( 18 - June - 2014 ) တွင် Zawgyi font ဖြင့်ရေးတင်ခဲ့သော Blog post ကိုထပ်မံဖြည့်စွက်ပြီး Unicode ဖြင့် ပြန်ရေးတင်ခြင်းဖြစ်ပါသည်။
❂ ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော် ❂
ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော် သည်မြန်မာနိုင်ငံတဝှမ်းထင်ရှား ကျော်ကြားသော မြတ်ဗုဒ္ဓ ၏ စွယ်တော်ပွါး တစ်ဆူဖြစ်ပါသည် ။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူပြီးနောက်ကြွင်းကျန်ရစ်သောဓာတ်တော်များထဲတွင် လက်ဝဲ အောက်ဓာတ် စွယ်တော်မြတ် မှာ သီဟိုဠ်ကျွန်း ( သီရိလင်္ကာနိုင်ငံ ) ဂန္တီမြို့၌ ကိန်းဝပ် စံပါယ်တော်မူလျှက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ တို့ဖူးမျှော်ရန် အပူဇော်ခံထားလေ၏ ။
ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက် ပထမ ဆရာတော်ဘုရားကြီး “ ဦးဝိမလ” လက်ထက်တော် တွင် ဆရာတော်ဘုရားကြီး ၏ တပည့်ရင်း တစ်ဦးဖြစ်သော တိုက်သူကြီး ဦးဘိုးမြ နှင့်ဇနီး ဒေါ်နုတို့သည်သီဟိုဠ်ကျွန်း ဂန္တီမြို့၌ကျိန်းဝပ်စံပါယ်လျှက်ရှိသည့်မြတ်စွာဘုရား၏လက်ဝဲအောက်ဓာတ်
စွယ်တေ်မြတ်ကိုအလွန်ဖူးမျှော်လိုသောဆန္ဒဖြင့် ၁၂၅၉-ခုနှစ်တွင် သီဟိုဠ် ကျွန်းသို့သွားရောက်ခဲ့ကြလေသည်။ သီဟိုဠ်ကျွန်း ဂန္တီမြို့ သို့ရောက်သော အခါ ကျောက်သားပကတိ ဖြင့်အလွန် ခန့်ညား တင့်တယ်သောတိုက်ကြီး အတွင်း ကျိန်းဝပ် စံပါယ်တော်မူ လျှက်ရှိသော " မြတ်စွာဘုရားသခင် ၏ လက်ဝဲ အောက်ဓာတ်စွယ်တော်မြတ် " ကိုကြည်ညို သဒ္ဒါ ရွှင်ပြစွာဖြင့် ဖူး မျှော် ကြရလေ၏ ။
ဦးဘိုးမြတို့သည်မြတ်စွယ်တော်ကိုလွန်စွာကြည်ညိုကြသည့်အတိုင်းရက်အတော်ကြာကုသိုလ်ကောင်းမှုများပြုလုပ်၍ဖူးမျှော်ပူဇော်နေကြသော်လည်းအားမရနိုင်ပဲ[ငါတို့မြို့ရွာမှာဤသို့ထူးမြတ်လှသောမြတ်စွယ်တော်မျိုး
ရရှိပါက ကောင်းလေစွ ] ဟု ပြင်းပြသောဆန္ဒမှာ နတ်တို့ လှုံ့ဆော်သကဲ့ သို့ဖြစ်ပေါ်လာ၏ ။
ဤသို့ ဆန္ဒဖြစ်ပေါ်သည့်အတိုင်း စွယ်တော်အမတ်ကြီးနှင့် တစ်ကွ သီဟိုဠ် ဘုန်းတော်ကြီးများ၏ သြဝါဒ ကိုခံယူ၍ ဦးဘိုးမြ သည် မင်္ဂလာရှိ သောဆင်၏ဝဲဘက်အစွယ်၏အနှစ်ကိုရှာဖွေရရှိပြီးကျွမ်းကျင်သောဆရာ များ ဖြင့် မြတ်စွယ်တော်၏ ညာဏ်တော် ၊ လုံးပါတ်တော် ပုံတော်အတိုင်း တသွေမတိမ်းထုလုပ်စီမံလေ၏ ။ ဤသို့ထုလုပ်ပြီးသော်စွယ်တော်မြတ်ကို ငွေဖြင့်ပြီးသော သေတ္တာအတွင်း၌ မြတ်စွယ်တော် အစစ်နှင့်အတူ (၁၅) ရက်တိုင်တိုင်ကျိန်းဝပ်စံပါယ်တော်မူစေ၏ ။ ထို့နောက် ဦးဘိုးမြ တို့သည် သီဟိုဠ်ဘုန်းတော်ကြီးများနှင့်စွယ်တော်အမတ်ကြီးတို့ကိုခွင့်ပန်၍ မိမိတို့ နေရပ် ဌာနီ မြန်မာပြည်သို့ မြတ်စွယ်တော်ပွါးကို ပင့်ဆောင်ပြီးပြန်လာ ခဲ့ကြ၏။ရန်ကုန်မြို့၌ခေတ္တတည်းခို၍နေကြစဉ်ပေါင်းတည်မြို့မှဆရာတော် ကြီး ဦးဝိမလ အရှင်သူမြတ်က ဤမြို့နယ်ရှိ ရဟန်း ရှင်လူတို့ အမြဲပူဇော် ဖူးမျှော်နိုင်စေရန်မြတ်စွယ်တော်ကိုပေါင်းတည်သို့ပင့်ဆောင်လာစေရန်အမိန့် တော်ရှိလိုက်သည့်အတိုင်း အထူးမွန်းမံချယ်လှယ်ထားသော မီးရထား တွဲဖြင့် [ ၁၂၅၉ - ခုနှစ်၊ တော်သလင်း လဆန်း(၁၃)ရက်နေ့ ညနေ၂နာရီခွဲ အချိန်ခန့်တွင်] " မြတ်စွယ်တော် " ပေါင်းတည်မြို့ သို့ ဆိုက်ရောက်တော် မူလေ၏ ။
မြတ်စွယ်တော်ကိုကြိုဆိုဖူးမျှော်ကြသောလူထုပရိတ်သတ်မှာ ကြိတ် ကြိတ်တိုး စည်ကား၏ ။ ဆရာတော်ကြီး ဦးဝိမလ ၏ အမိန့် စီစဉ်တော်မူ ချက်များ အရ `သစ်ခေါင်းကြီး - ဦးတောက်ကြီး´နှင့်ဆွေမျိုးများသစ်ခေါင်း များက လှပထွားကျိုင်းသော ဆင် ၂၁ ကောင်ကိုကကြိုး ၊ ထိပ်အုပ် ၊ တန် ဆာများ ဆင်ယဉ်လျှက် မီးရထားဘူတာရုံမှ ကြိုဆိုကြ၏ ။ မြတ်စွယ်တော် ပင့်ဆောင်လာသည့် ရထားဆိုက်သောအခါ ဦးတောက်ကြီး၏ (ကျောက်နီ ကြီး) ခေါ် ဆင်ထီးကြီးပေါ်ဝယ် အထူးမွန်းမံ ချယ်လှယ်ထားသော ငွေကြာ ပြဿဒ်တော်တွင်မြတ်စွယ်တော်ကိုပင့်ဆောင်စံပါယ်တော်မူစေပြီးနောက်
ပါဆင်များခြံရံလျှက် လှံကိုင်ဓားကိုင် တပ်သားများကနောက်မှခန့်ညားစွာ လိုက်ပါပူဇော်ကြ၏ ။
အတီးအမှုတ်အကအခုန်တို့ဖြင့်လည်း ခြိမ့်ခြိမ့်သဲသဲ လိုက်ပါပူဇော်ကြ၏ ။ ညမှောင်သည်ထိ လမ်းများမစုံသေးသဖြင့် မီးတုတ် များကိုင်ဆောင်ပြီး လှည့်ကြရာ ည ၈ နာရီခန့်လောက်မှ ဘုရားကြီးသို့ပြန် လည်ဝင်ရောက်၏။
ဤအခါမှစ၍ ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွွယ်တော်ပွဲတော်ကြီးကို နှစ် စဉ်တော်သလင်းလဆန်း (၁၃) ရက်တွင်လှည့်လည်ပူဇော်ခံသည့် အစဉ် အလာ စတင်ခဲ့ပါသည် ။
ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်ပူဇော်ခံပွဲကို နှစ်စဉ် တော်သလင်းလဆန်း (၁၂) ရက် ညနေ (၅) နာရီတွင် နှှစ်ပတ်လည်စံမြန်း ရာ ဂန္ဓကုဋီတိုက်မှ ယာယီစံမြန်းရာ ရွှေကျောင်းဆောင်တော်ထက်သို့ အ ခမ်းအနားဖြင့် ပင့်ဆောင်တော်မူပါသည်။ ရတနာရွှေကြုပ်ကိုဖွင့်လှစ်ထား သော်လည်း မြတ်စွယ်တော်ကို ဖုံးအုပ်ထားသောရတနာစိန်ကြုပ်ကို မဖွင့် လှစ်သေးပေ။
တော်သလင်းလဆန်း(၁၃)ရက်နေ့ နေ့လည်(၁)နာရီတွင်မြတ်စွယ် တော်ရတနာကို ရတနာငွေကြုပ် ငွေကလပ်သို့ပြောင်းရွှေ့စံပယ်တော်မူပြီး ကကြိုးတန်ဆာပြည့်စုံစွာ ဆင်ယဉ်အပ်သော မင်္ဂလာဆင်တော်ပေါ်သို့ပင့် ဆောင်ကာ မြို့တွင်းသို့ လှည့်လည် ပူဇော်ခံ ဒေသစာာရီ ကြွချီတော် မူပါ သည်။ ညနေ (၅) နာရီတွင် မြတ်စွယ်တော် အာရုံခံတန်ဆောင်း သို့ ပြန် လည် ဝင်ရောက်ကြွမြန်းတော်မူပါသည်။
တော်သလင်းလဆန်း (၁၄)ရက်နေ့ နံနက်(၈)နာရီတွင် ရတနာစိန် ကြုပ်တော်ကိုဖွင့်လှစ်၍ မြတ်စွယ်တော်ရတနာကို ပကတိအတိုင်း ဖူးမျှော် ခံထားရှိပါသည်။
တော်သလင်းလဆန်း (၁၅) လပြည့်နေ့ ည (၁၀) နာရီတွင် ယာယီ စံမြန်းရာ ရတနာ ရွှေကျောင်းဆောင် ထက်မှ အခမ်းအနားဖြင့် နှစ်ပတ် လည် စံမြန်းရာ ဂန္ဓကုဋီတိုက်သို့ ပြန်လည်ပင့်ဆောင်ကာ မြတ်စွယ်တော် ပူဇော်ခံပွဲတော်ကြီး ပြီးဆုံးပါသည်။
မြတ်စွယ်တော်၏ထူးခြားသောတန်ခိုးတော်
တမြို့လုံး ကြိတ်ကြိတ်မွန်းမျှပြည့်နှက်စည်ကားလှသော - မြတ်စွယ် တော်ပွဲကို ၃-ရက်တိုင်တိုင် နေ့ညမပြတ် ဆင်ယဉ်ကျင်းပ ခြင်းများမှာနှစ် ပေါင်းများစွာဆောင်ရွက်လာကြရာ အကြီးအကျယ်ရာဇဝတ်မှုဖြစ်ပွါးခြင်း
ရောဂါအန္တရာယ်ဖြစ်ပွါးခြင်းတို့မှ ကင်းလွတ်ခဲ့ရာမြတ်စွယ်တော်၏ထူးခြား သောတန်ခိုးတော်ပင်ဖြစ်လေသည်။စွယ်တော်မြတ်ပွဲတော်ကြီးကိုစီမံအုပ် ချုပ်သူလူကြီးများကကူညီဆောင်ရွက်သူလူငယ်များ၏ဆန္ဒကိုလိုက်လျှော သင့်သလောက် လိုက်လျှော၍ လူငယ်များကလည်း လူကြီးများ၏ ဩဇာ ကိုသွေဖီ လွန်ဆန်ခြင်းမရှိပေ။ ပွဲတော်တွင် လောင်းကစားခြင်း သေရည် သေရက် သောက်စားမူယစ်ခြင်းများကို ခေါင်းဆောင်လူကြီးများကကြပ် တည်းစွာပိတ်ပင်တားမြစ်၏။ ၁၂၉၆ - ခုနှစ်တွင် စွယ်တော်လှည့်မည့်စဲစဲ ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များမှစ၍ ကြိတ်ကြိတ်မွန်းစုဝေးနေကြ စဉ် ဆင်သည် လန့်၍ပြေးရာ ဘုရားကြီးလမ်းမှ သည် ဖောင်သူကြီးလမ်း အထိ အကြမ်းဖြတ်ကျော်၍ ပြေးလေသည်။ သို့ရာတွင် တစုံတယောက် သောသူ ကိုမျှထိခိုက်နာကြင်ခြင်းမရှိချေ။ ဤသို့ဖြစ်ရကား ၊ ပေါင်းတည် မြတ်စွယ်တော်ပွဲကို နတ် - လူ ကူညီစောင့်ရှောက်ကြသည် ဟု ယုံကြည် ရလေသည်။
စွယ်တော်မြတ်လှည့်ပွဲရွှေ့ဆိုင်း၍မရခြင်း
မြတ်စွယ်တော်ကို တော်သလင်း လဆန်း (၁၃) ရက်နေ့ မှာလှည့်၍ (၁၄)ရက် ၊ (၁၅)ရက်နေ့များတွင်ရဟန်းရှင်လူအပေါင်းတို့၏ ပူဇော်ခြင်းခံ
ယူရာအခါတပါး၌ အချို့သောပုဂ္ဂိုလ်များက တော်သလင်းလသည်မိုးဥတု ဖြစ်သည်ကတစ်ကြောင်း ၊ ၎င်းလမှာ တောင်သူလယ်သမားများ သွားလာ ရန်ခက်ခဲသည်ကတစ်ကြောင်း ၊ အခြား သွေ့ခြောက်၍ အလုပ် အားသော ရာသီတွင်ပွဲတော်ပြုလုပ်ပါက ပို၍သင့်တော်မည့်အကြောင်းများနှင့်် အကြံ ပေးကြရာဂေါပကလူကြီးများက တပို့တွဲလဆန်း (၁၃) ရက်နေ့သို့ရွှေ့ဆိုင်း ၍မြတ်စွယ်တော်လှည့်ပွဲပြုလုပ်ကြလေသည်။ဤသို့အစဉ်အလာကိုဖျက်၍
တပို့တွဲလဆန်း(၁၃)ရက်နေ့တွင် စွယ်တော်လှည့်ရာ ပရိတ်သတ် အလွန် နည်း၍ မစည်ကားရုံမက ပြင်းထန်လှသောမိုးကြီးသည် အဆက်မပြတ်ရွာ သွန်းချသဖြင့် ပွဲတော်မှာ အထမမြောက်ပဲဖြစ် ခဲ့လေသည်။ သို့အတွက်ပွဲ တော်ကိုရှေးအစဉ်အလာအတိုင်း တော်သလင်းလဆန်း (၁၃) ရက်နေ့မှာ ရှေးကကဲ့သို့ကျင်းပခဲ့ရ၏။
မြန်မာသက္ကရာဇ် ၁၃၀၆-ခုနှစ်၊ တန်ခူးလ (30-4-1945) တွင်အင်္ဂလိပ် မဟာမိတ်လေယာဉ်ပျံများ ပေါင်းတည်မြို့ကိုဗုံးကြီးံဗုံးငယ် အသွယ်သွယ် တို့အပြင် မီးလောင်ဗုံးများစွာကို ပရမ်းပတာပစ်ချလေရာ မြို့တဝက်မျှမီး လောင်ပျက်စီးခံရသည်သာမက ရွှေကျောင်းကြီးတိုက် အတွင်းရှိ ဘုန်း တော်ကြီးကျောင်း (၁၅) ကျောင်းမှာပြာပုံဘဝရောက်ရသည့်အပြင် ဘုရား ကြီးအဆောက်အဦးများနှင့်မြတ်စွယ်တော်တိုက်တို့မှာဗုံးဒဏ်စက်သေနတ် များ၏ဒဏ်ကြောင့်မရှုမလှပျက်စီးယိုယွင်းခဲ့လေသည်။
ထိုဗုံးများမချမီ ရက်အနည်းငယ်အတွင်းကပင် တာဝန်ခံဂေါပကလူ ကြီးတစ်ဦးဖြစ်သော ဘုရားကြီးလမ်းနေ ဦးကျော်ထွန်းခိုင် က မြတ်စွယ် တော်ရတနာကို ရွှေကျောင်းဆောင်အတွင်းမှပင့်ဆောင်ပြီး လုံခြုံသောတ နေရာ၌ လျှို့ဝှက်စွာ ထိမ်းသိမ်းစောင့်ရှောက်ထားပါသဖြင့်မြတ်စွယ်တော် ရတနာမှာဗုံးဒဏ်မခံခဲ့ရပေ။ ဦးကျော်ထွန်းခိုင်၏ကျေးဇူးကားကြီးမားပါပေ ၏။
ဂေါပကလူကြီး များသည် ပျက်စီးနေသော မြတ်စွယ်တော် တိုက် ဟောင်း ကိုဖျက်ပြီး ပိုမိုခန့်ညား ကျယ်ဝန်းသော မြတ်စွယ်တော်တိုက်သစ် နှင့်တန်ဆောင်းတော်ကြီးကို အများပြည်သူတို့၏ ကုသိုလ်ပါဝင် လှူဒါန်းမှု ဖြင့် ၁၃၁၀-ခုနှစ်တွင်ဆောက်လုပ်ခဲ့ရာ ၁၃၁၁-ခုနှစ် ကဆုန်လဆန်း(၁၄) ရက်၊ခရစ်နှစ် ( 25-5-1949 ) နေ့တွင် ဩဝါဒစရိယ ဆရာတော်ဘုရားကြီး ဦးပုညာဘိဓဇ ရှေ့ဆောင်တော်မူလျှက် မြတ်စွယ်တော် တိုက်သစ် ဖွင့်ပွဲ အခမ်းအနားကြီးကိုကြီးကျယ်စွာဆင်ယဉ်ကျင်းပကြလေသည်။
ယခုအသစ်ပြန်လည်တည်ဆောက်ထားသောမြတ်စွယ်တော် တိုက် သစ်၏တံခါးတော်ကြီးမှာ ထူးခြားသောဝိသေသရှိပေသည်။ထိုတံခါးတော် ကြီးမှာ ကျွန်းတုံးကြီးတစ်တုံးမှ ခွဲယူဖြတ်တောက်၍ ပြုလုပ်ထားခြင်းဖြစ် လေသည်။ ရှေးအခါက ဘုရားဒါယကာကြီး ဦးတောက်ကြီးသည်ဖောင်သူ ကြီးလမ်းတွင် ရေတွင်းတူးဖော်စဉ် အလွန်ကြီးမားသောကျွန်းတုံးကြီးတစ်ခု ရေတွင်းထဲတွင်ရှိနေသည်ကိုအံ့ဩစွာတွေ့ရလေသည်။ ထိုအခြင်းအရာကို ဆရာတော်ကြီးဦးဝိမလအား လျှောက်ထားရာ ဆရာတော်ကြီးက ( ဒီသစ် တုံးကြီးဟာ ဝိသေသထူးခြားလှသည် ။ သို့အတွက် အခြားနေရာ၌ အသုံး မပြုပဲ ဗုဒ္ဓအဆောက်အဦတွင် အမြဲတည်စေရန်အသုံးပြုသင့်သည် ။ ) ဟု အမိန့်ရှိလေသည်။
၎င်းသစ်တုံးကြီးကိုဆင်ဖြင့်အတော်ခဲယင်းစွာဆွဲတင်ရာ အသားအနှစ် လတ်ဆတ် ဝေဆာလျှက် အခေါင်း အပေါက် အနာ ကင်းမဲ့ သောအလွန်ကြီးမားလှသည့် ကျွန်းသစ်တုံးကြီးဖြစ်နေသည်ကို တွေ့ရလေ သည်။ သစ်တုံးကြီး၏ထိပ်မှာ လေးတောင်ထွာရှိလေသည်။ ၎င်းကျွန်းသစ် တုံးကြီးသည် ရှေးအခါကတံခွန်တိုင်ကြီးတစ်ခုဖြစ်ခဲ့ဟန်ရှိလေသည်။ မြတ် စွယ်တော် ဂန္ဓကုဋီတိုက် အသစ် ပြန်လည်တည်ဆောက်သောအခါ ၎င်း ကျွန်းတုံးကြီး၏ အသားအနှစ် အကောင်းဆုံး ဖြစ်သော အလယ်ပိုင်းကို ဂန္ဓကုဋီတိုက်ကြီး၏တံခါးတော်ကြီးအဖြစ်ပြုလုပ်ကြလေသည်။
ယနေ့ထက်တိုင်တွေ့မြင်နေရသော မြတ်စွယ်တော် ဂန္ဓကုဋီတိုက် တံခါးတော်ကြီးမှာ ၎င်းကျွန်းတုံးကြီးဖြင့်ပြုလုပ်ထားသော တံခါးတစ်ရွက် ကိုအလွန်ထူသော ပျဉ်တစ်ချပ်တည်းနှင့်ပြီးသော လှပခန့်ညားသောတံခါး တော်ကြီးဖြစ်ပေသည်။
မြတ်စွယ်တော်ကို အများပြည်သူတို့ သဒ္ဓါရွှင်လန်းစွာ လှူဒါန်း ထား သော ရွှေငွေ ကျောက်သံပတ္တမြား ရတနာ ပစ္စည်းတို့မှာ အလွန် များပြား လှသည်ဖြစ်ရာ မသမာသူတို့သည် သံသရာဝဋ်ဆင်းရဲကို မကြောက်နိုင်ပဲ ဖောက်ထွင်းယူရန်ကြိုးပမ်းမှုတစ်ခု ၁၃၄၂-ခုနှစ် (၈၂) ကြိမ်မြောက် မြတ် စွယ်တော်လှည့်လည်ပူဇော်ခံပွဲအပြီး မကြာမီအချိန်တွင် ဖြစ်ပွါးခဲ့ဘူးလေ သည်။ ထူူးခြားသည်မှာ ထိုမသမာသူများ မြတ်စွယ်တော်တိုက်ကိုဖောက် ထွင်းရန် ကြိုးစားနေသောညတွင် ပေါင်းတည်မြို့ တစ်မြို့လုံး မိုးကြီး အ ကြီးအကျယ် ရွာသွန်း၍ မိုးကြိုးများလည်း အချက်ပေါင်းများစွာ ပစ်ခဲ့သည် ကို တစ်မြို့လုံးကြားသိခဲ့ရပေသည်။ မြို့သူမြို့သားများမှာ မြတ်စွယ်တော် တိုက်ကို ဖောက်ထွင်းခံရ ကြောင်း နံနက်လင်းသောအခါ ကြားသိရလျှင် လွန်စွာအံ့ဩ စိုးရိမ်မိကြလေသည်။ မြို့သူမြို့သားများ၊ဩဝါဒစရိယ ဆရာ တော်ကြီးများ ဂေါပကလူကြီးများ အာဏာပိုင် အဖွဲ့အစည်းများမှ တာဝန် ရှိပုဂ္ဂိုလ်များ အားလုံးစုံညီစွာစုဝေးပြီး မြတ်စွယ်တော် ဂန္ဓကုဋီတိုက်ကို ဖွင့် လှစ်စစ်ဆေးရာမြတ်စွယ်တော်ကိုထားရှိသည့် မီးခံသေတ္တာ ၃ ထပ်ရှိသည့် အနက် ၂ ထပ်ထိဖောက်ထွင်းထားသည်ကိုတွေ့ကြရလေသည်။
မြတ်စွယ်တော်ရှိရာ ရတနာရွှေကြုပ်တော်အထိမဖောက်ထွင်းနိုင်ပဲ အပြင် ပတွင်ထားရှိသော ငွေပန်းခိုင် ၊ ငွေကလပ်၊ ငွေဖလား၊ ငွေပန်းအိုး တို့ကိုသာ ယူဆောင်သွားနိုင်ကြလေသည် ။ မြတ်စွယ်တော်ရတနာနှင့် ရွှေကြုပ် ရွှေကလပ် စိန် ရွှေ ကျောက်သံပတ္တမြား များမှာ မူလပကတိ အ တိုင်းမပျောက်မရှဖူးတွေ့ကြရသောအခါအားလုံးဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်နိုင်ခဲ့ကြလေတော့သည် ။
ခေတ်ကာလအခြေအနေမကောင်းသည့်နှစ်များတွင်လှည့်လည်ခြင်း
မပြုဘဲ အပူဇော်ခံရုံ သက်သက် ပြုလုပ်ခဲ့ရသည်လည်း ရှိ၏ ။ လုံးဝအပူ ဇော်ခံခြင်း မပြုခဲ့ရသည်လည်း ရှိ၏ မှတ်တမ်းများအရ
(၁၃၀၃-ခုနှစ်) (1941) တွင် ပူဇော်ခံရုံသက်သက် (မလှည့်နိုင်)
၁၃၀၄ / ၁၃၀၅ / ၁၃၀၆ ( 1942 / 1943 / 1944 ) ခုနှစ်များတွင် လုံးဝအပူဇော်မခံခဲ့ရ
၁၃၀၇ / ၁၃၀၈ / ၁၃၀၉ (1945 / 1946 / 1947 ) ခုနှစ်များတွင် ပူဇော်ခံရုံသက်သက် (မလှည့်နိုင်)
၁၃၁၀ ခုနှစ် (1948) တွင် လုံးဝ ပူဇော်မခံခဲ့ရ
၁၃၁၁ ခုနှစ် (1949) တွင် ပူဇော်ခံရုံသက်သက် (မလှည့်နိုင်)
၁၃၅၀ ခုနှစ် (1988) တွင် ပူဇော်ခံရုံသက်သက် (မလှည့်နိုင်)
ထို့ကြောင့် ယခုနှစ် ၁၃၈၁ ခုနှစ် တော်သလင်းလဆန်း (၁၃)ရက် (11/9/2019)နေ့ထိ အပူဇော်ခံခဲ့သည့်အကြိမ်ပေါင်း(၁၁၉)ကြိမ်လှည့်လည်ပူဇော်ခံခဲ့သည့်အကြိမ်ပေါင်း(၁၁၂ )ကြိမ်ရှိခဲ့ပြီဖြစ်ပါ သည် ။နှစ်ပေါင်း ၁၂၂ နှစ် ရှိခဲ့ပါပြီ ။ ပေါင်းတည်မြို့အတွက် မြတ်စွယ်တော်ကို စတင်ပင့် ဆောင်ကိုးကွယ် နိုင်အောင်ကြိုးပမ်းခဲ့ကြသောရှေးခေတ်ပေါင်းတည်သား ကြီးများ ဆရာ တော်ကြီးများ အားဤမှတ်စုဖြင့်ရိုသေဦးခိုက်ဂါရဝပြုလိုက် ရပါ သည် ။
[ ကိုးကား > ပေါင်းတည်သမိုင်း နှင့် မြတ်စွယ်တော်အတ္ထုပ္ပတ္တိ …( ဦးထွန်းညွန့် )T.P.S / ရွှေကျောင်းကြီးတိုက် သဒ္ဓမ္မဇောတိကာရုံကျောင်းဆရာတော် မဟာဂန္ဓာဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပါရဂူ ရေးသားသော ပေါင်းတည်မြတ်စွယ်တော်သမိုင်း ]