Monday, June 16, 2014

" ပေါင်းတည်မြို့ ဘုရားကြီးတိုက် အတွင်း ပထမဆုံးတည်ထားသော ရွှေကူစေတီတော် "




ရန်ကုန်-ပြည် လမ်းမကြီး နှင့် ဘုရားကြီးလမ်းထောင့် ယခု ဘုရားကြီးတိုက် ဟုခေါ်သော (ရွှေကျောင်းကြီးတိုက် သာသနာ့ နယ်မြေ ) တွင် ပထမဆုံးတည်ထားကိုးကွယ်ခဲ့သော စေတီမှာ ရွှေကူစေတီဖြစ်၏ ။ ယခု သကျမုနိ မိုဃ်းကောင်းဘုရားကြီး အာရုံခံတန်ဆောင်း နှင့် ကျိုက်ထီးရိုးပုံတူ စေတီတော် အကြား တည်ရှိသော စေတီတော်ဖြစ်ပါသည် ။ စေတီ၏အောက်တွင် ဂူ လှိုင်မုခ် ပါရှိပြီး လှိုင်ဂူအတွင်း၌ ကဿပအလောင်းတော် ဟု ဘွဲ့တော်ရှိသော လျောင်းတော်မူ ရုပ်ပွါးတော်တစ်ဆူရှိ၏ ။
မြန်မာတို့၏ ပဒေသရာဇ်စံနစ် နောက်ဆုံးခေတ် ကုန်းဘောင်မင်းဆက် ၁၁ ဆက်တွင် ခြောက်ဆက်မြောက် မင်းဖြစ်သော ဘိုးတော်ဘုရား ( မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်မှ ၁၁၈၁ ခုနှစ်ထိ ) လက်ထက်တွင် ၂၃၀ သော ရွှေကူစေတီတော်များကို ပြည် ၊ ပေါင်းတည် ၊ ရွှေတောင် ၊ အင်းမ ၊ ပန်းတောင်း ၊ သူရဲတန်း ၊ ကျွန်းဆုံ ၊ သာယာဝတီ မြို့များတွင် မြို့စား မြို့ဝန် စစ်ကဲသူကြီး မြေတိုင်း ကလန် သံပျင် တို့ကို အစီအမံပြုစေ၍ ကံကြွေးချ လက်ခတော်များ ပေးအပ်ပြီး တည်ထားကိုးကွယ်တော်မူစေရာ
ပေါင်းတည်မြို့ ကိုအပိုင်စားရတော်မူသော သာကီဝင်မင်းမျိုးမင်းဆွေများ စုပေါင်း၍ ဤရွှေကူစေတီတော်ကို ရွှေကျောင်းကြီးတိုက် ပရဝုဏ်အတွင်း၌ မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ကြပါသည် ။
ထို့ကြောင့် ဘုရားကြီးတိုက်အတွင်းရှိ စေတီ များ ရုပ်ပွါးတော်များတွင် ရွှေကူ စေတီသည် အဦးဆုံးဖြစ်ကြောင်း မှတ်သားစရာ ဖော်ပြလိုက်ရပါသည် ။

[ ကိုးကား > ပေါင်းတည်သမိုင်း နှင့် မြတ်စွယ်တော် အတ္ထုပ္ပတ္တိ .… (ဦးထွန်းညွန့် T.P.S) , ဘုရားကြီးဂေါပကရုံး မှတ်တမ်းများ]

No comments:

Post a Comment