Monday, June 16, 2014

"ပေါင်းတည်မြို့ သကျမုနိ မိုဃ်းကောင်းဘုရားကြီး "









အခါတစ်ပါးတွင် ပေါင်းတည်မြို့၌မိုးအလွန်ခေါင်၍ မြို့သူမြို့သား လူအများသည် ဆင်းရဲဒုက္ခ ရောက်ကြရလေသည် ။

ထိုအခါ သုဓမ္မာဂိုဏ်းချုပ်ဆရာတော်ကြီး ဦးမာလာ (ဗိုလ်ကုန်းဆရာတော်) နှင့် ဂိုဏ်းထောက်ဆရာတော် ဦးဝိမလ (ရွှေကျောင်းကြီးတိုက်ဆရာတော်) တို့သည် လူအများဆင်းရဲဒုက္ခအပေါင်းမှ လွတ်ငြိမ်းသက်သာ ပါစေဟူသော ဂရုဏာ စေတနာပြဌာန်း၍ မြတ်စွာဘုရား ရုပ်ပွါးတော်တစ်ဆူကို တည်ဆောက်ကိုးကွယ်ရန် ဆောင်ရွက်တော်မူခဲ့ကြပါသည် ။
ဆရာတော်ကြီးများ၏ တပည့် ရဟန်းတော်များ ဒါယကာ ဒါယိကာမ များ မြို့သူ မြို့သားများ တတ်အားသရွေ့ ပါဝင်လှူဒါန်းကြ၏ ။ ကြေးတိုကြေးစ ရွှေတိုငွေစ များပါလှူဒါန်းကြရာ ထိုသတ္တု များကို အရည်ကြိုပြီး အထူးအားဖြင့် ရုပ်ပွါးတော်ကြီး၏ မျက်နှာတော်တွင်မွန်းမံထား၏ ။
ဤသို့ဖြင့် လူအများစုပေါင်းပြီး သဒ္ဒါတရားထက်သန်စွာ ဆောင်ရွက်ကြရာ [ ၁၂၅၈ - ခုနှစ် ပထမဝါဆိုလဆုပ် (၈) ရက်နေ့တွင် ဥာဏ်တော်အမြင့် ( ၇- တောင်တိတိ) ကြေးပိဿာချိန် (၃၄၀၀) ရှိသော ဘူမိဖဿ မုဒြာ ကြေးသွန်း ရုပ်ပွါးတော်ကြီးကို အောင်မြင်စွာ သွန်းလောင်းပြီးစီးလေသည် ။ ထိုခေတ်ကာလတန်ဘိုး (၇၇၂၇ ကျပ် ၄ ပဲ ) ကုန်ကျခဲ့သည်ဟု ကျောက်စာမှတ်တမ်းကျန်ရှိ၏ ။
ထိုအခါ ကောင်းကင်တစ်ခုလုံး ထစ်ချုံးမြည်ဟီး၍ သည်းထန်သောမိုးကြီးရွာချလေ၏။
ရဟန်းရှင်လူအပေါင်းလည်း လွန်စွာအားရတော်မူကြ၏ ။ လူတို့မှာ ( ငါတို့အလိုဆန္ဒပြည့်စုံစေသောဘုရား ဆင်းရဲဒုက္ခအပေါင်းမှကယ်တင်သည့်ဘုရား ) ဟု အချင်းချင်းပြောဆိုကြလျှက် အလွန်ကြည်ညိုကြလေ၏ ။
ထိုအခါမှစ၍ ပေါင်းတည်နယ်တွင် မိုးခေါင်သောဘေးမှလွတ်ကင်းခဲ့ရာ ယခုတိုင်ပြောပလောက်အောင် မိုးခေါင်ခြင်းမရှိတော့ပေ။
နာယက ဆရာတော်ကြီးများက ဤရုပ်ပွါးတော်ကြီးကို [ မဟာ သကျမုနိ မိုဃ်းကောင်းဘုရားကြီး ] ဟူသောဘွဲ့ထူးဖြင့် သမုတ်တော်မူခဲ့ကြပေသည် ။
ထို့နောက် ဘုရားဒါယကာ သစ်ခေါင်းကြီး ` ဦးတောက်ကြီး ´ နှင့် ဇနီး ` ဒေါ်စိန်ဥ ´တို့ကဦးဆောင်၍ ရုပ်ပွါးတော်ကြီးစံမြန်းရန်အုတ်ပြဿဒ် ဂန္ဓကုဋီ တိုက်ကြီးကို လှူဒါန်းကြ၏ ။ ၁၂၆၀ - ခုနှစ်တန်ဆောင်မုန်းလပြည့်ကျော် (၁၄) ရက်နေ့နံနက် မင်္ဂလာအချိန်တွင် ပန္နက်တော်တင်၍ စတင်တည်ဆောက်ရာ ၁၂၆၂ - ခုနှစ် နယုန်လဆန်း (၁၄) ရက်နေ့တွင်အုတ်ဂန္ဓကုဋီတိုက်ကြီးပြီးစီးခဲ့၏ ။ ထိုအချိန်က ငွေ ၁၈၀၄၃ ကျပ် ၁၂ ပဲ ကုန်ကျသည်ဟု မှတ်တမ်းကျန်ရှိ၏။
ထို့နောက် အုတ်ပြဿဒ်ဂန္ဓကုဋီတိုက်ကြီးနှင့် ဆက်စပ်၍ အာရုံခံတန်ဆောင်းကြီးကို အရှေ့လမ်းမှ ကျောင်းဒါယကာကြီး ဦးလှော် မိသားစုမှဆောက်လုပ်လှူဒါန်း၏ ။ ၄င်းတန်ဆောင်းကြီးနှင့်ဆက်၍ ဘုရားဒါယကာကြီးဦးမောင်ကလေး မိသားစုက တန်ဆောင်းတော်ကြီးတစ်ခုဆောက်လုပ်လှူဒါန်း၏ ။ ဦးမောင်ကလေး တန်ဆောင်းကြီးနှင့်ဆက်၍ မုခ်ဝထိအောင် ဘဲဥခြမ်းသဏ္ဍန် တန်ဆောင်းကြီးတစ်ခုကို (၁၁)လမ်းမှ ကုန်သည်ကြီး ဦးပု ကဆောက်လုပ်လှူဒါန်း၏ ။ စွယ်တော်တိုက်ဟောင်းတွင် (၁၁)လမ်းဒေါ်သဲစိန်က တန်ဆောင်းကြီးတစ်ခုဆောက်လုပ်၍ ဘုရားအမကြီး ဒေါ်ရွက် နှင့် သားသမီးတစ်စုတို့က လျောင်းတော်မူရုပ်ပွါးတော်ကြီးနှင့်တကွ တန်ဆောင်းကြီး နှစ်ခုပါဆောက်လုပ်လှူဒါန်းကြ၏ ။ ကျောင်းအမကြီးဒေါ်ကွန့်က ဓာတ်မီးတိုက်ကိုဆောက်လုပ်လှူဒါန်း၍ အများကောင်းမှုဖြင့် ဓာတ်မီးစက်အင်ဂျင်လှူဒါန်းကာ ညအခါ မဟာသကျမုနိမိုဃ်းကောင်းဘုရားကြီးကိုမီးပူဇော်ကြ၏ ။
ထိုအခါက ဘုရားကြီးတွင်စီမံဆောင်ရွက်ကြသောဘုရားလူကြီးများမှာ
ဦးတောက်ကြီး ၊ ဦးမောင်ကလေး ၊ ဦးလူး ၊ ဦးခ နှင့် ဦးထွန်းလှတို့ ဖြစ်ကြကြောင်း နှောင်းလူတို့သိစေရန် မှတ်တမ်းပြု ဖော်ပြလိုက်ရပါသည် ။

[ကိုးကား > ပေါင်းတည်သမိုင်းနှင့်မြတ်စွယ်တော်အတ္ထုပ္ပတ္တိ … (ဦးထွန်းညွန့် TPS), မိုဃ်းကောင်းဘုရားကြီး ကျောက်စာ, ဂေါပကရုံး မှတ်တမ်းများ ]

No comments:

Post a Comment