Thursday, December 24, 2020

ပေါင်းတည်မြို့ မြန်မာ နှစ်ခြင်းအသင်းတော်    

 ပေါင်းတည်မြို့ မြန်မာ နှစ်ခြင်းအသင်းတော်    



26 - Oct - 2014 ကတင်ခဲ့သော blog post ကို Unicode ဖြင့်ပြန်တင်ပါသည်။

  ပေါင်းတည်မြို့ သို့ ခရစ်ယာန်သာသနာပြုများ မည်သည့်အချိန်ကစ၍ရောက်ရှိခဲ့သည်ကို လေ့လာရာတွင် ထင်ရှားသည့်မှတ်တမ်းများအရ အောက်ပါအတိုင်း " မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော် သမိုင်းအကျဉ်းချုပ် "(1866 >2014)  ကိုတွေ့ရှိခဲ့ရပါသည် ။   အသင်းတော်စတင်ပေါ်ပေါက်ခြင်း     ၁၈၆၆ ခုနှစ် ဇူလိုင်လတွင် ပေါင်းတည်မြို့ အနောက်လယ်ပြင်လမ်းနှင့် ဆရာလေးပြလမ်း( ယခု လမ်း-၂၀) ထောင့်ရှိ မြေကွက်တွင် အင်းမနှစ်ခြင်းအသင်းတော်မှ ဦးမှိုင်းကလေး ၊ ဦးရွှေရောက်နှင့် ဦးလင်းအိမ်ထောင်တို့သည် ပေါင်းတည်မြို့အနောက်ဘက်ရှိ ဟင်္သာကန်ရွာ ၊ သရက်ခေါင်းရွာ နှင့် ပေါင်းတည်မြို့ အရှေ့ဘက်ရှိ ကန်ဆယ်ရွာတို့ မှ ယုံကြည်သူများ စုပေါင်းကာ လူ (၄၀) ဦးဖြင့် ၊ မြန်မာနှစ်ခြင်း ခရစ်ယာန် အသင်းတော်ကို စတင်တည်ထောင်ခဲ့သည် ။       သင်းအုပ်မရှိမီကာလ အာလံမြို့ (ယခု အောင်လံမြို့ ) မှ ကျောင်းဆရာဦးညို က လာရောက်ကြည့်ရှုမစခဲ့ပါသည် ။        ၁၈၆၇ - ခုနှစ်တွင် ငွေဒင်္ဂါး ၂၀၀ တန်ဘိုးရှိသော ဘုရားကျောင်း တစ်ဆောင်တည်ဆောက်၍ ဝတ်ပြုကိုးကွယ်ခဲ့ကြပါသည် ။       ၁၈၆၈-ခုနှစ်တွင် ပြည်မြို့မှ သာသနာပြု သိက္ခာတော်ရဆရာကြီး ( Rev;H.Tilbe) က ဆရာကြီး ဦးချင်း ကို သင်းအုပ်ဆရာအဖြစ် ခန့်အပ်ပေးခဲ့ပါသည် ။      ၎င်းအပြင် ပြည်မြို့တစ်ဝိုက်တွင် အမှုတော်ထမ်းဆောင်လျှက်ရှိသော သိက္ခာတော်ရဆရာကြီး (E.O.Steven) ၊ (Rev;L.H.Mosier) နှင့် မမမိုးရှဲ တို့ဇနီးမောင်နှံတို့နှင့်အတူ အပျိုသာသနာပြုဆရာမ မမပိန်း တို့က လာရောက်ခွန်အားပေးခဲ့ကြသည် ။ သာသနာပြုစာသင်ကျောင်း စတင်ဖွင့်ခဲ့ကြပါသည် ။      အသင်းတော်နေရာပြောင်းရွှေ့ခြင်း    ၁၈၉၇-ခုနှစ်တွင် ဦးသာဒွန်း နှင့် ဒေါ်ကြေး တို့ပိုင်သော ဈေး(၂)ရပ်ကွက် တာပွန်လမ်းရှိမြေကွက်ကို ငွေဒင်္ဂါး (၄၀) ဖြင့် ဝယ်ယူပြီး ပြောင်းရွှေ့လာကာ ဘုရားကျောင်းတစ်ဆောင်နှင့် အိမ်တစ်လုံး ဆောက်၍ ဝတ်ပြုကိုးကွယ်ခဲ့ကြသည် ။      သာသနာပြု သိက္ခာတော်ရဆရာကြီး (Rev;E.B.Roach) က ဆင်စွယ်ရောင်းရသောငွေဖြင့် ပြည်မြို့ နှင့် ပေါင်းတည်မြို့ တို့တွင် သင်းအုပ် နေအိမ် တစ်လုံးစီ ဆောက်လုပ် လှူဒါန်းခဲ့သည် ။        ၎င်းအိမ်၏အပေါ်ထပ်တွင် သင်းအုပ်ဆရာကြီးဦးချင်းကနေထိုင်ပြီး ၊ ဆရာမကြီးဒေါ်မိုးခင်က အောက်ထပ်တွင် စာသင်ကျောင်း ဖွင့်လှစ်ခဲ့ပါသည် ။ နောက်ပိုင်းတွင် ကျောင်းဆရာမ ဒေါ်သက်ဖူးက ဆက်လက်ဖွင့်လှစ်ခဲ့ပါသည် ။     အသင်းတော်၏မြေနေရာ ထပ်မံတိုးချဲ့ခြင်း     ၁၉၀၈-ခုနှစ်တွင် သာသနာမြေ တောင်ဘက် စပ်လျှက်ရှိသော လမ်းဗိုလ်ကြီး ဦးဘသန်း ပိုင်မြေကွက်ကို သိက္ခာတော်ရဆရာကြီး(Rev;E.B.Roach) က တပည့်တော်ကြီး ဦးချစ်တေးထံမှ အပြီးအပိုင်ဝယ်ယူခဲ့ပါသည် ။ ၁၉၄၀-ခုနှစ်တွင် (ဦးညာဏ်ကလေး - ပန်းပြင်)က သာသနာပြုဆရာပိုင် မြေယာ အဆောက်အဦး အားလုံးတို့ကို  အသင်းတော်ပိုင်အဖြစ် အမည်ပြောင်းပေးပါရန် သာသနာပြုကိုယ်စားလှယ် သိက္ခာတော်ရဆရာကြီး (Rev;Crain) ထံတောင်းခံခဲ့ပါသည် ။       ဆရာကရိန်းက ဦးဉာဏ်ကလေး၏အမည်ဖြင့် ပြောင်းပေးခဲ့ပါသည် ။ အခွန်ရုံးမှ စာချုပ်အမည်ကျမလာမီ ဂျပန်တပ်များဝင်ရောက်လာသောကြောင့် စာရွက်စာတမ်းများ ပျောက်ပျက်ခဲ့ရသည် ။        ၁၉၄၂-ခုနှစ် စစ်ဘေးဒါဏ်ကျရောက်လာသောအခါ ယုံကြည်သူများ စစ်ဘေးရန်တိမ်းရှောင်ရင်း လူစုကွဲခဲ့ရသည် ။ သာသနာပိုင်အဆောက်အဦများလည်း စစ်ဘေးသင့်ကာ မီးလောင်ပျက်စီးခဲ့ရသည် ။       ၁၉၄၃-ခုနှစ်တွင် သိက္ခာတော်ရဆရာကြီး ဦးဘိုးဉာဏ် နှင့် မိသားစုတို့ သည် မကွေးအသင်းတော်မှ ပေါင်းတည်မြို့သို့ ပြန်လည်ရောက်ရှိလာပါသည် ။      သာသနာမြေ၏ မီးလောင်ပြင်တွင် ဝါးတဲဆောက်လုပ်နေထိုင်ကာ စိုက်ပျိုးရေးဖြင့်အသက်မွေးရင်း အမှုတော်ကိုဆောင်ရွက်ခဲ့ရသည်။      ၁၉၄၇-ခုနှစ်တွင် ဘုရားကျောင်းတစ်ဆောင်ကိုစတင်ဆောက်လုပ်ပြီး ၁၉၄၈-ခုနှစ်တွင် အပြီးသတ်နိုင်ခဲ့ပါသည် ။ ၁၉၄၉-ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် အနုမောဒနာအစည်းအဝေးကျင်းပနိုင်ခဲ့ပါသည် ။ ၁၉၅၇-ခုနှစ်တွင် နယ်အစည်းအဝေးကြီးကျင်းပနိုင်ခဲ့ပြီး ၁၉၅၈-ခုနှစ် မေလတွင် သင်းအုပ်ဆရာနေအိမ်ကိုဆောက်လုပ်နိုင်ခဲ့သည် ။     အသင်းတော်၏ သင်းအုပ်ဆရာ အစဉ်အဆက် စာရင်းတွေ့ရှိရသည်မှာ   ၁ ။ ဆရာကြီးဦးညို (၁၈၆၆-၁၈၆၈)    ၂ ။ ဆရာကြီးဦးချင်း (၁၈၆၈-၁၈၉၇)    ၃ ။ ဆရာကြီးဒေါက်တာဦးသာထင် (ပြည်) (၁၈၉၇-၁၈၉၈)    ၄ ။ ဆရာကြီးဦးစံဦး (၁၈၉၈- ?)   ၅ ။ ဆရာကြီးဦးအောင်ဖြိုး (----)   ၆ ။ ဆရာကြီးဦးအောင်မှူး (----)   ၇ ။ ဆရာကြီးဦးရွှေအို (၁၉၁၄- ?)   ၈ ။ ဆရာကြီးဦးဘိုးဉာဏ် (၁၉၁၄-၁၉၃၈)ပထမအကြိမ်   ၉ ။ ဆရာကြီးဦးဉာဏ်(ဦးဉာဏ်ကလေး -ပန်းပြင်) ၁၀ ။ ဆရာကြီးဦးဘိုးဉာဏ်(၂၅-၇-၁၉၄၃ မှ ၂၀-၁၂-၁၉၆၇) ဒုတိယအကြိမ် ၁၁။ ဆရာမကြီး ဒေါ်အုန်းမှိန် (၁၉၆၈ မတ်လ မှ ၁၉၆၉ ဇွန်လထိ)  ၁၂။ ဆရာကြီးဦးရှိန်(၁-၆-၁၉၆၉ မှ ၃၁-၃-၁၉၇၂ထိ)  ၁၃။ ဆရာဦးသန်းမြင့် (၁-၇-၁၉၇၃ မှ ၄-၇-၁၉၇၆ ထိ) ၁၄။ ဆရာကြီးဦးကျော်မြင့် (၁၉၇၉-၁၉၈၁) ပထမအကြိမ်  ၁၅။ ဆရာကြီးဦးကျော်မြင့် (၁၉၈၂-၁၉၈၄) ဒုတိယအကြိမ်  ၁၆။ ဆရာကြီးဦးလှ (၁-၁၀-၁၉၈၅ မှ ၁၉၈၆ မတ်လထိ)  ၁၇။ ဆရာဦးစိုးမြင့်ဝင်း (၁၅-၃-၁၉၈၇ မှ ၁၅-၃-၁၉၉၀) ၁၈။ ဆရာဦးပီတာကျော်မင်း (၁၉၉၁ မတ်လမှ ၂၀၁၄ ဖေဖော်ဝါရီလထိ)  ၁၉။ ဆရာဦးသန့်မွန် (၂၀၁၄ မေလမှ ယနေ့ မှတ်စုရေးချိန် ၂၀၁၄ ဇူလိုင်လ ထိ) ဟု တွေ့ရှိမှတ်သားခဲ့ရပါသည် ။ 

 [ ကိုးကား > ပေါင်းတည်မြို့ မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော် မှ ဖြန့်ဝေသော သမိုင်းအကျဉ်း] 

No comments:

Post a Comment