အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍည မထေရ်
9 - Dec - 2016 ကတင်ခဲ့သော blog post ကို Unicode ဖြင့်ပြန်တင်ပါသည်။
အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ကောဏ္ဍည မထေရ် ဆရာတော်လောင်းလျာကို ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ သပြေလှကျေးရွာနေ အဖ ဦးဘသန်း + အမိ ဒေါ်စိန်ညွန့် (ခ) ဒေါ်ရှမ်းမ တို့မှ ၁၂၈၈-ခုနှစ်၊ နယုန်လပြည့်ကျော်(၁၃)ရက် နေ့တွင် မီးရှုးသန့်စင်ဖွားမြင်တော်မူခဲ့ပါသည်။ မွေးချင်းလေးယောက်ရှိသည့်အနက် အငယ်ဆုံးသားထွေး ဖြစ်ပါသည်။ငယ်နာမည်မှာ မောင်ကျင်ဆွေ ဖြစ်၏။ ၁၃၀၁-ခုနှစ်တွင် သိုက်တောမြောက်ကျောင်းဆရာတော်ကြီး ဦးဇယန္တ ကို ဥပဇ္ဈာယ်ပြု၍ ခမည်းတော် မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်တော်မူခဲ့လေသည်။ ဘွဲ့တော်မှာ ရှင်ကောဏ္ဍည ဖြစ်လေသည်။ ထိုအချိန်ကသိုက်တောမြောက်ကျောင်းဆရာတော်ကြီး ဦးဇယန္တမှ ပညာရေးမတိမ်ကောစေရန်ရည်ရွယ်၍ ၁၉၁၁-ခုနှစ်မှ ၁၉၄၅-ခုနှစ်ထိ နှစ်ပေါင်း ၃၀ ကျော်အထက်တန်းကျောင်းကြီးဖွင့်လှစ်၍ သင်ကြားပေးနေချိန်ဖြစ်သည်။ ရှင်ကောဏ္ဍည သည် ဆရာတော်ကြီးဦးဇယန္တ၏ တိုင်းရင်းသား အင်္ဂလိပ် မြန်မာ အထက်တန်းကျောင်းတွင် ရှင်သာမဏေဝတ်ဖြင့် ဆက်လက်ပညာသင်ကြားခဲ့ရာအင်္ဂလိပ်+မြန်မာ (၁၀)တန်းအောင်သည်အထိခေတ်ပညာကိုသင်ကြားခဲ့ပါသည်။ထိုအချိန်ကအင်္ဂလိပ်ကိုလိုနီလက်အောက် ကျရောက်နေချိန်ဖြစ်သည့်အလျှောက်မြန်မာတို့၏ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ စသည်တို့ ကိုချိုးနှိမ်ခံထားရသောအချိန်ဖြစ်ရာ ဆရာတော်ကြီးဦးဇယန္တ၏ အမျိုးသားအထက်တန်းကျောင်းကြီးမှာ ထိုခေတ်လူငယ်လူရွယ်များအတွက် လမ်းပြကြယ်ကြီးသဖွယ်ဖြစ်နေခဲ့တော့လေသည်။ သိုက်တောဆရာတော်ကြီး၏ အထက်တန်းကျောင်းကြီးမှ ခေတ်ပညာထူးချွန်သူများ သာသနာ့အာဇာနည်ရဟန်းတော် များထွက်ပေါ်ခဲ့ပါသည်။ သာမဏေ ရှင်ကောဏ္ဍည သည် ၁၃၁၀-ခုနှစ် ကဆုန်လဆန်း(၁၅)ရက်နေ့တွင် သိုက်တော မြောက်ကျောင်း ခဏ္ဍသိမ်တော်၌ ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက် သဒ္ဓမ္မဇောတိကာရုံ ကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပုညာဘိဓဇ ကို ဥပဇ္ဈာယ်ပြု၍ ခမည်းတော် မယ်တော် တို့၏ ပစ္စယ နုဂ္ဂဟကိုခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့လေသည်။ “သဒ္ဓါတရားနှင့်သာသနာသို့ဝင်ခဲ့သူ” ဆရာတော် ဘဒ္ဒန္တ ကောဏ္ဍည အား ပုတီးကုန်းမြို့ မြို့သူကြီး ဦးကျော်အေးက “ငါတို့ဘုန်းကြီး ကတော့ စံပါပဲကွာ အများတကာတွေလို ဒုလ္လဘမဲပေါက်လို့ဝတ်တဲ့ရဟန်းမဟုတ်ဘူးကွ သဒ္ဓါတရားနဲ့ ဝတ်ခဲ့တာကွ” ဟူ၍ ဂုဏ်ယူပြောဆိုလေ့ရှိသည်။ အကြောင်းမှာ ဆရာတော်လောင်းလျာသည် ပြည်မြို့ ကျောက်ဆည်ကြီးကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ဦးကေတု ဦးစီးကျင်းပပြုလုပ်သည့် ဒုလ္လဘ ဝတ်ပွဲသို့ရောက်ရှိလာပြီး သင်္ကန်းဝတ်လိုကြောင်းတောင်းခံခဲ့သည်။ မိဘ ၂ ပါးကိုခေါ်ယူ၍ ရဟန်းအဝတ် လဲခွင့်ပြုရန်ပန်ကြားခဲ့ရသည်။ မိဘ နှစ်ပါး၏ခွင့်ပြုချက်ရယူကာ သင်္ကန်းဝတ်ကို သဒ္ဓါတရားထက်သန်စွာ ဖြင့်ကူးပြောင်းခဲ့သူဖြစ်သောကြောင့် ပြောဆိုရခြင်းဖြစ်ပေသည်။ “ပညာသင်ကြားခဲ့သော ကျောင်းတိုက်နှင့် ဆရာတော်ကြီးများ” ၁ ။ ပေါင်းတည်မြို့ရွှေကျောင်းကြီးတိုက် သဒ္ဓမ္မဇောတိကာရုံကျောင်း ဘဒ္ဒန္တ ပုညာဘိဓဇ (အဂ္ဂမဟာပဏ္ဍိတ) ၂ ။ ပြည်မြို့ ဇောတိကာရုံ ပါဠိတက္ကသိုလ် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တ တေဇနိယ (အဂ္ဂမဟာပဏ္ဍိတ) ၃ ။ စစ်ကိုင်းမြို့ ပဌာန်းသိပ္ပံဆရာတော် ဘဒ္ဒန္တ ဣန္ဒက (အဂ္ဂမဟာပဏ္ဍိတ) စသောဆရာတော်အရှင်မြတ်တို့ထံ ပိဋကတ်ကျမ်းစာများကိုလေ့လာဆည်းပူးသင်ကြားတော်မူခဲ့ပါသည်။ “ပရဟိတကိုဦးစားပေးသောဆရာတော်” ပြည်မြို့ဇောတိကာရုံစာသင်တိုက်တွင် ပညာသင်ကြားနေစဉ် ဆရာတော်အပါအဝင် သံဃာတော်အပါး ၁၀၀ ကျော်တို့ သောက်သုံးရေ အခက်အခဲနှင့် တွေ့ကြုံရပါသည်။ထိုစဉ်က ဆရာတော်အရှင် ကောဏ္ဍည မှဦးဆောင်၍ ကျောင်းတိုက်အတွင်းရေရရှိရေးကိုခက်ခက်ခဲခဲဆောင်ရွက်တော်မူခဲ့ပေသည်။ ဆရာတော်သည် ဒါယကာများနှင့်တိုင်ပင်ပြီး အဝီစိတွင်းတူးရန်စီစဉ်ပြီး ကျောင်းထိုင်ဆရာတော်ကြီးထံ လျှောက်ထားရာ ဆရာတော်ကြီးက “ အရှင်ဘုရားတို့ကိစ္စ ငါသဘောမတူဘူးကွာ အရရှင်ဘုရားရဲ့အလှူရှင်တွေကိုခေါ်ပြီးထွက်သွားကြ” ဟု နှင်ထုတ်ခဲ့လေသည်။ “ဒီကျောင်းမှာမလုပ်ကြနဲ့” ဟုငြင်းဆိုခဲ့၏။ အရှင်ကောဏ္ဍညမှာ နောက်မဆုတ်ပဲ ရဲဝံ့စွာဆောင်ရွက်ခဲ့သည်။ ဆရာတော်ကြီးမှ “ အရှင်ဘုရားရဲ့ ဒါယကာတွေလည်း ရွှေတွေကိုလှည်းနဲ့တိုက်လာတိုက်လာ ငါသဘောမတူဘူးကွာ ဒီကျောင်းမှာလည်း အရှင်ဘုရားမနေနဲ့တော့ ထွက်သွားကွာ ” ဟု နှင်ထုတ်ခဲ့သည်။ အရှင်ကောဏ္ဍည မှာ “ ငါဒီကျောင်းက ထွက်ချင်ထွက်ရပါစေ သံဃာတော်အများချမ်းသာရင် ငါလည်းချမ်းသာမယ် ၊ အားလုံးလည်းချမ်းသာကြမယ် ” ဟု တွေးကာ မလျှော့သော ဇွဲလုံ့လဖြင့် နောက်မဆုတ်ပဲ ကြိုးစားဆောင်ရွက်ခဲ့သောကြောင့် သောက်သုံးရေများ ရရှိအောင်မြင်ခဲ့သည်။ ထိုအခါမှ ဇောတိကာရုံကျောင်းဆရာတော်ကြီးက “ တော်တော် တော်တဲ့ကောင်၊ မဖြစ်နိုင်တာကို မရ ရအောင် ကြိုးစားဆောင်ရွက်ခဲ့လို့ ဂုဏ်ယူထိုက်ပါပေတယ်” ဟု ချီး မွမ်းလေတော့သည်။ “ဆရာတော်၏ပညာဂုဏ်ရည်” ပြည်မြို့ ပါဠိဝိသောဓက အဖွဲ့၏ မဟာဝိနယ အာဂုံပြန်ပွဲ၊ ဝိနယပါမုခစာမေးပွဲ ငယ်၊လတ်၊ကြီး အတန်းတို့အနက် ပထမကြီးတန်းတွင် ပထမ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည်။ ၁၃၁၄-ခုနှစ်တွင် ပထမငယ်တန်းကို၎င်း၊ ၁၃၁၅-ခုနှစ်တွင် ပထမလတ်တန်းကို၎င်း၊ ၁၃၁၆-ခုနှစ်တွင် ပထမကြီးတန်းကို၎င်း အောင်မြင်တော်မူခဲ့ပါသည်။ ၁၃၁၉-ခုနှစ် အစိုးရဓမ္မာစရိယ စာချတန်း၌ ဂုဏ်ထူးဆောင်ဖြင့် အောင်မြင် တော်မူခဲ့၍ “သာသနဓဇသီရိပဝရဓမ္မာစရိယ” ဘွဲ့တံဆိပ်တော်ကိုရရှိတော်မူခဲ့ပါသည်။ ၁၃၅၃-ခုနှစ် တွင် နိုင်ငံတော်အစိုးရမှဆက်ကပ်လှူဒါန်းသော “ အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော်တို့ကိုရရှိတော်မူခဲ့ပါသည်။ စာပေပို့ချခြင်းကို ၁၃၁၉-ခုနှစ် ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက် (ပြည်မြို့)၌ ဂန္ဓာဝါစက စာချတာဝန်ကို ထမ်းဆောင်တော်မူခဲ့ပါသည်။ ဆရာတော်သည် ရည်မှန်းချက်ကြီးမားသူဖြစ်သည့်အားလျှော်စွာ ပေါင်းတည်မြို့တွင် စာသင်တိုက်တည်ထောင်ရန်စီစဉ်နေခိုက် တောင်ပြင်နဂါး ဆရာတော် ဦးတေဇနိယ (ပြည်၊ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်း)က “ အရှင်ဘုရား ပေါင်းတည်မြို့ရွှေကျောင်းကြီးတိုက်ထဲမှာ သဒ္ဓမ္မဇောတိကာရုံကျောင်းမှ ဦးတေဇောဘာသက ပိဋကတ် ၂ ပုံ အောင်တယ်၊ အရှင်ဘုရားက ဓမ္မာစရိယပဲအောင်တာ၊ အဲဒီတော့ အရှင်ဘုရား အဲဒီနေရာမှာ ကျောင်းတိုက်မထူထောင် ပါနဲ့ ကြီးပွါးမှာမဟုတ်ဘူး၊ ညောင်ပင်ကြီးအောက်မှာ ညောင်ပင်လေးမပေါက်နိုင်ပါဘူး အရှင်ဘုရားမ ဖြစ် ထွန်းနိုင်ပါဘူး တခြားသင့်တော်တဲ့နေရာရှာပေးမယ် ကြားရဲ့လား ” ဟုမိန့်တော်မူရာ အရှင်ကောဏ္ဍည က “ ဘုရားတပည့်တော် အောင်မြင်အောင် ကြိုးစားပြီးဆောင်ရွက်ပါမည်ဘုရား ဘုရားတပည့်တော်အား ဒီနေရာလေးမှာပဲ ကျောင်းတိုက်ထူထောင်ခွင့်ပြုပါဘုရား ” ဟု တောင်းပန်လျှောက်ထားခဲ့ပါသည်။ ထို့နောက် ၁၃၂၃-ခုနှစ်တွင် ပေါင်းတည်မြို့၌ အာဂမဇောတိကာရုံ ပရိယတ္တိ စာသင်တိုက်ကို စတင်ထူထောင်ဖွင့်လှစ်၍ အခြေပြု မူလတန်း ငယ်၊ လတ်၊ ကြီး ဓမ္မာစရိယ စာဝါများကို ပို့ချသင်ကြားပေးတော်မူခဲ့ပါသည်။ ဆရာတော်ရေးသားပြုစုတော်မူခဲ့သောကျမ်းများမှာ......... ၁ ။ အာဂမဇောတိက ပဋိပတ္တိက္ကမကျမ်း ။ ၂ ။ ပဋ္ဌာနသိပ္ပနယူပဒေသ ကျမ်း ။ ၃ ။ ယမကတ္ထ သင်္ခေပနယကျမ်း ( ပ+ဒု) များကို ရေးသားပြုစုတော်မူခဲ့ပါသည်။ ဆရာတော်သည် တပည့်ရဟန်းသံဃာများကို နေ့စဉ် တနေ့တမျိုးမ ရိုးရအောင်ဆုံးမဩဝါဒပေးလျှက် စာဝါများကိုသင်ကြားပို့ချပေးခဲ့ရှာသည်။ ဆွေမျိုးညာတကာ ဒါယကာ ဒါယိကာမ အပေါင်းကိုလည်း သာသနာ့ဒါယ ကာ ဒါယကာမများဖြစ်အောင် ဆွမ်းသင်္ကန်းကျောင်းဆေး ပစ္စည်းလေးပါး ထောက်ပံ့ပေးလှူတတ်အောင် ဟောပြောညွှန်ပြ ဆိုဆုံးမခဲ့ပါသည်။ ဤကဲ့ သို့ အာဂမဇောတိကာရုံ စာသင်တိုက်ကြီးကို အစပြုတည်ထောင်ခဲ့သော ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည အရှင်သူမြတ်သည် သက်တော်(၇၈)နှစ် သိက္ခာတော် (၅၆)ဝါ မြန်မာသက္ကရာဇ် ၁၃၆၆-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၃) ရက် ၊ နံနက် ၁၀ နာရီခွဲ အချိန်တွင် တပည့်သံဃာများ၏ ပဌာန်းရွတ်ဖတ်ပူဇော်သံများကို နှလုံးသွင်းနာယူရင်း တဘဝဇာတ်သိမ်း ခန္ဓာချုပ်ငြိမ်းကာ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည်။
[ ကိုးကား >> အာဂမဇောတိကာရုံ ကျောင်း ေရွှရတုမဂ္ဂဇင်း ]