Thursday, July 10, 2014

`ပေါင်းတည်မြို့ ဇီးတောကျောင်း´

ပေါင်းတည်မြို့တွင်ရှိသော ရှေးကျသည့် သာသနာ့မြေ နေရာဌာနများတွင် ဇီးတောကျောင်း သည်လည်း အပါအဝင်ဖြစ်သည် ။

စတင်တည်ထောင်သော ခုနှစ်ကိုမသိရသော်လည်း ကျောင်းထိုင်ဆရာတော် ၅ ဆက်မြောက် သို့ ရောက်ခဲ့ပါပြီ ။ ယ္ခု လက်ရှိကျောင်းထိုင် ဆရာတော် ပဉ္စမမြောက် ဆရာတော် ဦးနေမိန္ဒ မှ ပြောပြချက်အရ ပထမ ဆရာတော်ကြီး၏ မှတ်စုစာအုပ်ပါရက်စွဲ အချို့ကိုထောက်၍ ဇီးတောကျောင်းတိုက်စတင်တည်ထောင်သည့် အချိန်မှာ ၁၂၇၀ ခုနှစ်ထက် စော သောကာလဖြစ်သည်ဟု ပြောပြပါသည် ။

ပေါင်းတည်မြို့ ဟင်္သာကန်ရပ်ကွက် ၃၁ လမ်း နှင့် အနောက်လမ်းထောင့် ၃၁ လမ်းပေါ်တွင် တည်ရှိပါသည် ။


ပေါင်းတည်မြို့တွင် ဇီးတောကျောင်းတိုက်၏ ထူးခြားသောအချက် ၂ ချက်ရှိပါသည် ။ ပထမ အချက်မှာ ဇီးတောကျောင်းတိုက်နှင့် တွဲပြီး ဇီးတောသုဿန် တည်ရှိပါသည် ။ မြို့နယ်စည်ပင်သာယာပိုင်နယ်မြေအတွင်း၌တည်ရှိသော သုဿန်ဖြစ်သော်လည်း စည်ပင်သာယာပိုင်မဟုတ်ဟုသိရပါသည် ။ ဇီးတောသုဿန်ကို ဇီးတောကျောင်းတိုက်ကသာ စီမံသည်ဟုသိရပါသည် ။

ဒုတိယအချက်မှာ ပေါင်းတည်မြို့တွင် အစိုးရအထောက်အပံ့ မပါပဲ တည်ထောင်ထားသော ဇီးတော စာကြည့်တိုက် ရှိပါသည် ။




ပိုပြီး ပြည့်စုံအောင်ပြောရလျှင် ရွေ့လျှား စာကြည့်တိုက် ရှိပါသည် ။ ဆရာတော် ဦးနေမိန္ဒ ၏ အမြော်အမြင်ကြီးမားသည့်စေတနာ နှင့် ဆရာတော်၏ဆန္ဒကို စေတနာ ဝါသနာ အရင်းခံဖြင့် ကိုယ်တိုင်အပင်ပန်းခံ ဆောင်ရွက်ပေးနေသော ဆရာတော် ၏တပည့် လက်ထောက် ကိုသန့်ဇင် တို့အတူတကွ ကြိုးပမ်းမှုကြောင့် အောင်မြင်လျှက်ရှိပါသည် ။

*မြို့ မ-ပရိယတ္တိ-ပဋိပတ္တိ-ကျောင်းတိုက်*



         ပေါင်းတည်မြို့ ပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးဆိုင်ရာ သာသနာ့နေရာဌာနများတွင် "မြို့မ ပရိယတ္တိ ပဋိပတ္တိ ကျောင်းတိုက်" သည် ထင်ရှားသောကျောင်းတိုက် တစ်တိုက် ဖြစ်ပေသည်။သာသနာ၏အသက်သွေးကြော ပရိယတ္တိစာပေများသင်ကြားပေးရုံမျှမကသာသနာ၏အနှစ်ဖြစ်သောပဋိပတ္တိဘာဝနာအလုပ်များကိုလည်းလေ့ကျင့် ပျိုးထောင်ပေးနေသော ကျောင်းတိုက်ကြီးဖြစ်၏ ။

                     ဤမြို့မကျောင်းတိုက်ကြီးကို မြန်မာ ကောဇာသက္ကရာဇ် ၁၃၁၇ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပါသည်။
ကျောင်းဆောက်ရန် မြေနေရာကို ကျောင်းဒါယကာ ဒါယိကာမကြီးများဖြစ်သော `ဦးမောင်နှန် - ဒေါ်စောရင်´ သစ်စက်ပိုင်ရှင်  (ယခုမိသားစုသင်္ကန်းတိုက်၅လမ်း)မှတာပွန်လမ်းပေါ်ရှိ၁၈လမ်းနှင့်၁၉လမ်းကြား မြေရိုင်းခြံကွက်ကြီးကိုဝယ်ယူလှူဒါန်း
ခဲ့ခြင်းဖြစ်ပါသည်။

                  ထိုသို့ မြေကွက်ဝယ်ကျောင်းဆောက်ပြီး ကြို့ပင်ကောက်မြို့ ရွှေကျောင်းကြီး ဆရာတော်ကြီး၏ သြဝါဒ ခံယူ၍ ဆရာတော်ကြီး၏တပည့် `ဘဒ္ဒန္တ ဥက္ကံသ´ မထေရ် ကို ကျောင်းထိုင်သီတင်းသုံးတော်မူရန် ပင့်လျှောက်တော်မူခဲ့ကြပါသည်။

မြို့ မရိပ်သာ ပထမ ဆရာတော်ကြီး ဘဒ္ဒန္တဥက္ကံသ (သာသနာ့ဓဇ သိရီပဝရ ဓမ္မာစရိယ) မထေရ်


       ကြို့ပင်ကောက်မြို့ ရွှေကျောင်းကြီးဆရာတော်ကြီး၏ သြဝါဒနှင့်အညီ ဒါယကာ ဒါယိကာမ များ၏ပင့်လျှောက်ချက်   အရဆရာတော်`ဘဒ္ဒန္တဥက္ကံသ(သာသနဓဇသိရီပဝရဓမ္မာစရိယ)မထေရ်သည် မြန်မာသက္ကရာဇ်၁၃၁၇ခုနှစ်မှစ၍ ကျောင်း
ထိုင်တော်မူခဲ့ပါသည်။

ဆရာတော်ကြီး သီတင်းသုံးတော်မူခဲ့သောကျောင်း


ကျောင်း၏ဥပါဌာက ဒါယကာ ဒါယိကာမ များဖြစ်ကြသော ဦးမောင်နှန် - ဒေါ်စောရင် ၊ ဒေါ်ဂေရင် (၉ လမ်း) ၊ ဦးဘိုးရွှေ (ကြယ်မင်းညိုညို) ၊ ဦးအေးလှိုင် - ဒေါ်ဟန်လှ၊ ဦးလှကြည် (ရွှေကမ္ဘာ) တို့ မှ ကျောင်းအတွက် လိုအပ်သော ကိစ္စ
အဝဝ တို့ကို လှူဒါန်းပူဇော် ထောက်ပံ့ခဲ့ကြပါသည် ။

              ဆရာတော်သည် စတင်ကျောင်းထိုင်တော်မူစဉ်ကပင် တပည့် သံဃာ ငါးပါး ၊ ခြောက်ပါး နှင့် ပဋိပတ္တိ အလုပ်ကို ပွါးများအားထုတ်တော်မူခဲ့၏။ ဝိပဿနာတရားများကိုဟောကြား ရင်း စိတ်ပါဝင်စားသူ ဒါယကာ ဒါယိကာမ များကိုလည်း စံနစ်တကျ အားထုတိတတ်စေရန် သွန်သင်ညွှန်ပြတော်မူ၏ ။

              မြန်မာသက္ကရာဇ် ၁၃၄၃ ခုနှစ်ရောက်သောအခါ တပည့်ဖြစ်သူ `ဘဒ္ဒန္တ မဟိန္ဒ´ (သာသနဓဇ ဓမ္မာစရိယ) မထေရ်ကို ခေါ်ယူပြီး ပရိယတ္တိ အလုပ်များကိုပါ ထပ်မံတိုးချဲ့လုပ်ဆောင်ရင်း သာသနာပြုခဲ့ပါသည်။ တဘက်က စာသင်သံဃာတော်များ တိုးမြှင့်လက်ခံ သင်ကြားပေးရင်း တဘက်မှလည်း ယောဂီများအတွက် ဝိပဿနာတရားစခမ်းများ ဖွင့်ကာ ပဋိပတ္တိ သာသနာအကျိုးကို သည်ပိုးဆောင်ရွက်ခဲ့ပါသည် ။

မြို့ မရိပ်သာ ဒုတိယ ဆရာတော် ဘဒ္ဒန္တ မဟိန္ဒ ( သာသနာ့ဓဇ ဓမ္မာစရိယ-မဟာဂန္ဓာဝါစကပဏ္ဍိတ)မထေရ်


        ဆရာတော် `ဘဒ္ဒန္တ ဥက္ကံသ´ မထေရ်သည် ပရိယတ္တိ ပဋိပတ္တိ သာသနာ့တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ရင်း သက်တော် (၈၆) နှစ် သိက္ခာတော် (၆၆)ဝါ မြန်မာသက္ကရာဇ် ၁၃၆၆ ခုနှစ် ကဆုန်လပြည့်ကျော် (၅) ရက်နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည်။

             ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် တပည့်ရင်း ဆရာတော် `ဘဒ္ဒန္တ မဟိန္ဒ´ မထေရ် သာသနဓဇဓမ္မာစရိယ - မဟာဂန္ဓာဝါစကပဏ္ဍိတ က ကျောင်းတိုက်ကြီးကို ဆရာတော်ကြီး လမ်းညွှန်သြဝါဒထားခဲ့သည့်အတိုင်း စီမံအုပ်ချုပ် လျှက် သာသနာ့တာဝန်များကိုထမ်းရွက်လျှက်ရှိပါသည် ။
              ယခုအခါ စာသင်သံဃာ ၁၀၀ ခန့် စာပေသင်ကြားလျှက်ရှိပြီး နေ့စဉ် ယောဂီ ၅၀ ခန့် အချိန်ပိုင်း အာစိဏ္ဏကံ အမှတ်စိတ်ဝင် တရားအားထုတ်လျှက်ရှိပါသည် ။

တရားအားထုတ်နေကြသော ယောဂီများ


           နှစ်စဉ် ဝါမဆိုမီတကြိမ် သင်္ကြန် မတိုင်မီတကြိမ် ၁၀ ရက်စခမ်းဖွင့်၍ ယောဂီများတရားအားထုတ် နိုင်ရန် စံနစ်တကျ သွန်သင်ညွှန်ပြပေးလျှက် ရှိပါကြောင်း ……

ယောဂီများ တရားအားထုတ်ရာ ဓမ္မာရုံ


တရားစခမ်းပွဲများတွင် ယောဂီများ တည်းခိုရာ ဇရပ်များ



 ပထမဆုံးဆောက်လုပ်ခဲ့သော ဆွမ်းစားကျောင်းဆောင်


ယခုလက်ရှိ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ မဟိန္ဒ မထေရ်


" ပေါင်းတည်မြို့  မင်းကျောင်း ပရိယတ္တိ စာသင်တိုက် "


ပေါင်းတည်မြို့ ပေါ်ရှိ စာသင်တိုက်ကြီးများတွင် အပါအဝင်ဖြစ်သော “မင်းကျောင်း” သည်
ပေါင်းတည်မြို့ သမိုင်းတွင် ရှေးကျသော သာသနာ့ နယ်မြေများတွင် တစ်ခုအပါအဝင်
ဖြစ်ပေသည် ။ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားသော မြန်မာနိုင်ငံတော်ကြီးတွင်
ခေတ်အဆက်ဆက် ထေရ်ကြီး ဝါကြီးများ ထိမ်းသိမ်းစောင့်ရှောက် ခဲ့ကြသော သာသနာ
တော်ကြီးသည် ပေါင်းတည်မြို့ တွင်လည်း ထိမ်းသိမ်း ဆောင်ရွက်ခဲ့ကြပါသည် ။
ထိုသို့ ဆောင်ရွက်ခဲ့ကြသော ထင်ရှားသည့် ဂိုဏ်ကျောင်းများတွင် တစ်ကျောင်းအပါအဝင်
ဖြစ်သော မင်းကျောင်းနှင့်ပတ်သက်၍ လေ့လာတွေ့ ရှိ သိသမျှ မှတ်စု တစ်ခု ပြုလိုက်ပါသည် ။
လိုအပ်ချက် မှားယွင်းချက်များ တွေ့ ရှိခဲ့ပါလျှင် စေတနာရှေ့ထားပြီး ပြုပြင် ဖြည့်စွက်ပေး ကြဘို့ 
ဖိတ်ခေါ်အပ်ပါသည် ခင်ဗျား။
                    မင်းကျောင်းကို မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ်တွင် စတင် တည်ထောင်ပြီး
ဆရာတော်ကြီး ဘဒ္ဒန္တသုန္ဓရ မထေရ် မြတ် က ဦးစီးပဓာန နာယက အဖြစ်ကျောင်းထိုင်
ဝါဆိုတော်မူခဲ့ကြောင်း သိရပါသည် ။


ထို့ နောက် ဒုတိယ ဆရာတော် မှာ ဘဒ္ဒန္တ ရသ မထေရ်မြတ်က ဆက်လက် အုပ်ချုပ်ခဲ့ကြောင်းသိရပါသည် ။


တတိယဆရာတော်မှာ ဘဒ္ဒန္တဥတ္တရ မထေရ်မြတ် ဖြစ်ပြီး


ယ္ခု လက်ရှိ စတုတ္ထ ဆရာတော်မှာ ဘဒ္ဒန္တဇောတိက မထေရ် မြတ်က ဆက်လက်
စီမံအုပ်ချုပ်လျှက် သာသာနာတာဝန်များကို ထမ်းဆောင်နေကြောင်းသိရပါသည် ။


   ပေါင်းတည်မြို့  မြောက် ဘက်ပိုင်း မှတ္တိုင် လမ်းမကြီးပေါ်တွင် မုခ်ဦးတည်ဆောက်
ထားပြီး ကျောင်းအတွင်းသို့ ကိုက် ၁၀၀ ခန့် ဝင်သည့် လမ်းပေါက်မှ ဝင်ရောက်ရပါသည် ။ ခေတ်
အဆက်ဆက် ဖြတ်သန်းလာခဲ့သော မူလကျောင်းဆောင်ကြီးမှာ ခမ်းနားထည်ဝါလှသော်လည်း
နှစ်ကြာလာသည်နှင့်အမျှယိုယွင်း ပျက်စီးမှုများရှိလာသောကြောင့် အသစ်ထပ်မံ ပြုပြင်ခဲ့ရပါသည် ။
သို့ သော်လည်း မူလ လက်ရာဖြစ်သော လှေကားဆောင်ကိုဖြင့် ပုံစံမပျက် ထိမ်းသိမ်း ကာ ကျောင်း
မကြီးကိုသာ ပြုပြင်ခဲ့ကြောင်းသိရပါသည်။


ကျောင်းနောက်ဘက်တွင် လယ်ကွင်းများသာရှိပြီး
ပေါင်းတည် မဲခေါင်းလမ်း ကို လှမ်းမြင်နေရပါသည် ။ ကျောင်းဝင်းအတွင်းတွင် ပင်မကျောင်းဆောင်
ကြီး တစ်ဆောင် ၊ ဆွမ်းစားကျောင်းတစ်ဆောင် ၊ သိမ် ၊ ဇရပ်၊ စေတီ တို့ ကို သူ့ နေရာနှင့်သူ တွေ့ 
နိုင်ပါသေးသည် ။ ကျောင်းတွင်း သံဃာ တော်များ ကိုကျောင်းပြင်နေစဉ်ကာလ၌့ ခေတ္တ လျှော့ချ
ထားကြောင်းသိရပါသည် ။


Saturday, July 5, 2014

"ပေါင်းတည်မြို့ မင်းလက်ျာသီရိ စေတီတော် နှင့် မင်းလက်ဝဲသီရိ စေတီတော်" မင်းလက်ဝဲသီရိ စေတီတော်





ပေါင်းတည်မြို့ ဗဟိုလ် ရန်ကုန်>ပြည် လမ်းမကြီးပေါ်တွင် ဘုရားကြီးတိုက်ဝင်းအတွင်း သပ္ပါယ်စွာ တည်ထားသော မြို့ကျက်သရေဆောင် စေတီ နှစ်ဆူဖြစ်ပါသည် ။

" မင်းလက်ဝဲသီရိစေတီတော်"
•••••••••••••••••••••••••

မင်းလက်ဝဲသီရိ စေတီတော် ဟုခေါ်တွင်နေသော စေတီ၏ ဘွဲ့ အမည်နှင့်ပါတ်သက်၍ ရှေးလူကြီးများပြောပြခဲ့သည်မှာ မင်းလက်ဝဲစေတီအမှန်မှာ မြို့တောင်ဘက်ပိုင်း သိမ်ကြီးရပ် တွင်ရှိသော သိမ်ကြီးဘုရားကြီးဖြစ်သည်ဆို၏ ။ ယခုအခါမှာပင် သိမ်ကြီးဘုရားကြီးအဝင် မုခ်ဦးတွင် သိမ်ကြီးမင်းလက်ဝဲစေတီတော် ဟုရေးထိုးထားပါသည် ။
ယခု မင်းလက်ျာသီရိစေတီနှင့်ယှဉ်လျှက် တည်ရှိသည့် မင်းလက်ဝဲသီရိစေတီဟု ခေါ်တွင်နေသောစေတီမှာ မူလက ဆူးလေစေတီ ဟုခေါ်တွင်သည်ဟု ဆို၏ ။
မင်းလက်ျာစေတီတော်နှင့် ယှဉ်တွဲတည်ရှိမှုကိုစွဲ၍ မင်းလက်ဝဲစေတီတော်ဟု လူအများက ခေါ်တွင်ကြသောကြောင့် မင်းလက်ဝဲသီရိ စေတီဟု သာတွင်သည်ဟုဆိုကြ၏ ။
မင်းလက်ဝဲသီရိ စေတီကို မည်သည့်ခုနှစ်တွင် စတင်တည်ထားခဲ့ကြောင်း မှတ်တမ်းမတွေ့ရပါ ။ မင်းလက်ျာသီရိစေတီထက် နှစ်အနည်းငယ်နောက်ကျသည်ဟုသာသိရပါသည်။
မင်းလက်ဝဲသီရိစေတီတော်မှာ ညာဏ်တော်အမြင့် အောက်ခြေမှ စိန်ဖူးတော်အထိ ၇၄ ပေ ၄ လက္မ ရှိ၏ ။ အောက်ခြေအချင်း ၅၄ ပေ ၄ လက္မ ရှိ၏ ။
၁၃၄၈ ခုနှစ်တွင် ကြေးပြားခံရွှေသင်္ကန်း ကပ်လှူ၍ ထီးတော်အသစ်တင်လှူခဲ့သည် ။
၁၃၆၄ ခုနှစ် ၁၃၇၁ ခုနှစ်တို့တွင် စိန်ဖူးတော်အသစ်တင်လှူခြင်း လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းများပြုလုပ်ခဲ့ပါသည် ။
မင်းလက်ဝဲသီရိ စေတီတော်၏ သမိုင်းမှတ်တမ်းမှာ အလွန်ပင် နဲပါးလှသဖြင့် တိတိကျကျပြောဆိုရန် ခဲရင်းလှပါသည် ။ သိရှိထားသူများ ကူညီဖြည့်စွက်ပေးနိုင်လျှင် အထူးကျေးဇူးတင်ဝမ်းမြောက်ပါမည့်အကြောင်း ………

"ပေါင်းတည်မြို့ မင်းလက်ျာသီရိ စေတီတော် နှင့် မင်းလက်ဝဲသီရိ စေတီတော်" မင်းလက်ျာသီရိစေတီတော်






ပေါင်းတည်မြို့ ဗဟိုလ် ရန်ကုန်>ပြည် လမ်းမကြီးပေါ်တွင် ဘုရားကြီးတိုက်ဝင်းအတွင်း သပ္ပါယ်စွာ တည်ထားသော မြို့ကျက်သရေဆောင် စေတီ နှစ်ဆူဖြစ်ပါသည် ။

" မင်းလက်ျာသီရိစေတီတော်"
•••••••••••••••••••••••

စတင် တည်ထားကိုးကွယ်ခဲ့သည့်နှစ် တည်ထားကိုးကွယ်သူ ဒါယကာ ကိုလေ့လာရှာဖွေရာတွင် ကွဲလွဲချက်များ မရေရာမှုများ တွေ့ခဲ့ရပါသည် ။
၁၃၁၂ခုနှစ်က ရှေ့နေကြီးဦးထွန်းညွန့် T.P.S ရေးသားသော ပေါင်းတည်သမိုင်း တွင် (၁၁၅၇ ခုနှစ်တွင် မြို့စား နယ်စားမင်းများသည် ရဟန်းတော်များ၏ သြဝါဒအရ မင်းလက်ျာစေတီနှင့် မဟာသိမ်တော်ကြီးကို အမျိုးကောင်းသားသမီးတို့၏ အကူအညီဖြင့် ထမြောက်အောင်မြင်စွာ တည်ဆောက်ကိုးကွယ်ခဲ့ကြသည် ) ဟုဖော်ပြပါရှိပါသည် ။
၁၃၄၈ ခုနှစ်တွင် ရေးသားထားသော ဂေါပက အဖွဲ့ မှတ်တမ်းတွင်မူ [ သာယာဝတီမင်း (၁၁၉၉>၁၂၀၈)လက်ထက်တွင် သားတော် မင်းလက်ဝဲ နှင့် မင်းလက်ျာ တို့က ပေါင်းတည်မြို့ကို ထပ်မံပြုပြင်တော်မူပြီး စေတီပုထိုးများကိုလည်းတည်ထားကိုးကွယ်တော်မူသည် ။
မင်းလက်ျာသီရိ စေတီတော်၏ ထီးတော်တွင်တပ်ဆင်ထားသော ခေါင်းလောင်းညောင်ရွက်များတွင် ၁၂၀၀ ပြည့်နှစ်တွင် အောင်မြင်စွာထီးတင်ခဲ့ကြောင်းတွေ့ရှိရသည် ဟုဖော်ပြပါရှိ၏ ။]
၁၂၆၇ ခုနှစ် ၊ ၁၂၇၈ ခုနှစ် ၊ ၁၃၁၃ ခုနှစ်၊ ၁၃၁၉ ခုနှစ် များတွင် အကြိမ်ကြိမ်ပြုပြင်ခဲ့ကြောင်း ခေါင်းလောင်းကဗျည်းမှတ်တမ်းများတွေ့ရှိရသည် ဟုလည်းဖော်ပြထားပါသည် ။
မင်းလက်ျာမင်းသား မင်းလက်ဝဲမင်းသား တို့သည် မည်သူများဖြစ်သည်ကို မသိရပါ ။
စေတီတော်မှာ ညာဏ်တော်အမြင့် အောက်ခြေမှ ထီးတော်အထွဋ် စိန်ဖူးတော်ထိ ၈၁ ပေ ၁၀ လက်မ ၊ အောက်ခြေ အချင်း ၆၄ ပေ ၄ လက်မ ရှိသည်ဟုမှတ်တမ်းရှိ၏ ။
မင်းလက်ျာ စေတီရင်ပြင်တွင် စိုက်ထူထားသော ကျောက်စာကဗျည်းတွင် ဖော်ပြထားသည်မှာကား ………

" မင်းလက်ျာသီရိစေတီတော်ကြီးသမိုင်းအကျဉ်း"
~~~~~~~~~~~~~~~~~~~~~~~~~

ကောဇာသက္ကရာဇ် ၁၁၅၅-ခုနှစ်တွင် အမရပူရ ပထမမြို့တည်နန်းတည် ဘိုးတော်ဗဒုံမင်းတရားကြီး၏ သားတော် မင်းလက်ျာမင်းသားကြီး စတင်တည်ထားပူဇော်တော်မူခဲ့သည်။ မင်းလက်ျာမင်းသားကြီးသည် ဘိုးတော်ဗဒုံမင်းတရားပေးအပ်သော နန်းစဉ်ကိုးကွယ်သည့် မွေတော် ဓာတ်တော် စသောဌာပနာတော်များနှင့် ရွှေဆင်းတု ငွေဆင်းတု ကျောက်ဖြူသားဆင်းတု ရွှေကြုပ် ငွေကြုပ် သတ္တဌာနအဋ္ဌဝီသဆင်းတုများ စသည်တို့အားဌာပနာသွင်းနှံပူဇော်၍ ရွှေထီးအထွဋ်တင်လှူတော်မူခဲ့သည် ။
သာယာဝတီမင်း [ကုန်းဘောင်မင်းဆက်] လက်ထက်တွင်လည်း မင်းလက်ျာသီရိစေတီတော်ကြီးအား နေပြည်တော်မှနေ၍ မြို့စား နယ်စားတို့အားဆင့်ခေါ်ကာ အသုံး ကံကြွေးလက်ခတော်ပေး၍ ပြုပြင် မွန်းမံတော်မူစေခဲ့သည် ။
စတင်တည်ထားသည်မှ ၁၂၁၄-ခုနှစ်ထိ စေတီတော်ကြီး၏ ပြုပြင်မွန်းမံမှုလုပ်ငန်း အဝဝ တို့အား အဆက်ဆက်သောမြို့စား နယ်စားတို့က ဦးဆောင်တာဝန်ယူ ပြုပြင်ခဲ့သည် ။
အောက်မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်ကျရောက်ပြီးနောက် ၁၂၃၈-ခုနှစ်တွင် ပေါင်းတည်မြို့ကွက် တိုးချဲ့ရာ ရွှေကျောင်းကြီးတိုက် သာသနာ့ နယ်မြေအချို့ ဆုံးရှုံးခဲ့ရသည် ။ တေီတော်ကြီး၏ မွန်းမံထိမ်းသိမ်းမှုလုပ်ငန်းများအားလည်း မြို့စားနယ်စားတို့အစား ရွှေကျောင်းကြီးတိုက်ဆရာတော်များနှင့် တပည့်ဒါယကာ ဒါယိကာမများ မြို့သူ မြို့သားတို့မှ ဝိုင်းဝန်းပြုပြင်မွန်းမံခဲ့ကြသည် ။ ကောဇာသက္ကရာဇ် ၁၂၆၇ - ၁၂၇၈ - ၁၃၁၃ - ၁၃၁၉ ခုနှစ်များတွင် ရွှေထီးတော်သစ်တင်လှူသည့် စေတိယ ပူဇော်ပွဲများအား ကြီးကျယ်ခမ်းနားစွာ အကြိမ်ကြိမ် ကျင်းပခဲ့ကြသည် ။
၁၃၄၈- ခုနှစ်တွင် ရွှေကျောင်းကြီးတိုက် သြဝါဒစရိယ ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ ဘဏ္ဏာတော်ထိမ်းဂေါပကအဖွဲ့မှ ဦးဆောင်ကာ အများကောင်းမှုဖြင့် စေတီတော်ကြီး၏ ငှက်ပျောဖူးမှ ခေါင်းလောင်းနားအထိ ကြေးပြားခံရွှေသင်္ကန်း စတင်ကပ်လှူပူဇော်ခဲ့ကြသည် ။ ၁၃၆၄ - ၁၃၇၁ ခုနှစ်တို့တွင် စိန်ဖူးတော်အသစ် ကပ်လှူပူဇော်ခြင်း ရွှေထီးတော်တင် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲများ ကျင်းပခဲ့ကြသည် ။

မင်းလက်ျာသီရိစေတီတော်ကြီး၏ အတိုင်းအတာ ……

ညာဏ်တော်အတိုင်းအတာ - ပန်းတင်ခုံမှ စိန်ဖူးတော်အထိ > ၈၁ ပေ ၁၀ လက္မ

ပန်းတင်ခုံ လုံးပတ် > ၂၅၆ ပေ

ဟူ၍ဖြစ်ပါသည် ။

ယခုမှတ်စုတွင်ပါဝင်သော အချက်အလက်များထက်ပို၍တိကျသောအချက်အလက်များရှိပါက ပါဝင်ကူညီဖြည့်စည်းခြင်းဖြင့် စေတီတော်ကြီး၏ သမိုင်းကို ပိုမိုတိကျခိုင်မာအောင် ကုသိုလ်ပြုကြပါခင်ဗျားးးး ။

၁၃၇၆ ခုနှစ် ဝါဆိုလဆန်း (၈) ရက် သောကြာနေ့တွင် ဤမှတ်စုကို ရေးသားပါသည် ။

"မြင်းမှူးမင်းသား နှင့် ပေါင်းတည်"








ကုန်းဘောင်မင်းဆက် ၈ ဆက်မြောက် သာယာဝတီမင်း သည် ၁၁၉၉ ခုနှစ်တွင် နောင်တော် ဘကြီးတော်မင်းတရားကို ထီးနန်းမှချ၍ နန်တက်တော်မူခဲ့သည် ။ သာယာဝတီမင်း၏ သားတော်များတွင် အကြီးဆုံးသား ပြည်မင်းသည် အိမ်ရှေ့အရာ ရည်မှန်းထားသော မင်းသားတစ်ပါးဖြစ်၍ လက်ရုံးရည်ထူးချွန်သည့်မင်းသားဖြစ်၏ ။ သာယာဝတီမင်း ကျန်းမာရေးချွတ်ယွင်းပြီး စိတ်ဝေဒနာခံစားနေရချိန်တွင် မိဖုရားခေါင်ကြီး နှင့် ၄င်း၏ သားတော် ပုဂံမင်းတို့၏ ကြံစည်မှုကြောင့် ပြည်မင်း အကျဉ်းချခံရလေ၏ ။ ပုဂံမင်း နန်းတက်သောအခါ ပြည်မင်းနှင့်သားတော်လေးပါး ကွပ်မျက်ခံရလေသည် ။ ပြည်မင်း အိမ်တော်ကိုဝင်ရောက်ဖမ်းစီးစဉ် ၃ နှစ်သားအရွယ် သားအငယ်လေးမှာ နို့ထိမ်းမိခင် ကချီ၍ထွက်ပြေးသဖြင့် အသက်ဘေးမှလွတ်မြောက်ခဲ့၏ ။ ၂ နှစ်အကြာ ထိုမင်းသားလေးကို ပြန်လည်ဖမ်းမိသော်လည်း ပုဂံမင်းက အသက်ချမ်းသာပေးသဖြင့် ၄င်း၏မိခင်ပြည်မင်းမိဖုရား ပြည်ထိပ်ထား ထံပြန်လည်ရောက်ရှိခဲ့လေသည် ။ထိုမင်းသားလေးမှာ ထိပ်တင်တုတ် ဖြစ်လေသည်။ ပုဂံမင်းကို နန်းချ၍ မင်းတုန်းမင်း နန်းတက်လာသောအခါ ပြည်ထိပ်ထားကို အဆောင်တော်ပေး၍ ပြန်လည်စောင့်ရှောက်တော်မူ၏။

တူတော်မောင်ထိပ်တင်တုတ်မှာ အဋ္ဌာရသ ၁၈ ရပ်တွင် ထူးချွန်၍ မင်းတုန်းမင်းက အရေးပေး၏ ။သားတော်မင်းသားများနှင့်မခြား ချစ်ခင်စွာစောင့်ရှောက်၏ ။ ပြာသိုလမြင်းခင်းသဘင်တွင် ဓားရေး လှံရေး မြင်းရေး ပြိုင်ပွဲ၌ ထိပ်တင်တုတ်သည် မိဖုရားခေါင်ကြီး စင်္ကြာဒေဝီ၏ ရွှေကျင်ခတ်ပုဝါ ဆုကို သုံးကြိမ်တိုင်ရသဖြင့် နန်းတွင်းသူများကြားတွင် ရေပန်းစား စန်းပွင့်လှ၏ ။ မင်းတုန်းမင်းကြီးလည်း တူတော်မောင်မင်းသားထိပ်တင်တုတ် ၏ ထူးချွန်မှုကို များစွာအားရသဖြင့် ၁၂၂၂ခုနှစ်တွင် မြင်းတပ် တို့ကို စီမံအုပ်ချုပ်ရသော တပ်မှူး (မြင်းမှူးမင်းသား) အဖြစ် ခန့်ထားတော်မူလေသည် ။ ထိပ်တင်တုတ်၏မိခင် ပြည်ထိပ်ထား မှာ အခြားမဟုတ် ကုန်းဘောင်မင်းဆက်ကိုစတင်တည်ထောင်သူ အလောင်းမင်းတရားကြီးနှင့် သွေးသောက်ရဲဘော် ခြောက်ကျိပ်ရှစ်ယောက်မှ မင်းခေါင်နော်ရထာ ဘွဲ့ခံ ဦးတွန်၏မြေးဖြစ်၏ ။
မင်းသားထိပ်တင်တုတ် သည် ငယ်ရွယ်သော်လည်း ထူးချွန်ထက်မြက်သူဖြစ်၏ ။ မိခင်ပြည်ထိပ်ထား၏ စီမံမှုဖြင့် ရက်ကန်းတော်အုပ်မင်းသားကြီးနှင့် သုံးဆယ်မင်းသမီး တို့၏သမီး ထိပ်တင်ညွန့် နှင့် လက်ဆက်ရန်သဘောတူခဲ့၏ ။ မင်္ဂလာမဆောင်မီ သုံးဆယ်မင်းသမီးကြီး ကွယ်လွန်သဖြင့် ရက်ရွှေ့ဆိုင်းလိုက်ရ၏ ။ ထိုကာလအတွင်း နိုင်ငံခြားသား နန်းတွင်းသူ အာမေးနီးယန်းအပျိုတော် မာရီနာ (မယ်ခင်) နှင့် ရင်းနှီးသည်ကိုအကြောင်းပြု၍ တောင်ပြင်သူဌေးသားနှင့် ခိုက်ရန်ဖြစ်ပွါးခဲ့၏ ။ ဤသို့ဖြစ်သည်ကို သဘောမကျ၍ ရက်ကန်းတော်အုပ်မင်းသားကြီးက သူ့သမီး ထိပ်တင်ညွန့်နှင့်လက်ဆက်ရန်ပြောဆိုထားသည်ကိုပယ်ဖျက်လေသည်။ ထိပ်တင်တုတ်၏အဒေါ်တော်စပ်သူ ရွှေဘိုဝန်ကတော် မင်းသမီး မခင်ပု က ကြားဝင်စေ့စပ်၏ ။ မရသဖြင့် ထိပ်တင်ညွန့် ကိုဆင်နှင့်တင်ကာ ရွှေဘိုသို့ခိုးပြေးလေ၏ ။ ထိုအခါမှ မိဘများက ပြန်လည်ခေါ်ယူလက်ထပ်ပေးကြ၏ ။ သမီးဦးလေးတစ်ဦးဖွားမြင်ခဲ့၏ ။

မင်းသားထိပ်တင်တုတ်၏ဘဝမှာ ငယ်ရွယ်စဉ်ကပင် အသက်ဘေး မှ လွတ်အောင်ရုန်းခဲ့ရ၏ ။ ကံမကုန်၍ မိခင်နှင့်ပြန်ဆုံရပြန်၏။ ထူးချွနိထက်မြက်၍ မင်းတုန်းမင်း၏မြှောက်စားခြင်းခံရ၏။ စန်းပွင့်လွန်းသဖြင့် အချစ်ရေး ရှုပ်ထွေးခဲ့ရ၏ ။ လောကဓံ အတက်အကျ မျိုးစုံကြုံခဲ့ရ၏။ ရဲစွမ်းသတ္တိလည်းရှိ၏ ။ ဤသို့ အလွမ်း အကြမ်း စုံလင်စွာ တွေ့ကြုံဖြတ်သန်းခဲ့ရသော မင်းသားထိပ်တင်တုတ်သည် ( ၁၃၂၀ )ခုနှစ် အသက် ( ၁၀၁) နှစ်အရွယ်တွင် ပေါင်းတည်မြို့၌ ခေါင်းချ အနိစ္စ ရောက်ခဲ့ပေသည် ။ မင်းသားထိပ်တင်တုတ် ပေါင်းတည်သို့ မည်သို့မည်ပုံရောက်ရှိနေထိုင်ခဲ့သည်ကို မှတ်တမ်းရှာမတွေ့ရပါ။
သို့သော် မင်းသားထိပ်တင်တုတ်၏ ဂူဗိမ္မာန် ကတော့ ပေါင်းတည်မြို့ အရှေ့မြောက်ဘက် ကျီကြီးကုန်းဘုရားကြီးသို့သွားရာလမ်း (မဲခေါင်းလမ်း)ဘေးတွင် ယနေ့တိုင်တည်ရှိနေပေသည်။
ထိမ်းသိမ်းပြုပြင်မှုနဲသဖြင့် ပျက်စီးယိုယွင်းလျှက်ရှိနေပါပြီ။
ဂူတွင်တွေ့ရသော စာ နှင့် ဆရာညိုမြ၏ ကုန်းဘောင်ရှာပုံတော် စာအုပ်ပါ သက္ကရာဇ်အချို့ ကွဲလွဲမှုရှိနေပါသည်။ ဂူတွင် မင်းတုန်းမင်းကြီးနှင့် စင်္ကြာဒေဝီ တို့၏ သားတော်ကြီး ဟုရေးထားပါသည် ။ ထိုကဗျည်းစာတိုင်မှာလည်း ပြန်လည်ပြုပြင်ခဲ့ဘူးကြောင်း ကြားသိရပါသည် ။ မည်သူက မည်သည့်နှစ်တွင်ပြုပြင်ကြောင်း ခိုင်လုံသောအထောက်အထားမတွေ့ရပါ ။
မည်သို့ပင်ဆိုစေ သမိုင်းဝင် အမှတ်အသားတစ်ခုဖြစ်သဖြင့် ပေါင်းတည်သားတို့ ထိမ်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ဂုဏ်ယူနိုင်ရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

[ ကိုးကား > ကုန်းဘောင်ရှာပုံတော် … (ညိုမြ) , ကဗျည်းစာတိုင် ]