"ပေါင်းတည်မြို့၏ရှေးအကျဆုံးဆွမ်းလောင်းရုံကလေး "
ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံတွင် ပရိယတ် ပဋိပတ် အားထုတ်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း ၊ သင်္ကန်း၊ ကျောင်း ၊ ဆေး ပစ္စည်းလေးပါးကို ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသားသမီး တို့က အစဉ်အမြဲ လှူဒါန်း ထောက်ပံ့ကြတာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတစ်ခုအဖြစ် ယနေ့ထက်တိုင်တည်ရှိနေပါသည် ။
ဒီအစဉ်အလာကို ပေါင်းတည်မြို့မှာလည်း ဆောင်ရွက်လာခဲ့ကြသည်မှာ ယခု(2016-ခုနှစ်)အချိန်ထိ နှစ်ပေါင်း (၈၄) နှစ် အစဉ်အလာမပျက် ထိမ်းသိမ်းဆောင်ရွက်လျှက်ရှိသော ဝါတွင်း တနင်္ဂနွေ အရုဏ်ဆွမ်းလောင်းရုံ သို့ရောက်ရှိစူးစမ်းခဲ့ပါသည် ။ အဲဒီ ၈၄ နှစ်ကာလ ဟာ စံနစ်တကျ မှတ်တမ်းတင်ထားခဲ့တဲ့ နှစ်ကိုဖော်ပြတာပါ။ မှတ်တမ်း တင်မထားခဲ့တဲ့ နှစ်ပေါင်း ဘယ်လောက်ရှိသလဲဆိုတာ ပြောပြနိုင်သူမတွေ့ရသေးပါ ။ အသက် (၉၅)နှစ်အရွယ် အဘိုးအဘွားများကပင် သူတို့မှတ်မိသိတတ်စကပင်ရှိခဲ့တယ်လို့ပြောပါတယ်။ သက်ကြီးစကား သက်ငယ်ကြား မှတ်သားရဘူးသည်မှာ အင်္ဂလိပ်အစိုးရခေတ်က ပေါင်းတည်မြို့မှာထင်ရှားခဲ့သော ဘုရားအမ ကျောင်းအမ ရဟန်းမယ်တော်ကြီး ဒေါ်ရွက် တို့ခေတ်ကာလအချိန်ကတည်းက အဲဒီဆွမ်းရုံလေးမှာ ခုလိုပဲ တနင်္ဂနွေနေ့တိုင်း ဆွမ်းချက်လောင်းလှူခဲ့ကြသည်ဟု ဆို၏ ။ ပေါင်းတည်မြို့ မြောက်ဘက်ပိုင်းတွင်ပါဝင်သော ၃၈ - လမ်း နှင့် ၃၇ - လမ်းထောင့် တွင် တည်ရှိပါသည် ။ နှစ်စဉ် နှစ်တိုင်း ဝါဝင်သည်နှင့် မြို့ပေါ်ရှိကျောင်းတိုက်အားလုံး တွင် ဝါဆိုတော်မူကြသော သံဃာတော်အပါး ၅၀၀ ကျော်ကို အရုဏ်ဆွမ်း လောင်းလှူကြရာ ဝါတွင်းကာလတလျှောက် ပါဝင်သော တနင်္ဂနွေနေ့ အားလုံးကို ဒီနေရာလေးကပဲလောင်းလှူပါတယ် ။ ဝါတွင်းကာလ တနင်္ဂနွေနေ့တိုင်းကို အလှူရှင်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မပျက်မကွက်လောင်းလှူပေးပါမည်ဟု ဆွမ်းရုံအကျိုးဆောင်များကတာဝန်ခံထားပြီး မြို့ပေါ် ဝါတွင်းအရုဏ်ဆွမ်းလောင်း ဂေါပကအဖွဲ့ကလည်း ဝါတွင်းကာလ တနင်္ဂနွေ အားလုံးကို တခြားနေရာ ဘယ်ကိုမှမပေးဘို့ကတိပြုထားတယ်လို့ဆိုပါတယ် ။
ဒီ တနင်္ဂနွေဆွမ်းရုံလေးရဲ့ ထူးခြားတဲ့အစဉ်အလာကတော့ ဆွမ်းလောင်းအကြိုတစ်ရက် ဆွမ်းချက်နေ့ စနေနေ့မှာဆိုရင် ရှေးယခင်တုံးက စာဟောကွက်စိတ်ဟောဆရာတယောက်က ဆွမ်းရုံမှာ ထိုင်ပြီး ဇာတ်လမ်း ဇာတ်ထုပ်တွေ ဟောပြောပေးသတဲ့ ။ စာဟောဆရာအသံကြားတာနဲ့ လမ်းသူလမ်းသားများဟာဆွမ်းရုံကိုရောက်လာပြီး ဆွမ်းချက်ဘို့ကိစ္စအဝ ဝ ကိုဝိုင်းဝန်းကူညီဆောင်ရွက်ကြပါသတဲ့ ။ ယခုအခါမှာတော့ ခေတ်ကာလရွေ့လျောလာသည့်အလျောက် စာဟော ကွက်စိတ်ဟော ပွဲများပျောက်ကွယ်လာတာမို့ ဆွမ်းရုံမှာ မြန်မာ့ဆိုင်း ဗြောစည်ခေါက်ပြီး အလှူအတွက် ဝိုင်းဝန်းဆောင်ရွက်ကြလေသည်။ ဆွမ်း ၊ ဆွမ်းဟင်း ချက်ခြင်း ၊ ဆွမ်းချိုင့်များလက်ခံခြင်း သန့်စင်အောင်သုတ်သင်ခြင်း ၊ ဆွမ်းဟင်းများ ဆွမ်းချိုင့်ထည့်ခြင်း စသည့်ဝေယျာဝစ္စ ကိစ္စအဝဝ ကို ၃၇ လမ်း ၃၈ လမ်း ရှမ်းစုလမ်း မှ လူငယ်များက ဝိုင်းဝန်းဆောင်ရွက်ကြ၏ ။ အလှူရှင်နှင့် သိသိ မသိသိ ဝမ်းမြောက်စွာကူညီဆောင်ရွက်ကြ၏ ။ ပေါင်းတည်မြို့ကိုသံယောဇဉ်ကြီးသော ရပ်ဝေး ရေခြားမြေခြား တိုင်းတပါးအထိ ရောက်နေသူများကလှူကြသည်ကို ဆောင်ရွက်ပေးကြရ၏ ။ နံနက်အရုဏ်တက်တွင်လည်းဆွမ်းလောင်းနေစဉ် ဗြောစည်သံတညံညံနှင့် သာယာကြည်နူးဖွယ်ကောင်းလှပါ၏ ။ ဒီလိုဆောင်ရွက်လာတာ မျိုးဆက် လက်ဆင့်ကမ်းပြီး ယနေ့ထိ မှတ်တမ်းပြုရသမျှ ဦးဆောင်ခဲ့ကြသူများဖြစ်သော ဦးတင် ၊ ဦးစိန်တင် ၊ ဦးအုန်းမောင် ၊ ဦးခင်မောင် ၊ ဦးအေးဖေ ၊ ဦးမောင်လေး ၊ ဦးစန်းမြင့် ၊ ဦးသန်းအောင် ၊ ဦးအောင်မင်းလွင် ၊ … တို့ကို အထူးပင်လေးစားဂုဏ်ယူမိပါသည် ။ယခုအခါ သက်ရှိထင်ရှား ဆက်လက်၍ ဆောင်ရွက်နေသော ဦးသန်းအောင် ၊ ဦးအောင်မင်းလွင် တို့မှ အစဉ်အလာမပျောက်ပျက်အောင် ထိမ်းသိမ်းဆောင်ရွက်လျှက်ရှိနေပါသည်။ ဆက်လက်ပြီး အစဉ်အလာကောင်းတစ်ခုမပျောက်ပျက်အောင်ထိမ်းသိမ်းနိုင်ကြပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါသည် … ။

မှတ်တမ်းအတွက် အကူအညီပေးသော ဆွမ်းရုံအဖွဲ့သားများနှင့် မနီနီမာ အား ကျေးဇူးတင်ရှိပါသည် ။
No comments:
Post a Comment