( 20 - SEP - 2017 ) တွင်တင်ခဲ့သာ Zawgyi font ဖြင့်ရေးသားထားသာ Blog post ကို Unicode ဖြင့်ရေးသားပြီးပြန်တင်ခြင်းဖြစ်ပါသည်။
မြို့တစ်မြို့၏ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေကို တိုင်းတာပြီး အဲဒီမြို့ရဲ့တည်နေရာ လောင်ဂျီတွဒ် လတ္တီတွဒ် တန်ဘိုးများကို မှတ်သားထားသော အမှတ်အသားကို Benchmark (BM) ဟုခေါ်၏။ အဲဒီလိုအမှတ်အသားတွေကို မြန်မာနိုင်ငံမြေတိုင်းဦးစီးဌာနမှ တိုင်းတာ၍ အလွယ်တကူ မပျက်စီးနိုင်သော အဆောက်အဦးနံရံများ ၊ စေတီပုထိုးများ၊ ကျောက်တောင်များ၊ အုတ်ခုံများတွင် ထည့်သွင်းမှတ်သားထားလေ့ရှိပါသည်။ နိုင်ငံတကာမှာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေကို သိဘို့တိုင်းတာတဲ့နေရာမှာ Low Tide (ဒီရေအနိမ့်ဆုံးအချိန်) Middle Tide (ဒီရေပုံမှန်အချိန်) High Tide (ဒီရေအမြင့်ဆုံးအချိန်) ဒီအချိန်သုံးခုကို နှစ်ပေါင်းများစွာလေ့လာတိုင်းတာပြီးမှ သတ်မှတ်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ကျိုက္ခမီ ကမ်းခြေမှာ စံနစ်တကျတိုင်းတာပြီး တနိုင်ငံလုံးကို Level စက်ဖြင့် အမြင့်ပေကူးယူကာ မြို့တမြို့ရဲ့အမြင့်ပေကိုသတ်မှတ်ကြပါတယ်။ ရန်ကုန်မြို့မှာဆိုရင် မြေတိုင်းဦးစီးဌာနက အမြင့်ပေ ဘယ်လောက်ဆိုပြီးသတ်မှတ်ထားတဲ့ Benchmark (BM) ခုံလေးတွေကို ရွှေတိဂုံဘုရားနဲ့ ပန်းဆိုးတန်းလမ်းမှာ အလွယ်တကူတွေ့နိုင်ပါတယ်။ ပေါင်းတည်မြို့၏ နိမ့်မြင့် တည်နေရာ Coordinate ကို စံသတ်မှတ်ထားသည့် မြန်မာနိုင်ငံမြေတိုင်းဦးစီးဌာနမှ တိုင်းတာမှတ်သားထားခဲ့သော (BM) အမှတ်အသား (Benchmark) ကို ပေါင်းတည်မြို့ ရန်ကုန်ပြည်လမ်း အ.ထ.က ကျောင်း၏ ဖောင်ဒေးရှင်းအုတ်ခုံတွင် ထည့်သွင်းမှတ်သားထားပါသည်။ အဲဒီ (BM) အမှတ်အသားပေါ်မှာရေးထားတာကတော့ [ မြန်မာနိုင်ငံတော်မြေတိုင်းဌာန - - နိမ့်မြင့် ပဌမ - - ၆၂၀၄၆ - - မီတာ ] ဟု ရေးသားထားတာတွေ့ရပါသည်။
ထို (BM) အမှတ်အသားပေါ်တွင်ပါရှိသည့် စာများ၏ အဓိပ္ပါယ် ကိုသိရှိရန် internet Facebook စာမျက်နှာများမှတဆင့် မေးမြန်းစူးစမ်းခဲ့ရာ မြန်မာနိုင်ငံ မြေတိုင်းဦးစီးဌာနမှ ဦးအောင်မိုးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ ပေါင်းတည်မြို့ အ.ထ.က ကျောင်း အောက်ခြေအုတ်ခုံတွင်ထည့်သွင်းမှတ်သားထားသော ( BM ) နှင့်ပါတ်သက်၍ မြန်မာနိုင်ငံမြေတိုင်းဦးစီးဌာနမှ ဦးအောင်မိုး ၏ပြန်လည်ဖြေကြားချက်အပြည့်အစုံမှာ Standard BM , Embedded BM, Pipe BM, Bolt BM, ဆိုပြီးရှိတာမှာ ဖော်ပြထားတဲ့ပုံက Bolt BM အမျိုးအစားဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့ အ.ထ.က. (၁) ကျောင်းမှာတွေ့ရှိရတယ်လို့ဖော်ပြထားပါတယ်။ Bolt BM ဆိုတာကတော့ အစိုးရအဆောက်အဦးတွေရဲ့နံရံကိုထွင်းပြီး ထိပ်မှာဘုလုံးပါ အရှည် ၆ လက္မ လောက်ရှိ တဲ့ Bolt ချောင်းကိုထည့်မြှုပ်ထားပါတယ်။ ဘုလုံးရဲ့အထက်နားမှာ ကြေးပြားကပ်ထားပါတယ်။ ကြေးပြားပေါ်မှာတော့ BM ကိုတည်ဆောက်တဲ့ခုနှစ် နဲ့ အမှတ်စဉ်ကိုရေးထားပါတယ်။ အထက်မှာတွေ့မြင်ရတဲ့ BM မှာရေးထားတဲ့စာတွေရဲ့ အဓိပ္ပါယ်ကတော့ ၆၂၀၄၆ ဆိုတာ ၆၂ က ၁၉၆၂ -ခုနှစ်ဖြစ်ပြီး BM ကိုတည်ဆောက်တဲ့ခုနှစ်ဖြစ်ပါတယ်။ ၀၄၆ ဆိုတာက အဲဒီနှစ်မှာ တည်ဆောက်တဲ့ ၄၆ လုံးမြောက် BM ဖြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ မြန်မာနိုင်ငံတော်မြေတိုင်းဌာန ဆိုတာ အရင်တုံးက Burma Survey Department ကိုဘာသာပြန်ထားတာဖြစ်ပါတယ်။ အခုတော့မြန်မာနိုင်ငံမြေတိုင်းဦးစီးဌာန ဖြစ်ပါတယ်။ နိမ့်မြင့်ပဌမ ဆိုတာက တိကျမှန်ကန်မှုတန်ဘိုး (Accuracy) ပထမ လို့ဆိုလိုတာဖြစ်ပါတယ်။ Level တိုင်းတဲ့အခါ Staff ကို အဲဒီဘုလုံးပေါ်တင်ပြီးတိုင်းရတာဖြစ်ပါတယ်။ မြေတိုင်းဦးစီးဌာနက GCP တွေ BM တွေမှာ တန်ဘိုးဖော်ပြထားလေ့မရှိပါဘူး။ အချို့နေရာတွေ ဥပမာ ပြင်ဦးလွင် မြေတိုင်းကျောင်းဝင်းထဲက ခုံမှာတော့ဖော်ပြထားပါတယ်။ နိုင်ငံတော် ဘတ်ဂျက်အကုန်ခံပြီး တည်ဆောက်တိုင်းတာထားတာဖြစ်လို့ နိမ်မြင့်တန်ဘိုးလိုချင်လျှင် ဌာနကသတ်မှတ်ထားတဲ့ နှုံးထား ပေးဆောင်ရပါတယ်။ အဲဒီငွေကိုတော့ နိုင်ငံတော်ဝင်ငွေအဖြစ် ဘဏ်ကိုသွင်းရပါတယ်။
အလေးအနက်ထားပြန်လည်ဖြေကြားပေးသော ဦးအောင်မိုး (မြေတိုင်းဦးစီးဌာန) ကို အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ဦးအောင်မိုးဟာ ယခုလို ပြန်လည်ဖြေကြားပေးရုံမျှမက ပေါင်းတည်မြို့အတွက် မြန်မာနိုင်ငံမြေတိုင်းဦးစီးဌာနမှ တည်ဆောက်တိုင်းတာပေးခဲ့သော BM ၏ တန်ဘိုးများ ထုတ်ယူရရှိအောင် ကူညီခဲ့ပါသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
အောင်မိုး (မြေတိုင်း)
၁၃ - ၇ - ၂၀၁၇
ထုတ်ယူရရှိသော အ.ထ.က ကျောင်းအောက်ခြေအုတ်ခုံမှ BM ၏ တန်ဘိုးများမှာ
အမှတ်စဉ် ------- ၆၂၀၄၆
ပြုလုပ်သည့်နေ့စွဲ ------ ၂၂-၃-၁၉၆၂
ဌာနအမည် ------အခြေခံမြေတိုင်း (ရန်ကုန်)
လတ္တီတွဒ် ------- ၁၈-၂၉-၀၂
လောင်ဂျီတွဒ်------ ၉၅-၃၀-၄၈
ပင်လယ်ရေမျက်နှာပြင်မှအမြင့် ----- ၉၇.၈၈၃ ပေ
အမျိုးအစား ------ Brick BM with Brass tablet.
မြေပုံအမှတ် ------ 85 N/11
အထူးအညွှန်းမှတ်တမ်း ------ ပြည်ခရိုင် ပေါင်းတည်မြို့ အစိုးရအထက်တန်းကျောင်းအဆောက်အဦး၏ ဆင်ဝင် တောင်ဘက်အဆောင် အောက်ခံအုတ်ခုံ အလယ်ဗဟိုခန့်တွင် ဆောက်လုပ်ထားသည်။ ၎င်းသည် မိုင်တိုင် ၁၄၂ မိုင် ၅ ဖာလုံအလွန် ၁၀၄ ပေအကွာ ၎င်းနေရာမှ ကားလမ်း၏လက်ဝဲဘက် ၂၀၄ အကွာနေရာ၌တည်ရှိသည်။
→→→→→→→→→→→→→→→
ဖော်ပြပါ BM တန်ဘိုးများကို အညွှန်းပြု၍ ပေါင်းတည်မြို့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် အကျိုးရှိစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဤမှတ်တမ်းကိုရေးသားလိုက်ရပါသည်။
No comments:
Post a Comment