မထေရ်
        ဆရာတော် `ဘဒ္ဒန္တ ဥက္ကံသ´ မထေရ်သည် ပရိယတ္တိ ပဋိပတ္တိ သာသနာ့တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ရင်း သက်တော် (၈၆) နှစ် သိက္ခာတော် (၆၆)ဝါ မြန်မာသက္ကရာဇ် ၁၃၆၆ ခုနှစ် ကဆုန်လပြည့်ကျော် (၅) ရက်နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည်။
             ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် တပည့်ရင်း ဆရာတော် `ဘဒ္ဒန္တ မဟိန္ဒ´ မထေရ် သာသနဓဇဓမ္မာစရိယ - မဟာဂန္ဓာဝါစကပဏ္ဍိတ က ကျောင်းတိုက်ကြီးကို ဆရာတော်ကြီး လမ်းညွှန်သြဝါဒထားခဲ့သည့်အတိုင်း စီမံအုပ်ချုပ် လျှက် သာသနာ့တာဝန်များကိုထမ်းရွက်လျှက်ရှိပါသည် ။
              ယခုအခါ စာသင်သံဃာ ၁၀၀ ခန့် စာပေသင်ကြားလျှက်ရှိပြီး နေ့စဉ် ယောဂီ ၅၀ ခန့် အချိန်ပိုင်း အာစိဏ္ဏကံ အမှတ်စိတ်ဝင် တရားအားထုတ်လျှက်ရှိပါသည် ။
တရားအားထုတ်နေကြသော ယောဂီများ
           နှစ်စဉ် ဝါမဆိုမီတကြိမ် သင်္ကြန် မတိုင်မီတကြိမ် ၁၀ ရက်စခမ်းဖွင့်၍ ယောဂီများတရားအားထုတ် နိုင်ရန် စံနစ်တကျ သွန်သင်ညွှန်ပြပေးလျှက် ရှိပါကြောင်း ……
ယောဂီများ တရားအားထုတ်ရာ ဓမ္မာရုံ
တရားစခမ်းပွဲများတွင် ယောဂီများ တည်းခိုရာ ဇရပ်များ
 ပထမဆုံးဆောက်လုပ်ခဲ့သော ဆွမ်းစားကျောင်းဆောင်
ယခုလက်ရှိ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ မဟိန္ဒ မထေရ်
" ပေါင်းတည်မြို့  မင်းကျောင်း ပရိယတ္တိ စာသင်တိုက် "
ပေါင်းတည်မြို့ ပေါ်ရှိ စာသင်တိုက်ကြီးများတွင် အပါအဝင်ဖြစ်သော “မင်းကျောင်း” သည်
ပေါင်းတည်မြို့ သမိုင်းတွင် ရှေးကျသော သာသနာ့ နယ်မြေများတွင် တစ်ခုအပါအဝင်
ဖြစ်ပေသည် ။ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားသော မြန်မာနိုင်ငံတော်ကြီးတွင်
ခေတ်အဆက်ဆက် ထေရ်ကြီး ဝါကြီးများ ထိမ်းသိမ်းစောင့်ရှောက် ခဲ့ကြသော သာသနာ
တော်ကြီးသည် ပေါင်းတည်မြို့ တွင်လည်း ထိမ်းသိမ်း ဆောင်ရွက်ခဲ့ကြပါသည် ။
ထိုသို့ ဆောင်ရွက်ခဲ့ကြသော ထင်ရှားသည့် ဂိုဏ်ကျောင်းများတွင် တစ်ကျောင်းအပါအဝင်
ဖြစ်သော မင်းကျောင်းနှင့်ပတ်သက်၍ လေ့လာတွေ့ ရှိ သိသမျှ မှတ်စု တစ်ခု ပြုလိုက်ပါသည် ။
လိုအပ်ချက် မှားယွင်းချက်များ တွေ့ ရှိခဲ့ပါလျှင် စေတနာရှေ့ထားပြီး ပြုပြင် ဖြည့်စွက်ပေး ကြဘို့ 
ဖိတ်ခေါ်အပ်ပါသည် ခင်ဗျား။
                    မင်းကျောင်းကို မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ်တွင် စတင် တည်ထောင်ပြီး
ဆရာတော်ကြီး ဘဒ္ဒန္တသုန္ဓရ မထေရ် မြတ် က ဦးစီးပဓာန နာယက အဖြစ်ကျောင်းထိုင်
ဝါဆိုတော်မူခဲ့ကြောင်း သိရပါသည် ။
ထို့ နောက် ဒုတိယ ဆရာတော် မှာ ဘဒ္ဒန္တ ရသ မထေရ်မြတ်က ဆက်လက် အုပ်ချုပ်ခဲ့ကြောင်းသိရပါသည် ။
တတိယဆရာတော်မှာ ဘဒ္ဒန္တဥတ္တရ မထေရ်မြတ် ဖြစ်ပြီး
ယ္ခု လက်ရှိ စတုတ္ထ ဆရာတော်မှာ ဘဒ္ဒန္တဇောတိက မထေရ် မြတ်က ဆက်လက်
စီမံအုပ်ချုပ်လျှက် သာသာနာတာဝန်များကို ထမ်းဆောင်နေကြောင်းသိရပါသည် ။
   ပေါင်းတည်မြို့  မြောက် ဘက်ပိုင်း မှတ္တိုင် လမ်းမကြီးပေါ်တွင် မုခ်ဦးတည်ဆောက်
ထားပြီး ကျောင်းအတွင်းသို့ ကိုက် ၁၀၀ ခန့် ဝင်သည့် လမ်းပေါက်မှ ဝင်ရောက်ရပါသည် ။ ခေတ်
အဆက်ဆက် ဖြတ်သန်းလာခဲ့သော မူလကျောင်းဆောင်ကြီးမှာ ခမ်းနားထည်ဝါလှသော်လည်း
နှစ်ကြာလာသည်နှင့်အမျှယိုယွင်း ပျက်စီးမှုများရှိလာသောကြောင့် အသစ်ထပ်မံ ပြုပြင်ခဲ့ရပါသည် ။
သို့ သော်လည်း မူလ လက်ရာဖြစ်သော လှေကားဆောင်ကိုဖြင့် ပုံစံမပျက် ထိမ်းသိမ်း ကာ ကျောင်း
မကြီးကိုသာ ပြုပြင်ခဲ့ကြောင်းသိရပါသည်။
ကျောင်းနောက်ဘက်တွင် လယ်ကွင်းများသာရှိပြီး
ပေါင်းတည် မဲခေါင်းလမ်း ကို လှမ်းမြင်နေရပါသည် ။ ကျောင်းဝင်းအတွင်းတွင် ပင်မကျောင်းဆောင်
ကြီး တစ်ဆောင် ၊ ဆွမ်းစားကျောင်းတစ်ဆောင် ၊ သိမ် ၊ ဇရပ်၊ စေတီ တို့ ကို သူ့ နေရာနှင့်သူ တွေ့ 
နိုင်ပါသေးသည် ။ ကျောင်းတွင်း သံဃာ တော်များ ကိုကျောင်းပြင်နေစဉ်ကာလ၌့ ခေတ္တ လျှော့ချ
ထားကြောင်းသိရပါသည် ။