Wednesday, June 25, 2014

" ပေါင်းတည်မြို့ ဘုရားကြီးတိုက် မင်းသားကြီးကန် "











ပေါင်းတည်မြို့ရှိ ရှေးကျသည့် သာသနိက ဌာနများ အနက် ရွှေကျောင်းကြီးတိုက် သည် မြို့၏ဗဟိုလ်အချက်အခြာ ဘုရားကြီးလမ်းနှင့် ရန်ကုန်ပြည်လမ်းထောင့်၌တည်ရှိသည် ။ ကျောင်းတိုက်ဝင်းကြီးမှာ ကျယ်ဝန်းပြီး ဘုရား ကျောင်း ကန် စေတီ တို့နှင့်ပြည့်စုံ၏ ။ စာသင်တိုက်ကြီးများ ၊ သကျမုနိမိုဃ်းကောင်းဘုရားကြီး ၊ မင်းလက်ဝဲ ၊ မင်းလက်ျာ စေတီတော်ကြီးများ ၊ ပေါင်းတည်မြို့ဗုဒ္ဓမြတ်စွယ်တော်တိုက် ၊ ကျိုက်ထီးရိုးပုံတူစေတီ ၊ မင်းသားကြီးကန် စသည်ဖြင့် သာသနိကအဆောက်အဦများ ပြည့်စုံစွာပါဝင်သောနေရာဌာနတစ်ခုဖြစ်၏ ။

သမိုင်းမှတ်တမ်းများအရ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက် ၁၁၄၄ ခုနှစ်တွင် ရွှေကျောင်းကြီးတိုက်စတင်ပေါ်ပေါက်ခဲ့ကြောင်းသိရ၏ ။ ပေါင်းတည်မြို့အပိုင်စားရသော သာကီဝင်မင်းမျိုးတို့ က ၄င်းနှစ်တွင် မှန်စီရွှေချ ဘုံပြဿဒ်တို့ဖြင့် ကြီးကျယ်ခန်းနားသော ရွှေကျောင်းကြီးတိုက်ကို ဆောက်လုပ်လှူဒါန်းခဲ့ကြကြောင်းသိရ၏ ။

ကျယ်ဝန်းသော ကျောင်းတိုက်မြေနေရာပေါ်တွင် အထက်တွင်ဖော်ပြခဲ့သော ဘုရား ကျောင်း ကန် စေတီ များဆက်လက်တည်ဆောက်လှူဒါန်းခဲ့ကြ၏ ။

ထိုအထဲမှ မင်းသားကြီးကန်ကို အို အို မင်း မင်း ကန်လယ် ရွှေအိုးတွင်း ဟူသည့် အမှတ်အသားဖြင့် မြန်မာသက္ကရာဇ် ၁၁၅၅ ခုနှစ်တွင် မြို့သူမြို့သားများပါဝင်လှူဒါန်း၍ ကန်အလယ်ဗဟိုလ်တွင် တွင်းတူးကာ ရွှေအိုးကိုဌာပနာ၍ တူးဖော်ခဲ့ကြသည်ဟု မှတ်တမ်းကျန်ရှိလေသည် ။

ကန်ကြီး၏ဘေးပတ်လည်တွင် ဘုန်းတော်ကြီးကျောင်းများ အုန်းပင် ထန်းပင် များတို့ဖြင့် လှပသာယာစွာရှိ၏ ။ ငယ်စဉ်က ဘုရားကြီးကန်ဟု သာသိခဲ့ရ၏ ။ မိုးကာလ မိုးကြီးကြီးရွာလျှင် ဘုရားကြီးကန် လျှံပြီဟေ့ ဟု တင်စားပြောလေ့ရှိ၏ ။ ကန်ကြီး၏ မြောက်ဘက်နှင့် တောင်ဘက် တို့တွင် ရေစီး ရေလျှံ မြောင်းပေါက် တစ်ခုစီရှိ၏ ။ ရှေးယခင်က ထိုမြောင်းမှာ မြို့လယ်ချောင်းဖြစ်ခဲ့သည်ဟုဆို၏ ။ယခုအခါမှာတော့ မြို့လယ်ချောင်းမှာ တိမ်ကောပျောက်ကွယ်လုနီးနီး မြောင်းကလေးသာကျန်ရှိတော့၏ ။ကန်ကြီးမှာ ထိုမြို့လယ်ချောင်းကို ပိတ်၍ တူးခဲ့ဟန်ရှိသည် ။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ထုံးစံအတိုင်း အခါကြီး ရက်ကြီးများတွင် ဇီဝိတဒါန အဖြစ် ငါး လိပ် စသည့်ရေနေသတ္တဝါတို့ကို ကန်ကြီးအတွင်း ဘေးမဲ့လွှတ်ပေးကြခြင်းဖြင့် ကုသိုလ်ယူကြ၏ ။ ကန်ကြီး၏ အရှေ့ဘက် တောင်ဘက် အနောက်ဘက် တို့တွင် မဟာဗောဓိညောင်ပင်ကြီး တစ်ပင်စီ ရှိ၏ ။ ကဆုန်လပြည့် ဗုဒ္ဓနေ့ရောက်လျှင် ညောင်ရေသွန်းလောင်းပွဲများပြုလုပ်၍ကုသိုလ်ယူကြပြန်၏ ။

ဤသို့ တည်ရှိလာခဲ့သောကန်ကြီးမှာ စတူးစဉ်ကတည်းက နှစ်ပေါင်း ၂၀၀ ကျော်လာသည့်တိုင် ပြန်လည်ဆည်ယူ ပြုပြင်ခြင်းမရှိခဲ့ပေ ။ ကန်အနီးရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များက ကန်ဘောင်များ ရေတိုက်စားပျက်စီးခြင်းကို တတ်နိုင်သလောက်ထိမ်းသိမ်းစောင့်ရှောက်ခဲ့ရ၏ ။
သို့သော်လည်း နှစ်ကြာလို့ ကန်ကြီးတိမ်ကောလာသည်ကတစ်ကြောင်း ရာသီဥတုပြောင်းလဲလာခြင်းကြောင့် မိုးမမှန်ခြင်းကတစ်ကြောင်း အချို့နှစ်များတွင် နွေရာသီ၌ ရေများခန်းလုမတတ်ဖြစ်ခဲ့၏ ။ ဘေးမဲ့ငါးများ လိပ်များ သေကြေကြ၏ ။ မြို့ပေါ်မှ စေတနာ ကရုဏာ ကြီးမားသူများက ငွေကုန်ကျခံပြီး ကန်ကြီးအတွင်းသို့ရေများလာရောက်ထည့်သွင်းကြ၏ ။

ဤကဲ့သို့ ပြန်လည်တူးဖော် ပြုပြင်ရန်လိုအပ်နေသောကန်ကြီးကို ဒီအတိုင်းမြင်နေရသော သဒ္ဓမဇောတိကာရုံကျောင်း ပဓာန နာယက နိုင်ငံတော်ဗဟိုလ်သံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တ ပါရဂူ သည် စိတ်နှလုံး မချမ်းမြေ့သဖြင့် ရှိသည့်အားနှင့် စုစည်းကာ ပြန်လည်တူးဖော်ပြုပြင်ခြင်းကို ၁၃၇၃-ခုနှစ် နတ်တော်လပြည့်ကျော် (၈) ရက် တနင်္ဂနွေနေ့ တွင် စတင်လုပ်ဆောင်၍ ကန်ဘောင်များကို ကျောက်သားနံရံပြုလုပ်ခြင်း ၊ နုံးများဆည်ယူခြင်း ၊ လက်ရမ်း တပ်ဆင်ခြင်း အပန်းဖြေ နားနေရန် ခုံတန်းလျှားများ ကန်ပတ်လည်တွင်ထားပေးခြင်း များကို ကျပ်ငွေ(၄၃၀)သိန်း အကုန်အကျခံပြုပြင်ပြီး ၁၃၇၄-ခုနှစ် ကဆုန်လပြည့်ကျော် (၁၂)ရက် ကြာသပတေးနေ့ တွင် ပြီးစီးကာ အခမ်းအနားဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည် ။
ပြုပြင်ပြီးကန်ကြီး၏ အလျှားမှာ (၃၀၀) ပေ ၊ အနံ (၉၀)ပေ ၊ အနက် (၁၈) ပေ ဖြစ်၏ ။

ဘုရားကြီးကန်ဟု လူသိများခဲ့သော အမည်ကိုလည်း မူလအမည် မင်းသားကြီးကန်ဟု ပြန်လည် သမုတ်ပေးခဲ့ပါသည် ။ ယခုအခါ မင်းသားကြီးကန်ပတ်လမ်းတွင် လမ်းလျှောက်သူ နားနေသူ ငါးစာ လိပ်စာကျွေးသူများဖြင့် နေ့စဉ်စည်ကားလျှက်ရှိပေသည် ။

[ ကိုးကား > ပေါင်းတည်သမိုင်း နှင့် မြတ်စွယ်တော်အတ္ထုပ္ပတ္တိ … ဦးထွန်းညွန့် T.P.S , ဘုရားကြီး ဂေါပကရုံးမှတ်တမ်းများ , မင်းသားကြီးကန် ကျောက်စာကဗျည်း ]

No comments:

Post a Comment