********************************
✤ သကျမုနိမိုဃ်းကောင်းဘုရားကြီး ✤
✦အုတ်ဂန္ဓာကုဋီတိုက်တော်ကြီး✦
ဗိုလ်ကုန်းဆရာတော်ကြီး ဦးမာလာ နှင့် ရွှေကျောင်းကြီးတိုက်ဆရာတော်ကြီး ဦးဝိမလ တို့ဦးဆောင်မှုဖြင့် သကျမုနိမိုဃ်းကောင်းဘုရားကြီးကို အောင်မြင်စွာတည်ထား ကိုးကွယ်ပြီးနောက် ဘုရားဖူးများမှာ တိုးတက်များပြားစည်ကားလာလေသည်။ ဘုရားကိုယ်တော်မြတ်ကြီးကိုတည်ထားပြီးသော်လည်း ယာယီ ဂန္ဓာကုဋီ တိုက်ဖြင့်သာ စံမြန်းနေရ သည်။ ဆရာတော်ကြီးများ၏ တပည့်ဒါယကာရင်းဖြစ်ပြီး ဘုရားကိုယ်တော်မြတ်ကြီးကိုသွန်းလောင်းရာတွင် ခေါင်းဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သောသစ်ခေါင်းကြီး ဦးတောက်ကြီး နှင့် ဇနီး ဒေါ်စိန်ဥတို့သည် လွန်စွာ သဒ္ဓါကြည်ညိုတက်ကြွ၍ ကြီးကျယ်ခန်းနားသော အုတ်ပြဿဒ် ဂန္ဓကုဋီ တိုက်ကြီးဆောက်လုပ်လှူဒါန်းပူဇော်ရန် စီမံကြရာ ဆွေသားမျိုးသား သစ်ခေါင်းများကလည်း အားကျိုးမာန်တက် ကူညီကြသည့်အပြင် ထူးမြတ်သောကောင်းမှုကြီးအတွက် အလှူငွေများပါဝင်လှူဒါန်းကြလေသည်။ ၁၂၆၀-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၄)ရက် နံနက် ကောင်းမြတ်သော အချိန်နာရီတွင် မင်္ဂလာပန္နက်တော်ကိုရိုက်၍ စတင်တည်ဆောက်ရာ ၁၂၆၂-ခုနှစ် နယုန်လဆန်း (၁၄) ရက်နေ့တွင် အုတ်ပြဿဒ်တို့ဖြင့်ပြီးသော အုတ်ဂန္ဓာကုဋီ တိုက်ကြီး ပြီးစီးအောင်မြင်လေ၏။ ဘုရားဒါယကာ ဦးတောက်ကြီးမှာ ဆရာတော်ကြီး ဦးဝိမလ ၏ ဩဝါဒကိုခံယူ၍တည်ဆောက်သည်ဖြစ်ရာ ရဟန်းရှင်လူအပေါင်းတို့ မှာ များစွာ နှစ်သက်ကြည်နူးကြ၏ ။ အုတ်ပြဿဒ်ကြီး ပြဿဒ်ငယ် အသွယ်သွယ်တို့အပြင် လွန်စွာခန့်ညားသောအုတ်တိုင်ကြီးများဖြင့် တန်ဆာ ဆင်ကာ ဆောက်လုပ်ထားသော ကြက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသော ဂန္ဓာကုဋီ တိုက်တော်ကြီးတည်ဆောက်မှုမှတ်တမ်းကို ကျောက်စာရေးထိုး မှတ်တမ်းတင်ထား၏။
✦ကျောက်စာ၏မိတ္တူ✦
[ရွှေကျောင်းကြီးတိုက်အရံတွင်သကျမုနိမိုဃ်းကောင်းဘုရားကြီး ကျိန်းဝပ်တော်မူသောအုတ်ကျောက်အင်္ဂတေတို့ဖြင့်ပြုလုပ်အပ်သော ဤ မဟာတန်ဆောင်းတော်ကြီးကို၁၂၆၀-ခုတန်ဆောင်မုန်းလ္ဆုတ်(၁၄)ရက် နေ့မင်္ဂလာပန္နက်ရိုက်နှက်ရာ၁၂၆၂-ခုနှစ်နယုန်လဆန်း(၁၄)ရက်နေ့တွင် အပြီးလက်စသတ်သဖြင့်ဤကောင်းမှုတော်ကြီးအတွက်ကုန်ကျသည့်မူလ အရင်းခံငွေပေါင်း(၁၈၀၄၃-ကျပ်)(၁၂ပဲ)နောက်ထပ်ကုသိုလ်ဝင်ကြသော အလှူငွေစာရင်းကိုမထည့်သွင်းပဲချန်လှပ်ထားရှိပါသည်။ဤကောင်းမှုကို အကြီးဥက္ကဌပြုလုပ်၍နည်းနာနိသျှနှင့်တကွကျနသေခြာအောင်ပြသစီရင် သူမူလအရင်းအမတည်ဖြစ်သောတန်ဆောင်းမင်းဒါယကာသစ်ခေါင်းမင်း ဦးတောက်ကြီး-သစ်ခေါင်းကတော်ဒေါ်စိန်ဥ]
********************************
********************************
********************************
*********************************
*********************************
***********************************
************************************
*******************************
******************************
******************************
********************************
**********************************