Wednesday, June 25, 2014

" ဘွားဦးဇွန်း T.P.S " (၁၂၃၀-၁၃၀၆)










ပေါင်းတည်မြို့ရဲ့ ဂုဏ်ကျက်သရေဆောင် ဘိုးဘွား ရိပ်သာ ကြီးကို မတည် တည်ထောင်ပေးခဲ့သော ဘွားဦးဇွန်းကို မန္တလေးမြို့ ကျောက်သွေးတန်းရပ်နေ ပိုးကုန်သည်ကြီး ဦးအိ + ဒေါ်မျှင် တို့မှ ၁၂၃၀-ခုနှစ် ဝါခေါင်လဆန်း (၅) ရက် သောကြာနေ့တွင် ဖွားမြင်ခဲ့၏ ။
ကုန်းဘောင်ခေတ် မင်းတုံး မင်းလက်ထက်တွင်မွေး၍
မြန်မာပြည် အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ရသည့်ခေတ်တွင်ကြီးပြင်းခဲ့ရသည် ။
ခေတ်မကောင်းချိန်မှာ မွေးဖွားကြီးပြင်းခဲ့ရပြီး အမျိုးသမီး တစ်ဦးပင်ဖြစ် သော်လည်း လူမှုဝန်ထမ်းစိတ်အပြည့်ဖြင့် သမိုင်းတွင်သည့် စွမ်းဆောင်မှုများ ကို ထူးချွန်စွာထမ်းရွက်နိုင်ခဲ့သည့် ဂုဏ်ယူဘွယ် မြန်မာ အမျိုးကောင်းသမီးကြီး တစ်ဦးဖြစ်ပေ၏ ။
အသက် (၂၂) နှစ်အရွယ်တွင် မိဘများကွယ်လွန်သွားကြပြီးနောက် ကျန်ရစ်သော စီးပွါးလုပ်ငန်းများကို ဦးဆောင်ပြီး ဆက်လက် လုပ်ကိုင်နိုင်ခဲ့၏ ။
အသက် (၃၀) အရွယ်တွင် မန္တလေးမြို့ရှိ ပတ္တမြားကျောင်းတိုက်ဆရာတော်ကြီးကို အုတ်ကျောင်းတစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့သောကြောင့် "ပတ္တမြားအုတ်ကျောင်းအမကြီးဒေါ်ဦးဇွန်း" ဟုအမည်တွင်ခဲ့၏ ။
အသက် (၄၆) နှစ်အရွယ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခိုက် စတော့ဂိတ်လမ်း(ယခု သိမ်ဖြူလမ်း)ရှိ ဘရင်ဂျီဂိုဏ်း ဘုန်းတော်ကြီး "ဘီဂင်ဒတ်" 1889ခုနှစ်တွင်တည်ထောင်ခဲ့သော ခရစ်ယာန် သီလရှင်များ ဦးစီးဆောင်ရွက်နေသည့် လူအိုရုံသို့ သွားရောက်လည်ပတ် ကြည့်ရှုဖြစ်ခဲ့၏ ။
ဤတွင် ဒေါ်ဦးဇွန်းအတွက် အကြံကောင်းညာဏ်ကောင်းများ ရခဲ့လေသည် ။ ခိုကိုးရာမဲ့ လူအိုများကို ပြုစုစောင့်ရှောက်ခြင်းသည် အလွန်မွန်မြတ်၏ ဟုတွေးမိ၏ ။ ထိုခရစ်ယာန်လူအိုရုံမှာပင် ကျွေးမွေးစောင့်ရှောက်ထားသော မြန်မာ ဗုဒ္ဓဘာသာ အဖွားအိုတစ်ဦးနှင့် တွေ့ခဲ့ရာဝယ် ရင်ထဲတုံလှုပ်ခဲ့ရ၏ ။ ထိုအဖွားအိုကို `အမေကြီး နေကောင်းလား´ ဟုနှုတ်ဆက်ရာ အဖွားအိုက ` သမီးတို့ကျေးဇူးကြောင့်နေကောင်းပါတယ် ကျေးဇူးတင်လွန်းလို့ နေ့တိုင်း ညတိုင်း သမီးတို့ကိုအဖွားမေတ္တာပို့ပါတယ်´ လို့ပြောတော့ လိုက်ပြတဲ့ခရစ်ယာန်သီလရှင်က ` အမေကြီးဒီလိုမပြောပါနဲ့ ကျွန်မတို့ကိုကျေးဇူးတင်ရမှာမဟုတ်ဘူး အမေကြီးတို့ခုလိုချမ်းချမ်းသာသာ နေရတာ ထာဝရဘုရားသခင် ကြောင့်သာဖြစ်တယ် ဘုရားသခင်ကစောင်မတော်မူလို့ပါ ဘုရားသခင်ကိုသာကျေးဇူးတင်လိုက်ပါ ´ ဟုပြော၏ ။ မျက်စေ့ရှေ့တွင်ပင်မြင်လိုက်ကြားလိုက်ရသည့်အဖြစ်က ဒေါ်ဦးဇွန်းရင်ကို လှုပ်ခတ်သွားစေတော့၏ ။

` ဗုဒ္ဓမြတ်စွာဘုရား ကယ်တော်မူပါ … တို့မြန်မာအမေအိုကြီးမှာ အိုကြီးအိုမ ခိုကိုးရာမဲ့ဘဝရောက်မှ မူရင်းကိုးကွယ်နေသည့် ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းရမည့်ဘဝရောက်နေပါပေါ့လား ´ ဟု စိုးရိမ်ထိတ်လန့်စွာတွေးမိ၏ ။
ဤမှစ၍ ဒေါ်ဦးဇွန်းသည် မန္တလေးသို့ပြန်ရောက်သောအခါ မြို့မိမြို့ဖ လူကြီးများ သံဃာတော်များနှင့် ညှိနှိုင်းတိုင်ပင်ကာ ဗုဒ္ဓဘာသာလူအိုရုံ တည်ထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လေတော့၏ ။
စိတ်ဆုံးဖြတ်ပြီးသည့်အတိုင်း မိမိပိုင်စီးပွါးဥစ္စာတို့ကိုထုခွဲရောင်းချပြီး စစ်ကိုင်းမြို့ မင်းကွန်းကျေးရွာတွင် ပထမဆုံး ဗုဒ္ဓဘာသာလူအိုရုံကို တဲကျောင်းသုံးလုံးဆောက်၍ ၁၂၇၆ ခုနှစ် ပြာသိုလပြည့်ကျော်(၁၂) ရက်နေ့တွင် စတင်တည်ထောင် လိုက်လေသည် ။
ဒေါ်ဦးဇွန်း၏စေတနာမှန် လုပ်ရပ်မှန် တို့ကြောင့် တဲကျောင်းများတိုးတက်များပြားလာကာ ၁၂၈၀-ခုနှစ်တွင် မင်းကွန်းဗုဒ္ဓဘာသာလူအိုရုံအသင်းကို စံနစ်တကျဖွဲ့စည်းနိုင်ခဲ့လေသည် ။
ထိုမှစ၍ အခြားသောမြို့များတွင် ဆက်လက်ပြီး ဗုဒ္ဓဘာသာလူအိုရုံများကို တိုးချဲ့တည်ထောင်ခဲ့ရာ

၁၂၈၉-ခုနှစ်တွင် သထုံ မြသပိတ်တောင်ခြေ၌၄င်း

၁၂၉၁-ခုနှစ်တွင် ပေါင်းတည်မြို့၌၄င်း

၁၂၉၅-ခုနှစ်တွင် ရန်ကုန်မြို့ နှင်းဆီကုန်း၌၄င်း

၁၂၉၉-ခုနှစ်တွင် ပခုက္ကူမြို့၌၄င်း
အောင်မြင်စွာတည်ထောင်နိုင်ခဲ့ပေသည် ။

ဒေါ်ဦးဇွန်းသည် ၁၂၉၃-ခုနှစ် ဝါခေါင်လဆန်း(၁၂) ရက်ညသန်းခေါင်ရံအချိန်တွင် ပေါင်းတည်မြို့လူအိုရုံ၌ လူဝတ်ကြောင်ကိုစွန့်၍ ဒေါ်သုမာလာ ဘွဲ့အမည်ဖြင့်သီလရှင်ဘဝကို ကူးပြောင်းခံယူလိုက်ပါသည် ။
ထို့နောက် ဒုတိယကမ္ဘာစစ်မီးတောက်လောင်သောအခါ ရန်ကုန်မြို့ကို ဗုံးများကျဲသဖြင့် ရန်ကုန်လူအိုရုံမှအဘွားများကို ကိုယ်တိုင်စောင့်ရှောက်၍ မန္တလေးသို့ခေါ်ဆောင်သွားခဲ့၏ ။
ဘိုးဘွားများကိုစောင့်ရှောက်ကူညီရင်း အသက် (၇၆)နှစ်အရွယ် ၁၃၀၆-ခုနှစ် ကဆုန်လပြည့်ကျော်(၅) ရက် (11-5-1944) နေ့တွင် မင်းကွန်းလူအိုရုံ၌ ဘဝတပါးသို့ပြောင်းရွှေ့ကွယ်လွန်ခဲ့ပါသည် ။
ဘွားဦးဇွန်း၏ ကိုယ်ကျိုးစွန့် လူမှုဝန်ထမ်းလုပ်ငန်းများဆောင်ရွက်မှုကြောင့် အင်္ဂလိပ်အစိုးရကပင် T.P.S တိုင်းကျိုးပြည်ဆောင် ဘွဲ့ကိုချီးမြှင့်ခြင်းခံခဲ့ရ၏ ။
ယခုအခါ ဘွားဦးဇွန်းအစပြုဆောင်ရွက်ခဲ့သော ဗုဒ္ဓဘာသာလူအိုရုံများသည် ဘိုးဘွားရိပ်သာ များအဖြစ် ဆက်လက်တိုးတက်ဖွံ့ဖြိုးကာ အနယ်နယ်အရပ်ရပ်တွင် တိုးပွါးတည်ထောင်ခဲ့ကြပေသည် ။
ဘွားဦးဇွန်းသည် သူတည်ထောင်ထားခဲ့သော ဗုဒ္ဓဘာသာလူအိုရုံများ အစဉ်တိုးတက်ဖွံ့ဖြိုးစေရန် ဆုမွန်တောင်းခဲ့ပုံကတော့

" လူအိုများအကျိုး လိုဟန်ဆောင်၍
လောဘအတ္တဟိတသမားများ
တွေ့ရှိထင်မြင်ပါလျှင် နှိမ်နင်းပယ်ရှားနိုင်ပါစေ "
(28-5-1943)

အဘွားဦးဇွန်းဆုတောင်းထာဝရပြည့်ပါစေ …………

[ ကိုးကား > တိုင်းကျိုးပြည်ဆောင် T.P.S ဘွဲ့ရ ဘွားဦးဇွန်း ……… နှင်းဆီကုန်း ဘိုးဘွားရိပ်သာစိန်ရတုအထိမ်းအမှတ် / ပေါင်းတည် ဘိုးဘွားရိပ်သာ စိန်ရတုမဂ္ဂဇင်း ]
 

No comments:

Post a Comment