Friday, December 25, 2020

❉ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပါရဂူ ❉

 ပေါင်းတည်မြို့ ဘုရားကြီးတိုက် သဒ္ဓမ္မဇောတိကာရုံပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာန နာယကဆရာတော်

       ❉ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပါရဂူ ❉


ဆရာတော်‌လောင်းလျာ အား ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မကျည်းကုန်းအုပ်စု၊ အင်းကြီးရွာတွင် ခမည်းတော်ဦးကျော်လှ၊ မယ်တော်ဒေါ်တင်အေးတို့မှ ၁၃၀၇-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၄)ရက်၊ ကြာသပတေးနေ့တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။


၁၃၂၁-ခုနှစ်၊ တပေါင်းလဆန်း(၁၁)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မကျည်းကုန်းအုပ်စု၊ အင်းကြီးတောင်ကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒဝံသအား ဥပဇ္စျာယ်ပြု၍ ခမည်းတော်မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်ဖြင့် သာသနဘောင်သို့ဝင်ရောက်တော်မူခဲ့ပါသည်။


၁၃၂၆-ခုနှစ် တပို့တွဲလပြည့်ကျော် (၁၄)ရက်နေ့တွင် အင်းကြီးတောင်ကျောင်းဆရာတော်ဘဒ္ဒန္တ နန္ဒဝံသကိုပင် ဥပဇ္စျာယ်ပြု၍ ပေါင်းတည်မြို့၊ ရွှေကျောင်းကြီးတိုက် ခဏ္ဍသိမ်တော်ကြီး၌ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ သပြေလှရွာနေ ရဟန်းဒါယကာဒါယိကာမများဖြစ်ကြသော ဦးချစ်တင်၊ ဒေါ်ခင်ကြည်မိသားစုတို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။


ဆရာတော်သည် သာမဏေဘဝဖြင့် ငယ်ဆရာဖြစ်တော်မူသော ပေါင်းတည်မြို့၊မကျည်းကုန်းအုပ်စု၊ အင်းကြီးတောင်ကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒဝံသထံတွင် ပရိတ်၊ သဒ္ဒါ၊ သင်္ဂြိုဟ် စသောအခြေခံပရိယတ္တိစာပေတို့ကိုသင်ယူတော်မူခဲ့ပြီးနောက်

ပေါင်းတည်မြို့၊ ရွှေကျောင်းကြီးတိုက်၊ သဒ္ဓမ္မဇောတိကာရုံပရိယတ္တိစာသင်တိုက်ပဓာန နာယကဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတေဇောဘာသာဘိဝံသ၊ စာချဆရာတော်များဖြစ်တော်မူကြသော ဘဒ္ဒန္တနေမိန္ဒ၊ ဘဒ္ဒန္တညာဏဝံသ၊ ဘဒ္ဒန္တရေဝတ၊

ပေါင်းတည်မြို့ အာဂမဇောတိကာရုံကျောင်းပဓာန နာယကဆရာတော် ဘဒ္ဒန္တကောဏ္ဍည၊

မန္တလေးမြို့ မြတောင်တိုက် သမတစာချကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေလာသာဘိဝံသ၊ 

ရွှေဝါဝင်းကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသာသနာဘိဝံသ၊ 

ဘုရားကြီးတိုက် အမရပူရကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥက္ကံသ စသည့် ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးတော်မူခဲ့ပါသည်။


ဆရာတော်သည်

၁၃၂၃-ခုနှစ်တွင် အစိုးရပထမငယ်တန်း၊

၁၃၂၄-ခုနှစ်တွင် အစိုးရပထမလတ်တန်း၊

၁၃၂၈-ခုနှစ်တွင် အစိုးရပထမကြီးတန်း နှင့် ဝိနယာဓိကစာမေးပွဲ (မန္တလေးမြတောင်တိုက်) တို့ကိုအောင်မြင်တော်မူခဲ့ပြီး၊

၁၃၅၃-ခုနှစ်တွင် နိုင်ငံတော်အစိုးရမှဆက်ကပ်တော်မူအပ်သော မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တော်ကို လက်ခံရရှိတော်မူခဲ့ပါသည်။


၁၃၃၅-ခုနှစ်မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာတိုက်၊ ရှမ်းကျောင်းကြီးစာသင်တိုက်တို့၌ ရဟန်း၊ သာမဏေများအား (၂)နှစ်တိုင် ပရိယတ္တိစာပေများပို့ချပေးတော်မူခဲ့ပါသည်။ 

ထို့နောက် ၁၃၃၈-ခုနှစ်တွင် ပေါင်းတည်မြို့၊ ရွှေကျောင်းကြီးတိုက်၊ သဒ္ဓမ္မဇောတိကာရုံပရိယတ္တိစာသင်တိုက်ဆရာတော်ကြီးမှ တာဝန်ပေးချက်အရ ပေါင်းတည်မြို့ သဒ္ဓမ္မဇောတိကာရုံပရိယတ္တိစာသင်တိုက်ကြီး၏ တိုက်အုပ်စာချအဖြစ် တာဝန်ယူခဲ့ပြီး 

နှစ်စဥ် စာသင်သား (၄၀)ကျော်တို့အား ပရိယတ္တိစာပေများ ပို့ချပေးတော်မူခဲ့ပါသည်။ 


သဒ္ဓမ္မဇောတိကာရုံပရိယတ္တိစာသင်တိုင်ကြီး၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇောဘာသာဘိဝံသ ပျံလွန်တော်မူပြီးနောက် 

၁၃၅၇-ခုနှစ် ကဆုန်လပြည့်ကျော် (၁၀)ရက် အင်္ဂါနေ့တွင် ၄င်းပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယကအဖြစ်တာဝန်ယူကာ စာသင်သား ရဟန်း၊ သာမဏေတိုကို အရုဏ် မွန်းတည့် ဆွမ်းခံမထွက်စေဘဲ မိမိကျောင်းတွင်း၌ပင်ကျွေးမွေးစောင့်ရှောက်ကာ ပရိယတ္တိစာပေတို့ကို ချမ်းချမ်းသာသာသင်ယူစေခဲ့ပါသည်။


ဆရာတော်သည် ၁၃၄၁-ခုနှစ်မှစ၍ ပထမပြန်စာမေးပွဲ ကြီးကြပ်ရေးတာဝန်၊ 

မြို့နယ်သံဃာ့ဝန်ဆောင်တာဝန်၊ 

သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်တာဝန်၊ 

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်တာဝန်တို့ကိုလည်းကောင်း၊

၁၃၇၃-ခုနှစ်တွင် နိုင်ငံတော်ဝိနည်းဓိုရ်တာဝန်တို့ကိုလည်းကောင်း ထမ်းဆောင်တော်မူခဲ့ပါသည်။ 

ထို့ပြင် ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက်အတွင်းရှိ ဘုန်းကြီးကျောင်း(၈)ကျောင်းတို့၏ သြဝါဒါစရိယအဖြစ်လည်းကောင်း၊

ပေါင်းတည်မြို့တွင်ကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ရေးအဖွဲ၏ နာယကအဖြစ်လည်းကောင်း၊

ပေါင်းတည်မြို့ ရှေ့ဟောင်းသမိုင်းဝင် မိုဃ်းကောင်းဘုရားကြီး၊ ဗုဒ္ဓမြတ်စွယ်တော်သဒ္ဓမ္မဝေပုလ္လအသင်း ဂေါပကအဖွဲ့များ၏ သြဝါဒါစရိယအဖြစ်လည်းကောင်း၊

မြိုနယ်လုံးဆိုင်ရာ ကရုဏာရှင်ကူညီမှု, ဝါပဆွမ်လောင်းအသင်းကြီးတို့၏သြဝါဒါစရိယအဖြစ်လည်းကောင်း၊

ပေါင်းတည်မြို့ ကုသိုလ်ဖြစ်ဆေးခန်း, စေတနာနာရေးကူညီမှုအသင်းကြီးတို့၏ သြဝါဒါစရိယအဖြစ်လည်းကောင်း၊

ပေါင်းတည်မြို့ သုကုသလပုညသမ္ဘာရအသင်းကြီး၏သြဝါဒါစရိယအဖြစ်လည်းကောင်း၊

နှစ်စဥ် ဂိုဏ်းပေါင်းစုံ သံဃာ့ဆွမ်းလောင်းပွဲဖြစ်မြောက်ရေးအဖွဲ့ကြီး၏ ဦးဆောင်နာယကအဖြစ်လည်းကောင်း ဆောင်ရွက်တော်မူခဲ့ပါသည်။


ထို့မျှမက ဆရာတော်သည် ရပ်နီးရပ်ဝေး ဒါယကာ ဒါယိကာမများ၏ ပင့်ဖိတ်မှုများကိုလည်း အခါအားလျော်စွာ ကြွရောက်တော်မူကာ သံသရာမှလွတ်မြောက်ကြောင်းတရားရေအေးများကို တိုက်ကျွေးချီးမြှင့်တော်မူလေ့ရှိခဲ့ပါသည်။ 


ဤကဲသို့ သာသနာပြုလုပ်ငန်းတာဝန်များကို ထမ်းဆောင်တော်မူရင်း

သက်တော် ၇၅နှစ်၊ သိက္ခာတော် ၅၅ဝါ [၁၃၈၂-ခုနှစ်၊ ဝါခေါင်လပြည့်ကျော်၂ ရက် (04/09/2020)၊ သောကြာနေ့ ညနေ ၅နာရီ ၄၅မိနစ်]တွင် ဘဝနတ်ထံ စံလွန်တော်မူခဲ့ပါသည်။ 


ဆရာတော်ဘဝနတ်ထံ စံလွန်တော်မူခဲ့သော်လည်း ဆရာတော်၏သာသနာအတွက်အားကြိုးမာန်တက်ဆောင်ရွက်ပေးခဲ့မှုများ, တပည့် ဒါယကာဒါယိကာမများအပေါ် မေတ္တာ, စေတနာ ဂရုဏာ တို့ဖြင့် ဆုံးမသွန်သင်ပေးခဲ့မှုတို့ကား တပည့်ဒါယကာ ဒါယိကာမများရင်းတွင်းဝယ် ဘယ်သောအခါမှ မေ့ပျောက်နိုင်ဖွယ်ရာ မရှိတော့သည်သာ ... 🙏🙏🙏


(ဆရာတော်၏ ကိုယ်ရေးရာဇဝင်အကျဥ်းချုပ်မှထုတ်နှုတ်၍ ပူဇော်အပ်ပါသည်)


                 အရှင်ဝိလာသ (ရွှေတည်)

                  17/10/2020

No comments:

Post a Comment