Wednesday, November 13, 2019

 ✵ သီရိအနန္တမာရ်အောင် မဟာဆုတောင်းပြည့်စေတီတော် ✵ 


April - 19 - 2015 က Zawgyi font ဖြင့် တင်ခဲ့သော Blog post ကို Unicode ဖြင့်ပြန်တင်ခြင်းဖြစ်ပါသည်။

  ✵ သီရိအနန္တမာရ်အောင် မဟာဆုတောင်းပြည့်စေတီတော် ✵ 

 ပေါင်းတည်မြို့တွင် ပေါ်တော်မူ ဘုရားဟု လူသိများသော စေတီတစ်ဆူရှိပါသည်။ မင်းကွက်(၂)ရပ်ကွက် ၁၅ လမ်းတွင်တည်ရှိသည်။ 


  ပေါ်တော်မူဘုရားဟု အမည်တွင်ရခြင်းအကြောင်းမှာ စိတ်ဝင်စားစရာကောင်း၏ ။  မြေကြီးထဲကပေါ်လာတာလား ၊ ရေထဲကပေါ်လာတာလား ၊ မူလဘုရားပြိုပျက်လို့ ပေါ်လာတာလား … စသဖြင့် တွေးတောစဉ်းစားနေမိသည့်နောက် ဘယ်လိုပေါ်လာတာလဲဆိုတာ စူးစမ်းလေ့လာရှာဖွေမိပါတော့သည်။ ဘုရားရင်ပြင်တော်တစ်နေရာတွင် ကျောက်စာရုံကလေးဆောက်၍ ရေးထိုးထားသောဘုရားသမိုင်းမှတ်တမ်း ကျောက်စာ တိုင်လေးကိုတွေရသဖြင့် သိချင်နေသောအဖြေရခဲ့ပါသည်။ 


 ထူးဆန်းပါ၏ … ကျွန်တော်တွေးထင်ထားသော ပေါ်လာခြင်းမျိုးမဟုတ်ပဲ မန်ကျည်းပင် ကျီးပေါင်းအတွင်းမှ ပေါ်ထွက်လာခြင်းဖြစ်သည်ဟု မှတ်တမ်းရေးထိုးထားသည်ကိုတွေ့ရလေသည်။    သို့ပါ၍ တွေ့ရှိသောကျောက်စာပါ မှတ်တမ်းကိုပဲကူးယူပြီး မျှဝေလိုက်ရပါသည်။  ✵သီရိအနန္တမာရ်အောင် မဟာဆုတောင်းပြည့်စေတီတော်✵     မော်ကွန်းကျောက်စာ    နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ       သာသနာသက္ကရာဇ် ၂၄၅၃ - ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၂၇၁ - ခုနှစ် တံကူးလဆန်း(၁၁)ရက် စနေနေ့ နံက် အရှေ့ ဥဒည်တောင်စွန်းမှ ဖလ်ဝါနေဝန်းပေါ်ထွန်းစအချိန်သမယတွင် ယခုစေတီတော်မြတ်ကြီးသီတင်းသုံးရာ မြေများဥက္ကဌ မင်္ဂလာမြေမြတ်ဝယ် ဇေတဝန်ရွှေကျောင်းပမာ ကိန်းအောင်းစမ္ပယ်ရာမန်ကျည်းပင်ကြီး၏ ကြီးပေါင်းခရာ ပြသဒ်မုခ်ပေါက်မှ ဒေါ်အေးတင်အား သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့၏ညွှန်ပြမှုတို့ဖြင့် ရှေးသာသနာဒါယကာမင်းကောင်းမင်းမြတ်တို့  စဉ်ဆက်ကိုယ်းကွယ်ရာ သြဒါတရောင်လျှံတော်အပြည့်ဆောင်သည့် ရတနာဘော်ဝံသ ဗုဒ္ဓရုပ်ပွါးတော် (ဥဒိဿစေတီ)မြတ်ကို ပင့်ဆောင်ကိုးကွယ်ခွင့်ရခဲ့ပါသည်။ဘူမိနက်သံ မင်္ဂလာရက်မြတ် စန်းတာရာနက္ခတ်တို့ကိုင်လင့်၍ မကြာမြင့်မီကာလဝယ် ဦးရွှေမြတ် ၊ ဦးဘိုးမြ ၊ ဦးဘကျော် ၊ ဦးစံဦး အမှူးပြုသောဂေါပကအဖွဲ့ကိုဖွဲ့ပြီး မြို့သူနယ်သားတို့၏ ထက်သန်သောစေတနာ လှူဒါန်းသောအသပြာတို့ဖြင့် အဆိုပါ ဗုဒ္ဓကိုယ်စား ရုပ်ပွါးတော်ဘုရားနှင့် မြတ်ဗုဒ္ဓ၏သရီရဓာတ်တော် (ဓာတုစေတီ)တို့ကို ဌာပနာ၍ ဗုဒ္ဓရုပ်ပွါးတော်ပေါ်ရာ စည်မျက်နှာကဲ့သို့ ညီညာသော မြေများဦးကိုင် မင်္ဂလာမြေမဏ္ဍိုင်၌ စေတီတည်ထားကိုးကွယ်ခဲ့ပါသည် ။ စေတီတော်မြတ်ကို ပေါ်တော်မူစေတီဟု ဘွဲ့သညာမည်ဟီး  မှဲ့ ခြီးပေးခဲ့ပါသည် ။        ၁၂၉၂ - ခုနှစ်တွင် ဦးဘိုးမြ ၊ ဦးဘိုးရှင်တို့နှင့်အတူ ကုမ္မာရီများဖြစ်ကြသော ဒေါ်စိန်မြ ၊ ဒေါ်မွေ့နု ၊ ဒေါ်မြ ၊ ဒေါ်ကျွန်းတို့က ဦးဆောင်၍ အများကောင်းမှုဖြင့် စေတီတော်မြတ်ကို ထပ်မံ မွန်းမံပြုပြင်တော်မူခဲ့ပြန်ပါသည် ။ ဝတ္တကမြေမှာ ဦးဘိုးထယ် နှင့် ဦးထွန်းမောင်တို့၏ မိဘ ဘိုးဘွားများပိုင်မြေ ဖြစ်ပါသည် ။ တဖန် ၁၂၉၄ - ခုနှစ်တွင် ဦးဘိုးထယ် ၊ ဦးထွန်းမောင် ၊ ဦးဘိုးခင် ၊ ဦးမြတ်သာဦး ၊ ဦးထွန်းကောင်း ၊ ဦးဘိုးလှိုင် ၊ ဦးဘိုးဆိပ် တို့ကြီးမှူးသော ဂေါပကအဖွဲ့မှ လူထုအားဖြင့် စေတီတော်မြတ်ကြီးအား ကြည်ညိုဘွယ်ဖြစ်အောင် ထပ်မံပြုပြင်တော်မူခဲ့ပြန်ပါသည် ။ 
       ထို့နောက် တဖန် ၁၃၁၉ - ခုနှစ်တွင် ဦးအေးမောင် ၊ ဦးလှဖြူ ၊ ဦးမောင်မောင်တို့ကြီးမှူးသည့် ဂေါပကအဖွဲ့မှ လူထု၏စေတနာသဒ္ဓါတရားဖြင့် စေတီတော်မြတ်ကြီးအား ညာဏ်တော် (၆)တောင် ထပ်မံမြှင့်ဆောင်၍ မွန်းမံပြုပြင်ခဲ့ပါသည် ။ ညာဏ်တော်မြှင့်ဆောင်ချိန်ဝယ် သာသနာ ၂၅၀၀ ပြည့်အထိမ်းအမှတ်အဖြစ် လင်္ကာဒီပ သီဟိုဠ် သီရိလင်္ကာ နိုင်ငံတွင်ကျင်းပသော (ဗုဒ္ဓဇေယန္တိ)ပူဇော်ပွဲသဘင်သို့ ပင့်ဆောင်ခြင်းခံရသည့် မြို့ကြီးဆရာတော် (ဦးပညာဇောတ) ပင့်ဆောင်လာသော အနုရာဓ မြို့၌ သီရိဓမ္မာသောကမင်း တည်ထားကိုးကွယ်ရာစေတီများမှရရှိသည့် ဗုဒ္ဓမြတ်စွာသရီရဓာတ်တော်များကို ရတနာရှိရာ ရတနာစုဘိအလား ငှက်ပျောဖူးအတွင်းဌာပနာ၍ ပူဇော်ခဲ့ပြန်ပါသည်။ ၁၃၃၇ - ခုနှစ်တွင်မူ ပေါင်းတည်မြို့ စွန်းလွန်းဆရာတော် ဦးသုဝဏ္ဏသီရိ အမှူးပြုပြီး ထီးတော်ကြီးကို အသစ်ဆက်ကပ်လှူဒါန်းပါသည် ။ ထို့ပြင် ဦးအုန်းရွှေ ၊ ဦးဘိုးထွန်း ၊ အမှူးပြုသော ဂေါပကအဖွဲ့မှ လုပ်သားပြည်သူတို့၏စေတနာဖြင့် ငှက်ပျောဖူးမှ ကြာပတ်အထိ မှန်စီရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပါသည်။  ၎င်းနှစ် တံကူးလပြည့် နေ့မှစ၍ လဆုတ်(၃)ရက်  (နှစ်ဆန်း ၁ ရက်)နေ့ အထိ (၇၂) နာရီ အသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲကြီးကို ပေါင်းတည်မြို့နယ်အတွင်း ပဋ္ဌမဆုံးအကြိမ် ကျင်းပကာ သုဓမ္မာဂိုဏ်းချုပ် ဦးဝဏ္ဏသီရိ အမှူးပြုသည့် သံဃာတော်အပါး (၃၀)ကျော်ဖြင့် ရွတ်ဘတ်ပူဇော်ပါသည်။ သာသနာသက္ကရာဇ် ၂၅၂၀ ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၃၃၈ - ခုနှစ် တံကူးလဆုတ်(၇)ရက် (နှစ်ဆန်း ၁ ရက်) ၊ ခရစ်နှစ် (၁၆ - ၄ - ၁၉၇၆ ) သောကြာနေ့ နံက် (၉)နာရီအချိန်တွင်သုဓမ္မာဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးမှူးသည့် သံဃာတော်အရှင်သူမြတ်တို့အား လျှောက်ကြားကာ ယခင် ဘွဲ့မည်တော်ဟောင်း ပေါ်တော်မူစေတီအား ယခုဘွဲ့မည်တော်သစ်    ❝ သီရိအနန ္တမာရ်အောင် မဟာဆုတောင်းပြည့်စေတီတော် ❞   ဟုသမုတ်ပါသည်။    ကပ်ကမ္ဘာရှည်ကြာ တည်ပါစေသား (စိရံ ၊ တိဋ္ဌတု ၊ သာသနံ)    သီရိအနန္တမာရ်အောင် မဟာဆုတောင်းပြည့်စေတီတော် ဂေါပကအဖွဲ့     နိဗ္ဗာန်ကိုရည်မှန်း၍ (ကျောက်စာ နှင့် ကျောက်စာရုံ)ကို ပေါင်းတည်မြို့ (၁၇)လမ်း မိဘဖြစ်သူ (ဦးမောင်ကြီး + ဒေါ်လေး)တို့အား အမှူးထားလျှက် သမီးဖြစ်သူဒေါ်ပို ၊ (မောင်)ကိုသူငယ် ၊ (ညီ)ကိုအေးမောင်မိသားစုတို့က စေတနာသုံးတန်ပြဌာန်းပြီး ၁၃၃၈ - ခုနှစ်တွင်လှူဒါန်းပါသည်။  
**********************     

  ဤသည်မှာ ကျောက်စာပါဖော်ပြချက်ဖြစ်ပါသည် ။      

Thursday, November 7, 2019

** သမိုင်းဝင် မြသိန်းတန်စေတီတော် **

April - 12 - 2015 က Zawgyi font ဖြင့်တင်ခဲ့သော blog post ကို Unicode ဖြင့်ပြန်တင်ခြင်းဖြစ်ပါသည်။

** သမိုင်းဝင် မြသိန်းတန်စေတီတော် **
----------------------------
နန်းတော်ဦးစေတီဘက်မှ ဖူးတွေ့ရသော မြသိန်းတန်စေတီတော်
----------------------------
မြို့ရိုးဟောင်း ကုန်းပေါ်မှ ဖူးတွေ့ရသော မြသိန်းတန် စေတီတော်
-------------------------------------
မြသိန်းတန်စေတီတော် မြောက်ဘက်ရှိ နန်းတော်ဦးစေတီ
----------------------

Google Earth View
-------------------
စေတီ ရင်ပြင်ပေါ်ရှိ အုတ်ချပ်စာများ
-----------------------
    ပဲခူးတိုင်း ၊ ပေါင်းတည်မြို့ မြောက်ဘက် ၃ မိုင်ခန့်အကွာ ဘုရားငါးဆူရွာအလွန် မြို့ကြီးရွာအနီး လယ်ကွင်းပြင်တွင်တည်ရှိသော မြသိန်းတန်စေတီ နှင့်ပါတ်သက်ပြီး ဟိုးယခင် ငယ်စဉ်ကတည်းက စိတ်ဝင်စားစရာ ဒဏ္ဍာရီပုံပြင်တွေ နားထောင်ရတာ ရိုးတယ်လို့မရှိ ။ နားထောင်ပြီးသားထပ်ပြောလည်း နားထောင်ကောင်းတာပါပဲ ။  
      တကယ်တော့ ပေါင်းတည်မြို့ဟာ မူလအစ ပထမတုံးက မြို့ကြီးရွာဖြစ်တယ်လို့ ရှေးလူကြီးများပြောခဲ့ကြသည် ။ ယခုတိုင်အောင်မြို့ကြီးရွာအနီးမှာ မြို့ရိုးဟောင်း အရာ ရှိနေတုံးပါပဲ။ မြေပြင်ပေါ် ထင်ထင်ရှားရှား ပေါ်လွင်စွာမရှိတော့ပေမယ့် အုတ်ချပ်များ စေတီများ နန်းတော်ရာများရှိနေသည် ။လေးထောင့်ကျကျ မြေကန်သင်းကြီးလို ရှိနေသေးသည်။ သမိုင်းလေ့လာသူများအဆိုကတော့ ပေါင်းတည်မြို့ဟာ သရေခေတ္တရာခေတ်ကတည်းက ကင်းမြို့ဖြစ်ခဲ့တယ်လို့ဆိုတယ်။ သရေခေတ္တရာ မြို့ပြနိုင်ငံကြီးဟာ မြန်မာ့သမိုင်း အဦးအစပိုင်းမှာပေါ်ပေါက်ခဲ့တဲ့ ပျူနိုင်ငံတော်ကြီးလို့ပြောနိုင်လောက်အောင် အထောက်အထား ကျောက်စာ ပရပိုဒ်စာတွေနဲ့ စေတီပုထိုးတွေနဲ့ ယနေ့ထိအောင်တွေ့မြင်နေရသေးတယ် ။       မြသိန်းတန်စေတီဟာ အဲဒီ မြို့ကြီးရွာအနီးက မြို့ရိုးဟောင်း အရာ လေးထောင့်ပုံ ရဲ့အတွင်းဘက် အရှေ့တောင်ဘက်ယွန်းယွန်းလောက်မှာရှိပါတယ်။ စေတီရဲ့သမိုင်းနဲ့ပတ်သက်ပြီး မှတ်တမ်းတိုတိုလေးတွေ့ရပါတယ် ။ ခိုင်လုံတဲ့ သက်သေအထောက်အထားတော့မတွေ့ရပါဘူး။ အဲဒီမှတ်တမ်းတိုလေးကိုဘယ်သူကရေးခဲ့တာလဲဆိုတာမသိပါဘူး။ ဒါပေမယ့် ဘာမျှ မရှိတာထက် အဲဒီမှတ်တမ်းတိုလေးကိုပဲလေ့လာကြည့်မိတယ်။   ၁၉၉၂-ခုနှစ်ကထုတ်ဝေခဲ့တဲ့ ပေါင်းတည်မဂ္ဂဇင်း မှာ သုတေသီတစ်ဦး ရေးသားသော "ပေါင်းတည်မိတ်ဆက်" ဆောင်းပါးတွင် "ဒွတ္တပေါင်မင်းကြီး၏ မိဖုရားငယ် ဥမ္မလဒေဝီ တည်ထားကိုးကွယ်ခဲ့သော မြသိန်းတန်စေတီသည်ပေါင်းတည်မြို့၏မြောက်ဖက် ၃ မိုင်ခန့်ဝေးသောမြို့ကြီးရွာအနီးတွင်တည်ရှိပါသည်။ မိဖုရား၏ မြနားပန်၊ မြလက်စွပ်၊ တစ်သိန်းတန်သည့်မြဘယက်တို့ကို ဌာပနာသဖြင့် မြသိန်းတန်စေတီဟုခေါ်တွင်ပါသည်" ဟုအကျဉ်းဖော်ပြထားတာတွေ့ရပါတယ်။မည်သည့်ကျမ်းကို မှီငြမ်းကိုးကားသည်ဟု တော့ဖော်ပြမထားပါ။    
     ဤတွင် ဒွတ္တပေါင်မင်းကြီး၏ မိဖုရားဆိုသည့်အတွက် လေ့လာသောအခါ သာသနာနှစ် ၁ဝ၁ ခုနှစ် (BC-443)တွင် သရေခေတ္တရာပြည်ကြီးကိုတည်ထောင်သော  ဒွတ္တပေါင်မင်းကြီးတွင်မိဖုရား ၄ ပါးရှိခဲ့သည် ။ 

  ✹ တောင်နန်းစံဒေဝီ မိဖုရား သီရိစန္ဒာ ✹   
   ပျူမိဖုရား နမ်းခမ်း ၏သမီးတော်ဖြစ်သည်။ သားတော် ဒွတ္တရန် မွေးဖွားခဲ့သည်။     

  ✹မြောက်နန်းစံမိဖုရား ဥမ္မာရဒေဝီ ✹   
  ပျူမိဖုရား နမ်းခမ်း၏မောင် ကန္နဒေဝ မင်းသား၏သမီးဖြစ်သည်။ သားတော် ဒွတ္တဇံ ဖွားမြင်ခဲ့သည် ။     

  ✹ အလယ်နန်းစံမိဖုရား ပန်ထွာ မင်းသမီး ✹    
  စန္ဒမုခိ ဘီလူးမ၏သမီးဖြစ်၏ ။ ပိဿနိုးဘုရင်မ ဖြစ်သည်။ ဘဝဟောင်းက ဒွတ္တပေါင်မင်းက ပွေးဖိုလေးဖြစ်ပြီး ပန်ထွာမင်းသမီးက ပွေးမလေးဖြစ်ခဲ့သည်။ သားတော်ဒွတ္တရာဇ် ကိုဖွားမြင်ခဲ့သည်။    

  ✹အနောက်နန်းစံမိဖုရား ဘေစန္ဒီ ✹     
  ဧရပတ္တ နဂါးမင်း၏သမီးဖြစ်သည်။ သမီး လေးယောက်ဖွားမြင်သည်။ သုဝဏ္ဏမာလာ ၊ ကဉ္စနမာလာ၊ ဟေမမာလာ၊ သီရိမာလာ ၊ တို့ဖြစ်သည်။        
       အဲဒီမှာ ဥမ္မာရဒေဝီ မိဖုရား သည် မြောက်နန်းစံမိဖုရားဖြစ်ပြီး သူရဲ့သားတော် ဒွတ္တဇံ မင်းသားဟာ မဇ္ဈိမဒေသမှကြွလာသော အရှင်ဓမ္မရက္ခိတ ရဟန္တာမထေရ်၏တရားတော်ကိုနာကြားရပြီးတရားထူးသိမြင်သွားတယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ  တောရဆောက်တည်ပြီး ရဟန္တာဖြစ်သွားတယ်လို့ဆိုပါတယ်။ ဒွတ္တဇံမင်းသား၏ ရဟန်းဘွဲ့အမည်က အရှင်စန္ဒာသီရိ ဖြစ်ပြီး သူနှင့်အတူ ပန်ထွာမိဖုရား၏သားတော် ဒွတ္တရာဇ် မင်းသားသည်လည်း ရဟန္တာဖြစ်ပြီး အရှင်စန္ဒာဂရာဇ် လို့ဘွဲ့အမည်ရပါတယ်။ ဤအရှင်နှစ်ပါး တောရဆောက်တည်ပြီး မဂ်ဖိုလ် စခမ်းအောင်မြင်ပေါက်မြောက်ရာနေရာက ယခု ပုတီးကုန်းမြို့အနီးမှ ရွှေကျောင်းဆောင် အောင်မြေတောရဖြစ်တယ်လို့ဆိုပါတယ် ။
   မြို့ကြီးရွာနှင့် ရွှေကျောင်းဆောင်အောင်မြေတောရဟာ သိပ်အလှမ်းအဝေးကြီးတော့မဟုတ်ပါဘူး ခြေလျှင်သွားရင် တစ်နေ့ခရီးလောက်ပါပဲ။ သမိုင်းကပါတဲ့ အချက်အလက်နီးစပ်တာကိုတွေ့မိတာပါ။ အရှင်စန္ဒာသီရိရဲ့ မယ်တော် မြောက်နန်းစံ ဥမ္မာရဒေဝီ မိဖုရားသည်လည်း သရေခေတ္တရာသို့ကြွလာသော အသောကမင်းကြီး၏ သမီးတော် ဘိက္ခုနီရဟန္တာ နန္ဒာထေရီ ၏တရားကိုနာကြားရပြီး သောတပန်ဖြစ်ခဲ့သည်။ နောက်ပိုင်း ဘိက္ခုနီပြုပြီး ဆက်လက်အားထုတ်ရာ ဥမ္မရထေရီ ရဟန္တာ ဖြစ်သွားခဲ့ပါသည်။         ဥမ္မာရဒေဝီ မိဖုရားသည် သားတော်ကလည်း ရဟန္တာဖြစ် သူကိုယ်တိုင်လည်း ရဟန္တာဖြစ် ရွှေကျောင်းဆောင်အောင်မြေတောရနှင့်လည်းဆက်စပ်နေ၍ အလှမ်းမဝေးလှသော မြို့ကြီးရွာအနီးက မြသိန်းတန်စေတီကို တစ်သိန်းတန် မြလက်ဝတ်ရတနာ များဖြင့်ဌာပနာပြုတည်ထားခဲ့သည်ဆိုသည်မှာ အလွန်နီးစပ်သော သမိုင်းဆက်စပ်မှုရှိနေကြောင်းလေ့လာတွေ့ရှိရပါသည်။     
    စေတီတော်၏ ပိသုကာလက်ရာမှာမူ သရေခေတ္တရာ ပိသုကာလက်ရာများနှင့် သိပ်မတူသော်လည်း အင်းဝခေတ် ကုန်းဘောင်ခေတ် တို့တွင်ပြုပြင်ခံခဲ့ရလျှင် မတူနိုင်တော့ပါ။         နောက်တစ်ချက် တွေ့ရတာကတော့ ဒွတ္တပေါင်မင်းကြီးသည် သရေခေတ္တရာ မင်းနေပြည်ကြီးကိုတည်ရာတွင် ကုန်း ကိုးကုန်း ၊ ဘုရားကိုးဆူ ၊ ကန်ကိုးကန် ၊ စသဖြင့် ကိုးနဝင်းကိုက် အစီအမံများဖြင့်တည်ခဲ့ရာ ဘုရားကိုးဆူ စာရင်းတွင် မြသိန်းတန်ဘုရား (ပေါင်းတလည်ရွာ - ဘပြင်ရွာအနီး) ဟုပါရှိပါသည်။ ထို့ကြောင့် မြသိန်းတန်စေတီ ဟု ဘွဲ့အမည်တွင်သော အခြားစေတီများ ရှိသေးသည် ကိုတွေ့ရသောကြောင့် ရှေးအခါက မင်းမိဖုရားများသည် မိမိတို့ နှစ်သက်မြတ်နိုး တန်ဘိုးထားသည့် မြ လက်ဝတ်ရတနာများ ကို ဌာပနာ၍ (သို့မဟုတ်) ထုခွဲ၍ စေတီများတည်ထားကိုးကွယ်လေ့ရှိကြသည်ဟု ယူဆနိုင်ပါသည် ။ ပေါင်းတည်မြို့ မြောက်ဘက် မြို့ ကြီးရွာ အနီးမှ မြသိန်းတန်စေတီ သည်လည်း ထိုစေတီများအနက်မှ စေတီတစ်ဆူဖြစ်မည်ဟု ခန့်မှန်းယူဆနိုင်ပါသည်။ သမိုင်းအထောက်အထား အတိအကျ အခိုင်အမာ ဖော်ပြရန်ခက်ခဲခြင်းသည်ပင် အလွန်ရှေးကျကြောင်း ယူဆနိုင်ပါသည်။ လက်လှမ်းမီသ၍ သိရှိရသော စေတီတော်ပြုပြင်မှုသမိုင်းမှတ်တမ်းများကတော့      မြန်မာသက္ကရာဇ် ၁၂၆၈ ခုနှစ်တွင် မူလ မြသိန်းတန်စေတီတော်ကို ညောင်မြို၍ ပျက်စီးနေသောကြောင့် ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက်ဆရာတော်ကြီး ဦးဝိမလက စေတီတော်ကို ငုံပြီး ပြုပြင်တည်ထားလေသည်။      ထို့နောက် တစ်နှစ်အကြာတွင် ပြိုကျပြန်သဖြင့် ဦးမြိုင် ဆိုသူက ဘုရားဒါယကာပြု၍ ပြန်လည်တည်ထားကိုးကွယ်ခဲ့ပြန်သည်။      ဤမှစ၍ နောက်ပိုင်းတွင် စေတီတော်ကြီးအား ထီးတော်တင်ခြင်း ကို မြန်မာသက္ကရာဇ် ၁၃၅၉ ခုနှစ်တွင်တစ်ကြိမ် ၊ ၁၃၆၆ ခုနှစ်တွင် တစ်ကြိမ် ၊ ၁၃၇၅ ခုနှစ်တွင်တစ်ကြိမ် ရွှေထီးတော်တင် ရွှေသင်္ကန်းကပ်ခြင်း နောက်ဆုံး ရွှေထီးတော်တင်သည့် ၁၃၇၅ ခုနှစ်တွင် ခေါင်းလောင်းမှအထက် ငှက်ပျောဖူး စိန်ဖူးတော်တို့ ထိ လိုအပ်သည်များကို ပြုပြင်ခဲ့ပါသည် ။      ယခုအခါ မြို့ကြီးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးညာဏောဘာသ ၏ ဦးဆောင်မှုဖြင့် စေတီတော်ကြီးကို ပြုပြင်ထိမ်းသိမ်း လျှက် ကျေးရွာသူကျေးရွာသား မြို့သူမြို့သားတို့ ကိုးကွယ်ပူဇော်ရာ သမိုင်းဝင်စေတီတော်အဖြစ် သပ္ပါယ်စွာ တည်ရှိနေပါသည်။          ပေါင်းတည်မြို့နယ်အတွင်းရှိ သမိုင်းဝင်မြသိန်းတန်စေတီတော်နှင့်ပါတ်သက်၍ လက်လှမ်းမီသလောက် အကြောင်းအရာများကို စုဆောင်းဖော်ပြလိုက်ရပါသည် ။      သတ္တဝါအပေါင်း ဘေးဘယာ ဝေးကွာ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ … 

    [ ကိုးကား > သက်ကယ်ပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ကြီး ဦးဥတ္တရ ၏ မှတ်စု ၊ မြို့ကြီးရွာဘုန်းတော်ကြီးကျောင်းဆရာတော် ဦးညာဏောဘာသာ ၏ မှတ်စု ၊ ပြည်မြို့ ရွှေဆံတော် စေတီတော်သမိုင်း ၊ ဦးကုလား မဟာရာဇဝင်တော်ကြီး ၊ 1992- ခုနှစ် ထုတ်ဝေသော ပေါင်းတည်မဂ္ဂဇင်း ] 

Saturday, November 2, 2019

ပေါင်းတည်သား ပါမောက္ခချုပ်

 December - 11 - 2014 တွင် Zawgyi font ဖြင့်တင်ခဲ့သော Blog Post ကို Unicode ဖြင့်ပြန်တင်ခြင်းဖြစ်ပါသည်။


      လွတ်လပ်ရေးရပြီးကာစ မြန်မာနိုင်ငံပြန်လည်ထူထောင်တဲ့အခါမှာ မြန်မာပြည်မှာ ပညာတတ်တွေအများကြီး လိုအပ်ခဲ့ပါတယ် ။ အဲဒီထဲမှာ ပညာလည်းတတ် တတ်သည့်ပညာဖြင့် တိုင်းပြည်တာဝန်ကို ထိထိရောက်ရောက် အကျိုးပြုနိုင်ခဲ့တဲ့ ပေါင်းတည်သားတစ်ယောက် အကြောင်း ပြောပြချင်ပါတယ် ။ သူကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော စီးပွါးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးလှိုင်ဖြစ်ပါသည် ။           
        ဒေါက်တာ ဦးအေးလှိုင်ကို 1921 ခုနှစ် သြဂုတ်လ 12 ရက်နေ့မှာ အဘ-ဦးစိန်အုပ် အမိ-ဒေါ်အိ တို့မှ ပေါင်းတည်မြို့တွင် မွေးဖွါးခဲ့ပါသည် ။ ကိုလိုနီခေတ်မှာကြီးပြင်းခဲ့ရသော်လည်း ပညာထူးချွန်အောင်ကြိုးစားခဲ့သည် ။ အင်္ဂလိပ် မြန်မာ အစိုးရအထက်တန်းကျောင်း (ယခု မြို့မ အ.ထ.က) မှ 1940 ခုနှစ်တွင် ၁၀ တန်းအောင်ခဲ့ပါသည် ။ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွါးလာသောကြောင့် 1947 ခုနှစ်တွင်မှ ရန်ကုန်တက္ကသိုလ်မှ B.A ဘွဲ့ရခဲ့ပါသည် ။ ထို့နောက် ရန်ကုန် တက္ကသိုလ်တွင် နည်းပြဆရာ ၊ မန္တလေးနှင့်ရန်ကုန်တက္ကသိုလ်တို့တွင် လက်ထောက်ကထိက ၊ ရန်ကုန်တက္ကသိုလ်တွင် ကထိက နှင့် ပါမောက္ခ တာဝန်များ ထမ်းဆောင်ခဲ့ပါသည် ။     1963-ခုနှစ် တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် ပညာရေးဝန်ကြီးဌာန ၏ တာဝန်ပေးအပ်ချက်အရ ဆရာကြီးသည် စီးပွါးရေးတက္ကသိုလ်တည်ထောင်ရေးအတွက် ပဏာမ လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရသည်။       ဆရာကြီးသည် တဖက်တွင် တက္ကသိုလ်နှင့် သက်ဆိုင်သောဥပဒေပြဌာန်းချက်များသာမက ဖွဲ့စည်းပုံများကိုပါ ပြီးပြည့်စုံအောင် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရသော ကြီးမားသောလုပ်ငန်းများကိုဆောင်ရွက်ရပြီး အခြားတဖက်တွင် တက္ကသိုလ်အတွက် လိုအပ်သည့် အဆင့်ဆင့်သော အရာထမ်း ၊ အမှုထမ်းများ ခန့်ထားရေးအထိ အောက်ခြေသိမ်း အသေးစိတ်လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရသည် ။       တက္ကသိုလ်အတွက် အရေးအကြီးဆုံးဖြစ်သည့် ဘာသာရပ် သင်ကြားရေးအစီအစဉ် (academic programme) ကိုလည်း ဆရာကြီးကဦးစီးပြီး ဝါဏိဇ္ဇဗေဒ ၊ စာရင်းအင်းပညာ ၊ သချၤာ ၊ ပထဝီ ၊ မြန်မာစာ ၊ အင်္ဂလိပ်စာ ဌာနမှူးများနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ရပါသည် ။        1964-ခုနှစ်၊ နိုဝင်ဘာလတွင် စီးပွါးရေးတက္ကသိုလ်ကြီး တည်ထောင်ကြောင်း ပညာရေးဝန်ကြီးဌာနက အမိန့်ပြဌာန်းပြီး တက္ကသိုလ်၏ပညာရေးအဖွဲ့ကို ခန့်အပ်ပါသည်။ထိုအဖွဲ့တွင် လက်ဝဲပညာရှင်ကြီးများဖြစ်သော ဦးဘညိန်(B.C.S ပမညတ အမတ်) ၊ ဦးသိန်းဖေမြင့် ၊ ရဲဘော်ချမ်းအေး ၊ သခင်ကျော်စိန် ၊ တို့ပါဝင်ခဲ့ကြသည် ။ သို့သော် တက္ကသိုလ်၏ သင်ရိုးညွှန်းတန်းများတွင် တဖက်သတ် နိုင်ငံရေးသဘောတရား ကင်းစင်အောင်ပြုလုပ်နိုင်သည်မှာ ဆရာကြီး၏ဆောင်ရွက်မှုကြောင့်ပင်ဖြစ်ပါသည်။ သင်ရိုးတွင် လက်ဝဲဝါဒီအခြေခံသဘောတရားဖြစ်သော Dialectical Materialism မပါဝင်သဖြင့် လက်ဝဲအုပ်စု၏အပြင်းအထန်ကန့်ကွက်မှုကို ဆရာကြီးက သတ္တိရှိစွာ ဖြေရှင်းညှိနှိုင်း နိုင်ခဲ့ပါသည်။                စီးပွါးရေးပညာဘွဲ့ကို 1951 ခုနှစ် တွင် အင်္ဂလန်နိုင်ငံ London School of Economics မှ B.Sc (Econ.)  ကိုရရှိပြီး 1965 ခုနှစ်တွင် London School of Economics မှပင် Ph.D (Econ.)ဘွဲ့ကို ရရှိခဲ့ပါသည် ။     
           ဆရာကြီး၏ ဒေါက်တာဘွဲ့ သုတေသနစာတမ်းသည် မြန်မာနိုင်ငံ၏စီးပွါးရေး ဖွံ့ဖြိုးမှုသမိုင်းအတွက်လည်းကောင်း GDP တွက်ချက်ပုံနည်းနိဿယအတွက်လည်းကောင်း အထူးအရေးပါသော သုတေသန စာတမ်းဖြစ်ပါသည် ။ ဤစာတမ်းကို A Study of the Economic Development of Burma, 1870-1940 ခေါင်းစဉ်ဖြင့် စီးပွါးရေးတက္ကသိုလ်က ပုံနှိုပ်ထုတ်ဝေခဲ့ပါသည် ။ မြန်မာနိုင်ငံ၏ 1901-ခုနှစ်မှ 1939-ခုနှစ်ထိ GDP ကို ဤစာတမ်းတွင် တွက်ချက်တင်ပြထားပါသည် ။      
        ဆရာကြီးသည် အမှတ်(၁၈) ၊ ပုဂံလမ်း နေအိမ် တွင်နေထိုင်ပြီး  1975 ခုနှစ်အထိ စီးပွါးရေးတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။            1975-ခုနှစ်မှ 1981-ခုနှစ်ထိ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည် ။           1981-ခုနှစ်မှ 1985-ခုနှစ်အထိ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။        1994-ခုနှစ် ဖေဖော်ဝါရီလ အသက်(၇၄)နှစ် တွင် ကွယ်လွန်ခဲ့ပါသည် ။ ဇနီးသည် ဆရာမကြီးဒေါ်ရိန်ကြည် နှင့် သမီး သုံးဦး ကျန်ရစ်ပါသည် ။    
          ယခုအခါ ဆရာကြီး၏ ပုံတူ ရုပ်တုကြီးတစ်ခုကို ရန်ကုန်စီးပွါးရေး တက္ကသိုလ်၏ရှေ့တွင်မားမားမတ်မတ် ဂုဏ်ပြုစိုက်ထူထားလျှက်ရှိပါပြီ ။       ဆရာကြီး၏ ထူးချွန်သောဆောင်ရွက်မှုများစွာကို ဤမှတ်စုကလေးဖြင့် ပြည့်စုံစွာဖော်ပြနိုင်ခြင်းမရှိပါ ။ နောင်လာနောက်သား ပေါင်းတည်သားတို့ အတုယူစရာ ဂုဏ်ယူစရာအဖြစ် လက်လှမ်းမီသလောက်ကိုသာ စုဆောင်းရေးသားလိုက်ရပါသည် ။ သိလိုသည်များကို ကူညီရှာဖွေပေးသော ဒေါ်တင်ရီ (၆)လမ်း  သီရိရတနာ ပေါင်းတည်မြို့ နှင့် ဒေါ်တင်ရီ ရန်ကုန်မြို့  တို့အားအထူးကျေးဇူးတင်ရှိပါသည် ။

     [ကိုးကား > စီးပွါးရေးတက္ကသိုလ်ကို ပုံဖော်ထုဆစ်ကြသူများ (ရွှေရတုအထိမ်းအမှတ်)၊ မိသားစု မှတ်တမ်း ]        12-12-2014 တွင်ရေးသားပါသည် ။ 

ဘိုရုံ 

Feb - 22 - 2015 က Zawgyi font ဖြင့်တင်ခဲ့သော Blog post ကို Unicode ဖြင့် ပြန်တင်ခြင်းဖြစ်ပါသည်။




 အောက်မြန်မာပြည် အင်္ဂလိပ်လက်အောက် ရောက်ပြီးနောက် အုပ်ချုပ်ရေးခိုင်မာအောင် အင်္ဂလိပ်ဘုရင်ခံက နေရာဒေသ အသီးသီးမှာ ရုံး ၊ ဂါတ် ၊ ဆေးရုံ ၊ ဈေး တို့ကိုတည်ဆောက်ပြီး အင်္ဂလိပ်လူမျိုး အရာရှိ များခန့်ထားအုပ်ချုပ်ခဲ့သည် ။ ရန်ကုန် > ပြည် ကားလမ်းမကြီး နှင့် မီးရထားလမ်းတို့ကို ၁၈၇၈ ခုနှစ်တွင်ဖောက်လုပ်ခဲ့သည် ။ လမ်းတလျှောက် မြို့ရွာများတွင် အဆိုပါ အရာရှိများ ခန့်ထားအုပ်ချုပ်ခဲ့ရာ ၎င်းတို့နေထိုင်ရာ အိမ် အဆောက်အဦများကို ဘိုရုံ ဟု မြန်မာတို့ကခေါ်တွင်ခဲ့ကြသည်။ (ဘိုအိမ် လို့ ဘာလို့မခေါ်တာလဲတော့မသိပါ)         ပေါင်းတည်မြို့ တွင်လည်း ရန်ကုန် > ပြည် ကားလမ်းမကြီးဘေး ဈေး အနီး ဘိုရုံ တစ်ခုရှိခဲ့ပါသည် ။ ဘယ်နှစ်က စတင်ဆောက်လုပ်ခဲ့တယ်ဆိုတာတော့ အတိအကျမသိရတော့ပါ ။ ခြံဝန်းကျယ်ကျယ်ကြီးထဲမှာ ခြေတံရှည် သစ်သားပျဉ်ထောင်အိမ်မဲမဲကြီး တစ်လုံးဆောက်ထားသည် ။ ခေတ်အဆက်ဆက် အုပ်ချုပ်ရေးပိုင်း အရာရှိများနေထိုင်သွားကြသည်။          အဲဒီ ဘိုရုံ ရှေ့ ခြံဝင်းအစပ်မှာ ကြီးမားတဲ့ လက်ပံ ပင်ကြီးတစ်ပင်လည်းရှိခဲ့ဘူူး၏ ။           ဒုတိယကမ္ဘာစစ်ကြိုခေတ် မီခဲ့သော လူကြီးသူမ များပြောကြသည်မှာ ထိုလက်ပံပင်ကြီးတွင် ဘိုမခြေကျိုး သရဲ ရှိသည်ဆို၏ ။ နေဝင်လို့ ညရောက်လျှင် ဖြတ်မလျှောက်ရဲကြဘူးဆို၏။ ခုတော့ အဲဒီလက်ပံပင်ကြီး မရှိတော့ပါ ။ ဘိုမခြေကျိုးလည်း ဘယ်ပြောင်းသွားသည်မသိ။ အဲဒီနေရာမှာ ဈေးဆိုင်ခန်းများဆောက်လုပ်ပြီး ငှါးထားလို့ စည်ကားနေပါပြီ ။ ဆိုင်တန်းနောက်က ဘိုရုံကြီးကတော့ အိုမင်းပြီး ယိုယွင်းနေပြီမို့ ဘယ်သူမျှ မနေကြတော့ပါ ။ မူလက ပိုင်ဆိုင်မှု ဘယ်လိုသတ်မှတ်ခဲ့လည်းတော့မသိ အခုတော့ ဆောက်လုပ်ရေး ဌာနအပိုင်ဖြစ်၏ ။          ယင်း ဘိုရုံကဲ့သို့ပင် ဘောလုံးကွင်းအနီး ရဲရုံးကြီးသည်လည်း အင်္ဂလိပ် အရာရှိ ဝန်ရှင်တော်မင်းကြီး မောရစ်ကောလစ် နေခဲ့ဘူးသည်ဆို၏ ။ ယခုအခါမှာတော့ မူလ ရဲရုံး ကြီးကိုဖျက်ပြီး အထွေထွေအုပ်ချုပ်ရေးရုံး အရာရှိနေအိမ် အဖြစ် ပြန်ဆောက်ထားသည်။ ဒါပေမယ့် အဲဒီရုံးဟောင်းကြီးကို မဖျက်ခင် သမိုင်းဝင် အဆောက်အဦတစ်လုံးအနေနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ထားခြင်းမရှိခဲ့ဘူးဟုသိရသည် ။           အခုလည်း အတော်ယိုယွင်းနေပြီဖြစ်တဲ့ ဘိုရုံ ကြီးဟာ မကြာခင် ဖျက်သိမ်းပျောက်ကွယ်သွားတော့မည့် အခြေအနေရှိပါသည်။ ဒါကြောင့် နောင်လာနောက်သား ပေါင်းတည်သားများ မြင်ဘူးအောင် သွားရင်းလာရင်း ဓာတ်ပုံရိုက် ယူခဲ့ပါသည် ။             အဲဒီ ဘိုရုံ နဲ့ပါတ်သက်ပြီး  သိထားတဲ့ အချက်အလက်များရှိလျှင် ပိုပြီး ပြည့်စုံခိုင်မာတဲ့ ဘိုရုံမှတ်တမ်းလေးရအောင် ကူညီပြောပြကြပါခင်ဗျာ ။     (21-2-2015)