✱ ပေါင်းတည်မြို့ ဘုရားကြီးတိုက်
လျောင်းတော်မူ ဗုဒ္ဓရုပ်ပွါးတော်ကြီး ✱
(မြန်မာသက္ကရာဇ် ၁၂၈၂-ခုနှစ်တွင်တည်ထားသည်)
ပေါင်းတည်မြို့မှ ဘုရား၊ ကျောင်း၊ သိမ်၊ ရဟန်း ဒါယိကာမကြီး ဒေါ်ရွက်သည် သံသရာမှ လွတ်မြောက်ရာ မြတ်နိဗ္ဗာန်သို့ ရည်သန် တောင့် တ လျှက် မြို့သူ မြို့သား လူအများတို့ သဒ္ဓါကြည်ရွှင် ဖူးမြင်နိုင်စေခြင်းငှါ စကျင်ကျောက်ဖြင့်ထုလုပ်ထားသော လျောင်းတော်မူ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတစ်ဆူကို မန္တလေး မြို့မှ ထုလုပ်၍ မီးရထားဖြင့် ပင့်ဆောင်ကာ ဘုရားကြီးတိုက်အတွင်း တန် ဆောင်းတော်ကြီး တစ်ဆောင်ဆောက်လုပ်ပြီး တည်ထားကိုးကွယ်ခဲ့ပါသည်။
ပေါင်းတည်မြို့ ဘုရားကြီးတိုက်အတွင်း ရှိ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွါး တော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၈၂-ခုနှစ် တွင် မန္တလေးမြို့မှ မီးရထား ဖြင့် ပင့်ဆောင်လာရာ ပေါင်းတည် ဘူတာသို့ ဝါခေါင်လပြည့်ကျော် (၆) ရက် နံနက် ၉ နာရီခွဲတွင် ရောက်ရှိခဲ့ပါသည်။ ဘုရားကြီးတိုက်အတွင်း တန် ဆောင်းတော်ကြီး သို့ ဝါခေါင်လပြည့်ကျော် (၈) ရက် နာရီ ၂ ချက်တီးတွင် စတင်ပင့်ဆောင်ရာ ဝါခေါင်လပြည့်ကျော် (၁၄) ရက် နေ့တွင် တည်ထား ကိုးကွယ်ရာပလ္လင်ထက်သို့ တင်ဆောင်ပြီးစီးသည်ဟု ကျောက်စာမှတ်တမ်း ရေးထိုးထားသည်ကိုတွေ့ရပါသည်။
လျောင်းတော်မူ ရုပ်ပွါးတော်ကြီး၏ အရွယ်အစားမှာ ဦးခေါင်းတော်လက်ထောက်သည့် တတောင်ဆစ်ကွေးထိပ်မှ ခြေဖျားတော်အထိ အလျား (၂ဝ) ပေခန့် ရှိပါသည်။
✸ ပေါင်းတည်မြို့ လျောင်းတော်မူဘုရားကြီး ၏ မော်ကွန်းကျောက်စာ✸
သကျနွယ်လာ၊ သွယ်သွယ်ဖြာသား၊ ကြွယ်စွာဂုဏ၊ တုမရ၍၊ သုခ ဘုန်းအင်၊ ဟုန်းဟုန်းထင်လျှက်၊ သုံးခွင်ရှိန်ငွေ့၊ ထိန်ထိန်ဝေ့သည်၊ စိန္တေ့ သတ္ထာ၊ စောမြတ်စွာသည်၊ ဆဓာ ကပ္ပ၊ သကတ်ရတွင်၊ ဘဒ္ဒမည်စွာ၊ ဤ ကမ္ဘာမှ၊ တီတာကာလ၊ ခါသမယ၌၊ စာဂရောင်တင့်၊ပြောင်ပြောင်ပွင့်သည်၊ နောင်ရှင့်ဒီပင်၊ဝစီတင်၍၊ကြည်ရွှင်ဖိတ်ဖိတ်၊ကြာတံဆိပ်ဖြင့်၊ဗျာဒိတ်နှင်းရာ၊ ယင်းအခါ၌၊ လင်းဖြာတေဇော်၊မဂ်ရေတော်ဖြင့်၊ဖွတ်လျှော်ကိလေ၊မရှိစေ၍၊
သိဝေပန်းခိုင်၊လက်လှမ်းကိုင်တို့၊စွမ်းနိုင်တုံသား၊ အဟုတ်ပွါးသည်၊ဘုံသား ဖြာဖြာ၊ သနားညှာကြောင့်၊ ပွါးခါမဂ္ဂင်၊ လက်လက်ထင်သည့်၊ ထက်ခွင်ပူရ၊ မယူချလျှက်၊ဖြူစွစာဂီ၊ပါရမီနှင့်၊အာသီသိတ၊ စရိယကို၊ ဝိရတင်ချွေ၊ ဘဝင် ကြွေမျှ၊ သင်္ချေလေးဖြာ၊ သိန်းကမ္ဘာဝယ်၊ ယိမ်းခါမယိုင်၊ ထိန်းပါနိုင်ကြောင့်၊ ခိုင်ခိုင်ဦးညွှတ်၊အမှုးတတ်လျှက်၊ထူးမြတ်ရွှေဉာဏ်၊အခြေသန်၍၊ဝေဘန်ထိုက်စွာ၊မြိုက်ဓမ္မာကို၊ တိုက်ခါကျွေးလှည့်၊ဖွေးဖွေးလဲ့အောင်၊ လေးဆယ့်ငါးဝါ၊တရားဖြာလျှက်၊များစွာလူရှင်၊ဆောင်ယူငင်၍၊ဖြူစင်ချမ်းမြ၊နန်းအမတသို့၊ လှမ်းကြွရှာပြီ၊ပါရမီမှု၊ စာဂီပြုသည်၊ စုစုဝေဏေ၊ များတထွေတို့၊ ပွါးစေ တွေးချီ၊ လေးစေတီကို၊ ဘေရီဟီးမျှ၊ နည်းနည်းပြကြောင့် ၊ ကြီးလှပိမ္ဗာ၊ ထိန်ထိန်ဖြာသည်၊ ရှိန်ဝါပေါင်းယူ၊ လျှောင်းတော်မူကို၊ ကောင်းသူစိတ်ကြံ
အဓိဋ္ဌာန်ဖြင့်၊နိဗ္ဗာန်ပေါ်ထက်၊ပျော်ပျော်တက်မည့်၊ဒေါ်ရွက်မည်ရ၊ကျောင်း
အမသည်၊ ပြောင်းကြွလေရာ၊ မသွေပါအောင်၊ ကျေငြာထံစွ၊ မန္တလမှ၊ လျှန်ကြွမြင့်မြောင်၊ပင့်ဆောင်ယူ၍၊လူ့ဘောင်ထွက်ရာ၊သက္ကရာဇ်၊ဧက်.ဒွါ.ဋ္ဌ.ခထ၊ကျအခါတွင်၊ပဘာပြောင်ပြောင်၊လဝါခေါင်ဝယ်၊ခွါရှောင်ခြောက်ရက်၊ ခါနံနက်၏၊ လျှံတက်ဖြာညီ၊ ကိုးနာရီနှင့်၊ ခွဲသည့်ကာလံ၊ ခါသမယံ၌၊ ဖြာ လျှံထင်မော်၊သခင်မော်သည်၊ရွှင်ပျော်ကြည်ဘို့၊ပေါင်းတည်မြို့၏၊စည်ပျို့တူစွာ၊ ရုံဘူတာသို့၊ ပူဇာသဘင်၊ ယူကာဆင်လျှက်၊ ထင်ထင်ညီလာ၊ ကွန့် ချီလာ၏၊ ချီလာချီလာ၊ ဤအခါမှ၊ စီကာစစ်ထွက်၊ ဆုတ်ရှစ်ရက်၏၊ နှစ် ချက်ချိန်မှာ၊ ထိန်ထိန်ဖြာမျှ၊ သိန်ဝါတင့်ပြောင်၊ ပင့်ယူဆောင်၍၊ မြူမှောင် ယှက်မှေး၊ဆုတ်ဆယ့်လေး၌၊ထက်ရှေးအခါ၊ထောင့်နှစ်ရာဖြစ်၊ရှစ်ဆဲ့နှစ်၌၊ ပြီးလစ်ဧကန်၊ဝေဇယန်သို့၊ထွေလျှံကောင်းခြင်း၊တံဆောင်းတွင်းဝယ်၊ခင်းကျင်းဆင်ယဉ်၊မြတ်ပလ္လင်သို့၊သခင်ဘုန်းမြတ်၊နှုံးမအပ်သည့်၊ သုံးရပ် ဆရာ၊ ဘဂဝါသည်၊ မဟာဂရု၊ ခါခါပြုလျှက်၊ သာဓုသတ္တာ၊ အမြတ်ရှာဘို့၊ ကပ်ခါကြွလျင်း၊ ကမ္ဘာချင်းအောင်၊ ဖြာဝင်းမောင်းပြက်၊ လျှောင်းကာစက် ၏၊ ပေါင်းလျှက်သေချာ၊ ထွေရာရာကို၊ ရှေ့စွာကာလ၊ အခါကျက၊ စာဂ မြတ်သူ ၊ နတ်နှင့်လူတို့၊မှတ်ယူစေငှါ၊ စေတနာဖြင့်၊ ထွေရှာကောက်ယူ၊ ကျောက်စာထူသည်၊ နောက်လူသိဘို့၊မော်ကွန်းတည်း ။ ။ ။
ပေါင်းတည်မြို့ ဘုရားဒါယိကာမကြီး ဒေါ်ရွက်၏ ကောင်းမှု ။ နိဗ္ဗာန်ဆု နတ်လူသာဓုခေါ်စေသောဝ် ။