ပေါင်းတည်မြို့အဝင် (ရန်ကုန်ဘက်မှအဝင်)
----------------------------------------------------------------------------
မြို့မ အ.ထ.က ပင်မဆောင်
-----------------------------------------
၂၀၁၁-ခုနှစ်က ဦးကြူ ဝမ် ဒေါ်ကြင်ပိုင်မိသားစုလှူဒါန်းခဲ့သော ၂ ထပ်ကျောင်းဆောင်သစ် အင်ကြင်းဆောင်
----------------------------------------------------------
1953- ခုနှစ်က မြို့မကျောင်းမှ ဆရာ - ဆရာမ များနှင့်
ကျောင်းသား/ကျောင်းသူများ
-----------------------------------
1954- Prematric Teachers & Students
-----------------------------------------------------------
မြို့မ အ.ထ.က တည်နေရာ (From Google Earth)
-------------------------------------------------------
ပေါင်းတည်မြို့ တွင် အစိုးရ ခေတ်ပညာသင်ကျောင်းတစ် ကျောင်းဖြစ်သည့် မြို့မ ကျောင်းကြီးကို အင်္ဂလိပ် ကိုလိုနီခေတ် ၁၉၁၂-ခုနှစ်တွင် (ကျောင်းမှတ်တမ်းတွင် ၁၉၁၁-ခုနှစ် ဟုတွေ့ရပါသည် အခြားမှတ်တမ်းများတွင် ၁၉၁၂-ခုနှစ်ဟုတွေ့ရပါသည် ) အင်္ဂလိပ်အစိုးရက တည်ဆောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
ပေါင်းတည်မြို့၏ ပထမဆုံးသော High School ကျောင်းဖြစ်၏ ။
စတင်ဖွင့်လှစ်စဉ်က အတန်းစုံ မရှိခဲ့ပါ ။ ၁၉၂၄-ခုနှစ်ရောက်မှ အထက်တန်းအဆင့်ထိ သင်ကြားပေးနိုင်ခဲ့သည့် High School ကျောင်းဖြစ်လာသည်။ ကျောင်းအုပ်ကြီးများမှာလည်း နိုင်ငံခြားသားဆရာကြီးများဖြစ်ခဲ့သည်။
ယခုဆိုလျှင် ကျောင်းကြီးမှာ သက်တမ်း ၁၀၂ နှစ်တိုင်ရှိခဲ့ပါပြီ။
မြို့မကျောင်းကြီး၏သမိုင်းသည် မြို့၏သမိုင်းကိုပါပြောပြနေသည်။ ခေတ်အဆက်ဆက် အခြေအနေ အမျိုးမျိုး ကြုံတွေ့ဖြတ်သန်းခဲ့ပြီး ပညာတတ်များ အဆက်မပြတ်မွေးထုတ်ပေးနိုင်ခဲ့သည် ။
အင်္ဂလိပ်ခေတ်တွင် ၇ တန်းအောင်ပြီးပါက အစိုးရဌာနများတွင်အလုပ်ဝင်နိုင်ခဲ့၏ ။
၁၉၄၂-ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်၍ ဂျပန်ဝင်ရောက်လာပြီး ခေတ်တွင် လည်းကျောင်းကြီးကိုဆက်ဖွင့်ထားနိုင်ခဲ့သည် ။ ဂျပန်အစိုးရက ၄င်းတို့၏ ဂျပန်နိုင်ငံတော်သီချင်းကိုကျောင်းသားများအားထည့်သွင်းသင်ကြားစေခဲ့သည်ဟုသိရ၏ ။
၁၉၄၅ - ခုနှစ်တွင် ဖက်ဆစ်ဂျပန်ကိုတော်လှန်ချိန် မဟာမိတ်တပ်များက ပေါင်းတည်မြို့ကို ဗုံးကျဲတိုက်ခိုက်စဉ်ကာလတွင် ကျောင်းကြီးကိုခေတ္တပိတ်ထားခဲ့ရ၏ ။
ဂျပန်များပြန်လည်ဆုပ်ခွါသွားသော ၁၉၄၅ ခုနှစ်နောက်ပိုင်းတွင် အင်္ဂလိပ်အစိုးရစံနစ်သစ်အရ State Post Primary School (မူလတန်းလွန်ကျောင်း) ဖြစ်ခဲ့ရပြန်သည်။ ကျောင်းအုပ်ဆရာကြီး ဦးထူးရွှေ ၊ ဆရာမကြီးဒေါ်ကြူ ၊ ဆရာကြီးဦးဘိုးအုန်း ၊ ဆရာကြီးဦးဘိုးကြင် ၊ ဆရာကြီးဦးစိန်ထွန်း ၊ ဆရာကြီးဦးလှမောင် ၊ ဆရာကြီးဦးမြ ၊ ဆရာမကြီးဒေါ်သန်းတင် ၊ ပုံဆွဲဆရာ ဦးချက်ဖား တို့ ဖြင့်ကျောင်းပြန်ဖွင့်ခဲ့ကြရသည် ။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးစ ကွန်မြူနစ်တို့ တောခိုကြပြန်သောအခါတွင် တစ်နိုင်ငံလုံး ပြည်တွင်းစစ်ဒဏ် ခံကြရပြန်သည် ။
ပြည်တွင်းစစ်ဖြစ်နေသောကာလမှာပင် ပေါင်းတည် မြို့မ ကျောင်းကတော့ ပိတ်မသွားပဲ ရှိတဲ့ဆရာ ဆရာမနှင့် ကျောင်းဖွင့်ထားနိုင်အောင်ကြိုးစားခဲ့၏ ။
၁၉၄၈-ခု သြဂုတ်လ(၁၀)ရက်တွင် ပေါင်းတည်မြို့သည် အစိုးရကိုတော်လှန်သော တပ်ရင်း(၁) လက်အောက်ကျရောက်ခဲ့၏။ အစိုးရတပ်များက သြဂုတ်လ (၁၃)ရက်တွင် နတ္တလင်းဘက်မှ လက်နက်မျိုးစုံဖြင့် ပြန်လည်ဝင်ရောက်သိမ်းပိုက်ပြန်ရာ တော်လှန်သောတပ်ရင်း(၁) သည် ပုတီးကုန်းဘက်သို့ဆုပ်ခွါပြီး ပုတီးကုန်း၌ တိုက်ပွဲများပြင်းထန်စွာဖြစ်၏ ။ ရက်အနည်းငယ်ကြာသောအခါ တော်လှန်သောတပ်ရင်း(၁)က ပေါင်းတည်သို့ပြန်လည်ဝင်ရောက်သိမ်းပိုက်ပြန်ရာ အစိုးရတပ်များက နတ္တလင်းဘက်သို့ဆုပ်ခွါသွားပြီး ဘိုးသာအောင်ကုန်းရွာတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပြန်၏ ။ ၁၉၄၈-ခု စက်တင်ဘာလတွင် တော်လှန်သူများဆုပ်ခွါသွား၍ အစိုးရတပ်များက ပေါင်းတည်မြို့ကို အေးချမ်းစွာပြန်လည်ဝင်ရောက်နိုင်ခဲ့ပြန်သည် ။ ထိုသို့ တဘက်နှင့်တဘက် အပြန်အလှန်တိုက်ပွဲများဖြစ်နေချိန်သေနတ်သံ ဗုံးသံများကြားလျှင်ကျောင်းဆင်းပေးလိုက်ပြီး ငြိမ်သက်သွားလျှင် မောင်းထု၍ ကျောင်းပြန်ဖွင့်ကြပြန်၏ ။
၁၉၄၈-ခုနှစ် စက်တင်ဘာလ တွင် ပြည် ၊ မင်းဘူး ၊ သရက်ခရိုင် တို့ကို နိုင်ငံအစိုးရက စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်၏ ။ မြို့မကျောင်းကြီးကတော့ ဖွင့်ထားစဲပင်ဖြစ်၏ ။ စစ်အုပ်ချုပ်ရေးကို ၅ လကြာပြီးနောက် ပြန်လည်ရုပ်သိမ်းလိုက်၏ ။ ၁၉၄၉-ခုနှစ် ဖေဖော်ဝါရီလ တွင် ပြည်မြို့မှ နံပါတ်(၂)ကရင်တပ်ခွဲက အစိုးရကိုတော်လှန်ပြန်သဖြင့် အတန်းတင်စာမေးပွဲများစစ်မည့်စဲစဲ မစစ်ဖြစ်တော့ပဲ နွေရာသီရက်ရှည် ကျောင်းပိတ်လိုက်ရ၏ ။
ထိုနှစ် မတ်လတွင် တော်လှန်သောတပ်ရင်း(၁) ၊ ရဲဘော်ဖြူ နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ပူးပေါင်းပြီး ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုအစိုးရက ပေါင်းတည် အပါအဝင် လက်ပန်တန်းအထိ သိမ်းပိုက်ထားလိုက်ပြန်သည်။ ပြည်မြို့တွင် ၄င်းတို့ အစိုးရအဖွဲ့ ရုံးစိုက်၍ အုပ်ချုပ်၏ ။
၁၉၄၉-ခုနှစ် ဇွန်လတွင် မောင်းထုပြီးကျောင်းပြန်ဖွင့်၏ ။ စာမေးပွဲများမစစ်ခဲ့ရသော်လည်း အတန်းသစ်သို့တက်ပေးခဲ့၏ ။
ထိုအချိန်တွင် အချို့ အစိုးရဝန်ထမ်းများ အစိုးရနယ်မြေဘက်သို့ ပြောင်းပြေးကြလေ၏ ။ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုအစိုးရအဖွဲ့က ဝန်ထမ်းများကို လခ မှန်မှန်မပေးနိုင်ခဲ့ဘူးဟုဆိုပါတယ်။
အဲဒီလိုခေတ်ကာလမတည်မငြိမ် ဖြစ်နေချိန်တွင် လခ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဆရာကြီး ဆရာမကြီး တစ်စုက မြို့မကျောင်းကြီးပိတ်မသွားအောင် ကြိုးစားဖွင့်လှစ်သင်ကြားပေးခဲ့၏ ။
ထိုအချိန်က ကျောင်းအုပ်ဆရာကြီး ဦးဘိုးကြင် က ဦးဆောင်ပြီး ဆရာဦးလှမောင် ၊ ဆရာမကြီးဒေါ်သန်းတင် ၊ ဆရာမြ ၊ ဆရာဦးစံသိန်း ၊ ဆရာမဒေါ်တင်သိန်း ၊ ဆရာဦးကိုကြီး စသည့် ဆရာကြီး ဆရာမကြီးများဖြင့် သူပုန်ခေတ် မြို့မကျောင်းကြီးကို မြိုင်မြိုင်ဆိုင်ဆိုင်ဖွင့်ထားနိုင်ခဲ့၏။ တခြားမြို့ကကျောင်းတွေပိတ်ထားရလို့ကျောင်းမတက်ရတဲ့ကျောင်းသားတွေ ပေါင်းတည်ကိုလာတက်ကြရ၏ ။ အဲဒီလို လခ ရရ မရရ ကျောင်းဖွင့်ထားနိုင်အောင်ကြိုးစားဆောင်ရွက်ခဲ့ကြသော ဆရာကြီး ဆရာမကြီးများ၏ စေတနာ ကား လေးစားစရာအလွန်ကောင်းလှပေသည်။
၁၉၅၀-ခုနှစ် မေလ တွင် အစိုးရတပ်များက ပေါင်းတည်ကို အေးချမ်းစွာပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်။ ကျောင်းအုပ်ဆရာကြီး ဦးချစ် အသစ်ခန့်အပ်၍ ကျောင်းကြီးကို ပုံမှန်ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါသည်။
ထိုစဉ်က ပေါင်းတည်မြို့တွင် မူလတန်းကျောင်းများကို တည်ထောင်သူ ဆရာများ၏အမည်ကိုစွဲ၍ ကျောင်းအမည် ခေါ်တွင်ခဲ့ကြ၏ ။
အရှေ့လမ်းတွင် ဆရာဦးဘိုးဘေကျောင်း ၊ ၁၄ လမ်းတွင် ဆရာစံကျောင်း ၊ ရွှေတောင်လမ်းတွင် ဆရာပုကြီးကျောင်း ၊ သိမ်ကြီးတွင် ဆရာ ဦးမောင်ဦးကျောင်း၊ မှတ္တိုင်လမ်းတွင် ဆရာဦးမောင်ရင်ကျောင်း စသည်ဖြင့် တည်ရှိခဲ့သည် ။
၁၉၅၄ ခုနှစ်ဝန်းကျင်လောက်တွင် ၁၄ လမ်း ဆရာစံကျောင်းကို အလယ်တန်းကျောင်းအဖြစ်တိုးမြှင့်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းတင် ဖြစ်ခဲ့သည်။
ထိုနောက် ၁၉၅၆-ခုနှစ် တွင် ရန်ကုန်လမ်း အထက ကျောင်းကြီးဆောက်လုပ်ပြီးစီးချိန်တွင် မြို့မကျောင်းမှ ကျောင်းသားကျောင်းသူများရော ပရိဘောဂများပါ ထို အထက အသစ်သို့ပြောင်းရွှေ့ခဲ့ရ၏ ။ ထိုလစ်လပ်သွားသော မြို့မကျောင်းဆောင်အခွံကြီးသို့ ၁၄ လမ်းမှ ဆရာမကြီးဒေါ်သန်းတင်၏ အလယ်တန်းကျောင်းက ဝင်ရောက်အစားထိုးကာ မြို့မ အလက အဖြစ် ၁၉၅၆-ခုနှစ်တွင်ဖြစ်ခဲ့သည် ။
ထိုအချိန်မှစ၍ ၁၉၆၂-ခုနှစ် တော်လှန်ရေးကောင်စီခေတ် ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် တို့ကို ဖြတ်သန်းပြီး ၁၉၈၈-ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးပြီးသည်အထိ မြို့မ အလက အဖြစ် ကျောင်းအုပ်ကြီးအဆက်ဆက် ရပ်တည်ခဲ့ပါသည်။
ဤကာလများအတွင်း စစ်မက်ဘေးဒဏ်များထပ်မံမဖြစ်ပွါးခဲ့သော်လည်း တစ်နိုင်ငံလုံးကျောင်းတွေပိတ်စေခဲ့သည့် ၁၉၆၂ ခုနှစ် 7 July အရေးအခင်း ၊ ဦးသန့်အရေးအခင်း ၊ မှိုင်း ရာပြည့်အရေးအခင်း ၁၉၈၈ အရေးအခင်းတို့တွင် အစိုးရအမိန့်ဖြင့်ကျောင်းကြီးကိုခေတ္တ ပိတ်ထားခဲ့ရသည် ။
၁၉၈၄ ခုနှစ်မှစ၍ ကျောင်းသားဟောင်းကြီးများကဦးဆောင်ကာ ဆရာကြီး ဆရာမကြီးများကို ပူဇော်ကန်တော့သည့် အာစရိယပူဇော်ပွဲကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တွင်ကျင်းပခဲ့ကြသည် ။
ထို့နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကောင်စီခေတ် ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ် (န.ဝ.တ ၊ န.အ.ဖ စစ်အာဏာရှင် အစိုးရခေတ် ) တို့ ကိုဖြတ်သန်းခဲ့ရပြန်သည် ။
၂၀၀၈- ခုနှစ် တွင် အလယ်တန်းကျောင်းအဆင့်မှ အထက ခွဲကျောင်းအဖြစ်တိုးမြှင့်ခဲ့ပြီး
၂၀၁၁- ခုနှစ်တွငိ မြို့မ အစိုးရအထက်တန်းကျောင်း (State High School ) အဖြစ် မူလအဆင့်ကိုပြန်လည်ရောက်ရှိခဲပါသည် ။
မူလကျောင်းဆောင်ကြီးမှာ အိုမင်းလှပြီဖြစ်သော်လည်း ယခုထိ ကျောင်းသား ကျောင်းသူ လေးများ အရိပ်ခို ပညာနို့ စို့လျှက်သာပင် ရှိနေစဲပါ ။ တိုးတက်များပြားလာသော ကျောင်းသားဦးရေနှင့်မျှတအောင် နှစ်ထပ်ကျောင်းဆောင်သစ်တစ်ဆောင်ကို အလှူရှင် ဦးကြူဝမ်+ဒေါ်ကြင်ပိုင် သမီး ဒေါ်သန်းကြည် ၊ ဒေါ်အကြည် ၊ ဒေါ်မြင့်မြင့်ကြည် မိသားစု မှ ၂၀၁၁-ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ပါသည် ။
သို့သော်လည်း လုံလောက်မျှတအောင်နှင့် ဘေးအန္တရာယ်ကင်းစွာ ပညာသင်ကြားနိုင်ဘို့ လိုအပ်ချပ်များစွာရှိနေပါသေးသည်။ အမိကျောင်းတော်ကြီးမှ ပညာသင်ကြားပေးလိုက်သော ကျောင်းသူကျောင်းသားဟောင်းများ မြို့မိမြိုဘများ စေတနာရှင်များ ရဲ့ ပြုစုစောင့်ရှောက်မှု ကို အိုမင်းနေသော မြို့မ အ.ထ.က မူလကျောင်းဆောင်ကြီးက မျှော်လင့်စောင့်စားလျှက်ရှိနေပါကြောင်း …………
ပေါင်းတည်မြို့ နှင့် မြို့မ အ.ထ.က ကျောင်းတော်ကြီး မှတ်စု အကျဉ်းကို ရေးသားနိုင်ရန် မေးသမျှ စိတ်ရှည်စွာ အလေးထားဖြေကြားပေးပါသော ဆရာကြီး ဦးအုန်းနိုင် (ကျောင်းအုပ်ဆရာကြီး ငြိမ်း ) အား အထူးကျေးဇူးတင်ရှိပါသည် ။ အချက်အလက်များ ကူညီစုဆောင်းပေးသော Ko Gyi Soe ကိုလည်း အထူးကျေးဇူးတင်ရှိပါသည် ။
၂၀၁၄-ခုနှစ် စက်တက်ဘာလ ( ၂၁) ရက် တွင်ရေးသားပါသည်။
U Ko Chit ( Paungde )
[ ကိုးကား > ပေါင်းတည်သမိုင်း - ဦးထွန်းညွန့် T.P.S , ဇောသဒ္ဒါဗလဝ နှင့် သြကာသလိုက်ပါသည် ဆောင်းပါး - ဦးအုန်းနိုင် , ပိုးဖလံ၏ဆန္ဒများ - တက္ကသိုလ်ဘုန်းနိုင် , ကျောင်းသားဟောင်းကြီးများ၏ ပြန်လည်ပြောပြချက်များ , မြို့မ အ.ထ.က ကျောင်းမှတ်တမ်းများ ]

No comments:
Post a Comment