Friday, August 21, 2015
" ပေါင်းတည်မြို့ ရေစီးရေလာ ကောင်းမွန်စေရန် "
မြို့တစ်မြို့ရဲ့ မြေမျက်နှာသွင်ပြင်အရ အဲဒီမြို့ရဲ့ ရေစီးရေလာစံနစ်ဟာ လိုက်လျောညီထွေရှိမှ မြို့ပေါ်သန့်ရှင်းသာယာလှပခြင်း ကျန်းမာခြင်း လမ်းတံတားများရေရှည်ခိုင်ခန့်ခြင်း မှက် ခြင် ယင် ပိုးမွှားများ ပေါက်ပွါးခြင်းမှ ကာကွယ်နိုင်ခြင်း စသည့် ကောင်းကျိုးများစွာရနိုင်မှာဖြစ်ပါတယ်။ တကယ်တော့ အဲဒီကောင်းကျိုးတွေကို လူတွေက ဆန့်ကျင်ဘက်ဆိုးကျိုးခံစားကြရတဲ့အခါမှ တောင့်တကြတယ်။ မိုးတွင်းရေလျှံမှ မြောင်းဖော်တယ် ။ ပိုဆိုးတာက ခုဆိုရင် မြောင်းမဖော်ဘဲ ရေဝပ်တဲ့နေရာ မြေဖို့တယ် ။ ဒါဟာ နည်းစံနစ်မကျတဲ့ လတ်တလောပြေလည်စေရေး ဖြေရှင်းတဲ့နည်းဖြစ်တယ် ။ ဒါကြောင့် တနှစ်ထက်တနှစ် မြို့ပေါ်ရပ်ကွက်တွေမှာ မိုးရွာပြီးရင် ရေတွေချက်ခြင်းပြန်မကျဘဲ လမ်းတွေပေါ်မှာ ခြံတွေထဲမှာ အိမ်တွေထဲမှာရေတွေ ဖွေးဖွေးလှုပ်တင်ကျန်နေတာတွေ့ရတယ်။
အချိန်မီ စံနစ်တကျ ပြုပြင်ခြင်းမရှိလျှင် အခြေအနေဟာ အဆိုးဆုံးနဲ့သိပ်မဝေးတော့ဘူး ။ ခုအခါမှာ climate change ရာသီဥတုဖောက်ပြန်မှုကြောင့် ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုတွေ အပူချိန်မြင့်တက်မှုတွေ ကြောင့် ရေကြီးရေလျှံမှုတွေ မကြာခဏဖြစ်လာတော့မယ်။
ဒါတွေကို ဒီတိုင်းထိုင်ကြည့်ပြီး ရင်ဆိုင်ဖြတ်ကျော်လို့မရပါဘူး ။ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်မှရပါမယ် ။
ပေါင်းတည်မြို့ရဲ့ မြေမျက်နှာသွင်ပြင်ဟာ ယျေဘူယျ အားဖြင့် မြို့နယ်၏အရှေ့မြောက် ဘက်ကမြင့်ပြီး အနောက်တောင်ဘက်ကိုနိမ့် ဆင်းပါတယ် ။ အရှေ့မြောက်ဘက်မှာ ပဲခူးရိုးမရှိပြီး ဝဲကြီးဆည် ၊ တောင်ညိုဆည် ဟု ဆည်ကြီး နှစ်ခု လည်းတည်ရှိနေတယ် ။
ဝဲကြီးဆည်ဟာ ဝဲကြီးချောင်း(ဝက်ပုတ်ချောင်း)ကို ပိတ်ပြီးတည်ဆောက်ထားတာပါ။ ဆည် ရဲ့ ရေပိုလွှဲဟာ RL240ft ရှိပါတယ်။ တမံအမြင့် RL253ft ရှိပါတယ်။
တောင်ညိုဆည်ဟာ တောင်ညိုချောင်း(ဘိုးသာအောင်ကုန်းချောင်း)ကိုပိတ်ပြီးတည်ဆောက်ထားပါတယ် ။ ရေပိုလွှဲ RL255ft ရှိပါတယ် ။
မြို့နယ်မြေမျက်နှာပြင်ဟာ ပျမ်းမျှ RL100ft ရှိပါတယ် ။
www.floodmap.net မှ ရရှိတဲ့ပုံမှာတော့ SI unit နဲ့ Elevation map တခုရှိပါတယ်။
အဲဒီမြေပုံမှာ အရောင်ခွဲပြထားပါတယ်။
အဲဒီပုံအရ အဝါရောင်တွေဟာ RL36 meter ဝန်းကျင်မှာရှိပြီး ခရမ်းရောင်တွေဟာRL 26 meter ဝန်းကျင်ရှိပါတယ်။ ပေနဲ့ပြန်ကြည့်ရင် RL 118 ft နှင့် RL85ft ဝန်းကျင်မှာရှိနေတာတွေ့ရပါတယ် ။ အောက်ဘက်ကိုဆက်ဆင်းလိုက်ရင် ဧရာဝတီ မြစ်အထိရောက်ပါတယ် ။ ဧရာဝတီမြစ်ဟာ ဒီဒေသအနီးမှာတော့ RL59.4ft ခန့်ရှိတယ်လို့သိရပါတယ်။
ဝဲကြီးဆည် ရဲ့ ရေပေးဝေသည့် တူးမြောင်းလက်တံများ ပြ မြေပုံ
---------------------------------------------------------------------------------
ခုဖော်ပြခဲ့တဲ့ data တွေကိုကြည့်ရင် ပေါင်းတည်မြို့အနေနှင့် မြို့ပေါ်မှ ရေစီးထွက်ဘို့ ရေနှုတ်မြောင်း Drainage system တခု ကောင်းစွာတူးဖော်နိုင်တာတွေ့ရပါတယ်။ သဘာဝအလျှောက် မြို့ပေါ်ရပ်ကွက်တွေ ဟာ အမြင့်မှာရှိနေပြီး မြို့ဘေးမှ သဘာဝရေနှုတ်မြောင်း ကံမရိုး နှင့် နွားသတ်ချောင်း ရှိနေပါတယ် ။ မြို့ပေါ်မှာတော့ မြို့လယ်ချောင်းဟာ မရှိတော့ပါဘူး အရာလေးပဲကျန်တော့တယ် ။ပြန်တူးဘို့လည်း အိမ်ခြံဝင်းတွေပိတ်ကုန်လို့ မလွယ်တော့ပါဘူး ။ လုပ်နိုင်တာတစ်ခုက တောင်နှင့်မြောက် တန်းနေတဲ့ လမ်းမကြီးတွေဖြစ်တဲ့ [ မြို့မြောက်ဘက်ခြမ်းတွင်] အတွင်းလမ်း ၊ မှတ္တိုင်လမ်း ၊ (၃၈)လမ်း ၊ [ မြို့တောင်ဘက်ခြမ်းတွင် အနောက်လမ်း ၊ တာပွန်လမ်း ၊ အရှေ့လမ်း ။ [ မြို့အလယ်ပိုင်းတွင် ] အရှေ့ အနောက် ဖြတ်ထွက်သည့် ရန်ကုန်ပြည်လမ်း စတဲ့ လမ်းမကြီးတွေ ဝဲ ယာ မှာ သင့်တော်သည့် ရေစီးပမာဏ Runoff Capacity ရှိမည့် မြောင်းများကို စည်ပင်သာယာရေးကော်မတီက တာဝန်ယူပြီးတူးပါ ။ မြို့ အပြင်ဘက်က နွားသတ်ချောင်းနှင့် ကံမရိုး ကို ဆည်မြောင်းဦးစီးဌာနမှတူးပေးပါ ။ လမ်းသွယ်များမှ ရေမြောင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများကဦးဆောင်ပြီး တောင်မြောက်သွယ်တန်းသည့် လမ်းမမြောင်းကြီးတွေဆီထွက်အောင် အားလုံး တက်ညီလက်ညီတူးရင်း ကြိုးစားအားထုတ်ကြလျှင်ဖြင့် ပေါင်းတည်မြို့ ရေဘေး မှ ဝေးသည်ထက်ဝေးမည်သာဖြစ်ပါသည်။
မြို့ရဲ့ အထက်မှာရှိနေတဲ့ ဆည်ကြီး နှစ်ခုကိုလည်း ဂရုတစိုက် ထိမ်းသိမ်းထားနိုင်ဘို့ သက်ဆိုင်ရာ ဆည်မြောင်းဦးစီးဌာနကတာဝန်ယူစောင့်ကြပ်ပေးနေပါတယ်။ ဆည်မြောင်းတွေဟာ အကျိုးရှိအောင် သုံးတတ်ရင် အလွန်အကျိုးရှိပါတယ်။ ပေါ့ပေါ့လျော့လျော့ မထိမ်းသိမ်းပဲထားလျှင် အလွန်အန္တရာယ်ကြီးပါတယ် ။ ဒါကြောင့် မြို့မိမြို့ဖ များနှင့် သက်ဆိုင်ရာဌာန အရာရှိများ အခါအားလျှော်စွာ တိုင်ပင်စည်းဝေးပြီး လိုအပ်တာတွေညှိနှိုင်းဆောင်ရွက်သည့် အစဉ်အလာ မျိုးလည်းရှိသင့်ပါသည်။ အခုဆိုရင် ဒေသအလိုက်မိုးရေချိန်တွေဟာ ပုံမှန် တွက်ထားလို့မရတော့ပါဘူး ။ များတဲ့အခါများမယ် နဲတဲ့အခါနဲမယ် ။ များတဲ့အခါ ရေလျှံတဲ့ဒုက္ခမဖြစ်အောင် နဲတဲ့အခါ ရေရအောင် အချိန်အခါလိုက် ညီညွတ်အောင်လုပ်သွားနိုင်ပါစေဟု ဆန္ဒပြုအပ်ပါသည် … ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment