Wednesday, June 25, 2014

" ပေါင်းတည်မြို့ ဘိုးဘွားရိပ်သာ "












မြန်မာပြည်အင်္ဂလိပ်လက်အောက်
ကျရောက်ခဲ့ပြီးနောက် ပထမ ဆုံးဗုဒ္ဓဘာသာ လူအိုရုံကို မြန်မာအမျိုးသမီးကြီး ဒေါ်ဦးဇွန်းက ၁၂၇၆ ခုနှစ်တွင် မင်းကွန်း၌စတင်တည်ထောင်နိုင်ခဲ့ပြီး တတိယမြောက် အဖြစ် ပေါင်းတည်မြို့တွင် ထပ်မံ၍ တည်ထောင်နိုင်ခဲ့သည် ။
ထိုစဉ်က ဒေါ်ဦးဇွန်းသည် မင်းကွန်း နှင့် သထုံ မြသပိတ်တောင်ခြေ တို့တွင် ဗုဒ္ဓဘာသာလူအိုရုံများတည်ထောင်ပြီး ရံပုံငွေရရှိရေးအတွက် လူအိုရုံထီဖွင့်ကာ ရှာဖွေခဲ့ရသည် ။
ပေါင်းတည်မြို့ မှလည်း ဒေါ်ဦးဇွန်း၏ လူအိုရုံထီကို အားပေးချီးမြှင့်၍ထိုးကြရာ အများအပြားပေါက်ကြ၏ ။
ထီဆုများကိုထုတ်ယူရန် မန္တလေးသို့ ကိုယ်စားလှယ်အဖြစ် လူမှုဝန်ထမ်းစိတ်ဓာတ်တက်ကြွသူ ဦးစံဦး (ပေါင်းတည်မီးသတ်အသင်း၏ ပထမဆုံးဥက္ကဌ) ကိုစေလွှတ်လိုက်၏ ။
ဦးစံဦးသည် မူလကပင် လူမှုဝန်ထမ်းစိတ်ဓာတ်တက်ကြွသူ ဖြစ်လေရာ မန္တလေးသို့ရောက်သောအခါ ဒေါ်ဦးဇွန်းနှင့် တွေ့ပြီး ထီဆုများထုတ်ရင်း ပေါင်းတည်မြို့တွင် လူအိုရုံတည်ထောင်လျှင်ကောင်းလေစွဟု တိုင်ပင်ဖြစ်ကြ၏ ။ထိုသို့ တိုင်ပင်သည့်အတိုင်း ဆွေးနွေးညှိနှိုင်းရန် ဒေါ်ဦးဇွန်းကိုပေါင်းတည်သို့ ဖိတ်ကြားခဲ့၏ ။
ဤသို့ဖြင့် ဒေါ်ဦးဇွန်းသည် ၁၂၉၁ ခုနှစ်တွင် ပေါင်းတည်မြို့သို့ ရောက်ရှိလာခဲ့လေသည် ။
၎င်းနှစ် တပေါင်းလပြည့်ကျော်(၃)ရက်နေ့တွင် ပေါင်းတည်မြို့ပေါ်ရှိ မြို့မိမြို့ဖ လူကြီးများနှင့် စည်းဝေးတိုင်ပင်ကာ [မန္တလေးမြို့ သူအိုရုံဒေါ်ဦးဇွန်းကြီးမှုးသောအဖွဲ့] ကိုဖွဲ့စည်းနိုင်ခဲ့ပြီး ဒေါ်ဦးဇွန်းမှ မတည်ကာ ပေါင်းတည် ဗုဒ္ဓဘာသာသူအိုရုံကို တည်ထောင်ရန်စတင်ဆောင်ရွက်ခဲ့ကြလေသည်။
ပထမဆုံးသောအမှုဆောင်အဖွဲ့တွင်
နာယက ဒေါ်ဦးဇွန်း
ဥက္ကဌ ဦးထွန်းညွန့် (အမိန့်တော်ရရှေ့နေ)
ဒုဥက္ကဌ ဦးဘိုးဆင်(ကျောင်းဆရာ)
အတွင်းရေးမှုး ဦးကြာဟန်(ကျောင်းဆရာ)
တွဲဘက်အတွင်းရေးမှုး ဦးအုန်းရွှေ
ငွေထိမ်း ဦးဘိုးကျင်
။ ဦးနာဒူ
အမှုဆောင် ဦးလှရွှေ(ဆရာဝန်ကြီး)
။ ဦးညိမ်း(အမိန့်တော်ရရှေ့နေ)
။ ဦးအောင်ထွား(အမိန့်တော်ရရှေ့နေ)
။ ဦးသန့် (အမိန့်တော်ရရှေ့နေ )
. ။ ဦးစောကြီး (ကုန်သည်)အုတ်ဖိုရပ်
။ ဦးထွန်းမင်း(အထည်ကုန်သည်)
။ ဦးဘိုးရှင်း(ရွှေပန်းတိမ်)
တို့ဖြင့် အဖွဲ့ဝင် ၁၃ ဦးပါ အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့သည် ။

ထို့နောက် ဒေါ်ဦးဇွန်းမတည်ငွေ နှင့် အများစုပေါင်းအလှူငွေတို့ပေါင်းကာ ၁၇-လမ်းနှင့် ၁၈-လမ်းကြား ရှိ ၁.၇၂၀ ဧက ရှိမြေနေရာ အုတ်ဖိုတိုက်တစ်ဆောင်ပါ ၊ လယ် ၁၉.၄၈ ဧကတို့ကိုဝယ်ယူ၍ ၁၂၉၁-ခုနှစ် ၊ တပေါင်းလပြည့်ကျော်(၅)ရက်နေ့တွင် "ပေါင်းတည်မြို့ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေးလူအိုရုံ" ကိုစတင်တည်ထောင်လိုက်ပါသည်။ စဖွင့်စဉ်ကပင် အဘိုးအဘွား ၃၀ ဦးလက်ခံ၍ သီလရှင် (၅)ပါးကစီမံစောင့်ရှောက်ပေးခဲ့ပါသည် ။ ၁၂၉၄-ခုနှစ် ၊ နယုန်လဆန်း(၉)ရက် နေ့ အရပ်ရပ်ဆိုင်ရာအစည်းအဝေးမှ "ပေါင်းတည်မြို့ဗုဒ္ဓဘာသာသူအိုရုံ" ဟုအမည်ပြောင်းခဲ့ပါသည်။

စောင့်ရှောက်ခံနေလိုသောဘိုးဘွားများသည် သတ်မှတ်ချက် (၅) ချက်နှင့်ညီညွတ်ပါက ရိပ်သာမှုးမှတစ်ဆင့် အမှုဆောင်အဖွဲ့သို့တင်ပြလျှောက်ထားရပါသည်။ သတ်မှတ်ချက်များကတော့
(၁) သား သမီး ဆွေမျိုး အထောက်အပံ့မရှိသူဖြစ်ရမည်။

(၂) သား သမီး ဆွေမျိုး ရှိသော်လည်း ထောက်ပံ့နိုင်သည့်အခြေအနေ မရှိခြင်း ။

(၃) ပစ္စည်း ဥစ္စာ အိမ်ပိုင် ခြံပိုင် လယ်ပိုင် မရှိသူဖြစ်ရမည် ။

(၄) ကျန်းမာ၍ ကူးဆက်ရောဂါ မရှိသူဖြစ်ရမည်။

(၅) အသက် (၇၀) ပြည့်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည် ။

ကျန်းမာရေးကိစ္စ နာရေးကိစ္စ အသိပေးအကြောင်းကြားနိုင်ရန် လိုက်ပါပို့ဆောင်ပေးသူ (၂) ဦးပါရှိရပါမည် ။ စည်းကမ်းဖောက်ဖျက်၍ အထုတ်ခံရလျှင် လိုက်ပို့ပေးသူ (၂) ဦးကပြန်လည်လက်ခံပါမည်ဟု လက်မှတ်ထိုးပေးရပါသည် ။

ယခုအခါမှာတော့ ဘိုးဘွား ၅၀ ခန့် စောင့်ရှောက်ထားနိုင်လျှက်ရှိပြီး အဘိုးဆောင်အသစ် အဘွားဆောင်အသစ် စားဆောင်အသစ် စိန်ရတု ခန်းမဆောင်အသစ် တို့အပြင် ဇီဝိတ ဒါန ဘိုးဘွားဆေးရုံ စာကြည့်တိုက် ဧည့်ရိပ်သာ ဘုရားဝတ်ပြုရန် ဓမ္မာရုံအသစ် တို့ကိုပြုပြင်မွန်းမံတည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါသည် ။ ရိပ်သာ၏ရှေ့တွင်လည်း ဒေါ်ဦးဇွန်းကျောက်ရုပ် နှင့် ရေတံခွန် ပန်းခြံ ၊ အဝင်အထွက်ကတ္တရာလမ်း ၊ ရိပ်သာပိုင် Transformer တို့ကိုလည်း လှပခန့်ညားစွာ ပြုလုပ်ဆောင်ရွက်ထားနိုင်ခဲ့ပါပြီ ။
ဘဝ၏ဆည်းဆာ ဇရာ ထောင်းကာမှ ကံမကောင်းအကြောင်းမလှ အားကိုးစရာမရသည့် အဖြစ်မှ အေးချမ်းစွာ ငြိမ်းချမ်းစွာ ဖြင့် တရားဓမ္မ ဘာဝနာကုသိုလ်များပါဆောင်ရွက်ရင်း ဇရာခရီးကို ဖြတ်သန်းနိုင်ကြပါပြီ ။

အဘွားဒေါ်ဦးဇွန်း အား ဤမှတ်စုဖြင့် ရိုသေဦးခိုက် ဂါရဝပြုလိုက်ရပါသည် ။

[ ကိုးကား > ပေါင်းတည် ဘိုးဘွားရိပ်သာ စိန်ရတုမဂ္ဂဇင်း ]

No comments:

Post a Comment