Wednesday, March 18, 2015

"ပေါင်းတည်ဘူတာ"






   *******************

     🚉 ပေါင်းတည်ဘူတာ 🚉
      ︼︼︼︼︼︼︼︼
        ( Since - 1877)

   ♪ ♫ ♬ ♭မွေးမြေရပ်ကို… အမြန်ရထား…
 ဆိုက်ရောက်ချိန်  ♩ ♬ ♭ရထားပေါ်ကဆင်း နှင်းကြားမှာ ♪ ♫… 

   ငယ်စဉ်က ကျောင်းတက်သွားလျှင် ဒီရထားကြီး စောင့်ပြီးစီးနေကျ … 
  ရထားစထွက်လို့ ဆွဲလိုက်တဲ့ ရထားဥသြသံရှည်ကြီးက …

   🔊) ပေါ်)))))…ပူ)))))

    လိုက်ပို့သူ ထွက်ခွါသူ လက်ကလေးတွေပြကြ
   ရထားကဆင်းသူ လာကြိုသူတွေ ရှာကြအော်ကြ

   💧 ရေရမယ်… ရေ… 💧

     ရေကုသိုလ် … သည်လေးတွေ … ရေအိုးလေးတွေရွက်ပြီး ရထားတွဲတလျှောက် ခေါက်တုံ့ခေါက်ပြန်ပြေးလွှားကြ …

     ဒီရထားလမ်းကြီးက မြန်မာပြည်မှာ ပထမဆုံး ဖောက်လုပ်ခဲ့သော ရန်ကုန် > ပြည် မီးရထားလမ်းကြီးပါ ။ ရန်ကုန်မြို့မှ ပြည်မြို့ထိ ၁၆၃မိုင် ရှည်သည့်မီးရထားလမ်းကို အင်္ဂလိပ်အစိုးရက 1877 ခုနှစ် မေလ ကိုလိုနီခေတ် တွင်ဖောက်လုပ်ပြီးစီးခဲ့သည် ။
    ထို့ကြောင့် ပေါင်းတည်ဘူတာသည်လည်း မြန်မာပြည်၏ အစောဆုံး မီးရထားဘူတာရုံများစာရင်းဝင်ဖြစ်ခဲ့သည်။ လာမည့် 2015 ခုနှစ် မေလ ဆိုလျှင် သက်တမ်း ၁၃၈ နှစ် ရှိပါပြီ။ပေါင်းတည်မြို့သည်  ရန်ကုန်မြို့မှ မီးရထားလမ်း ၁၂၉.၅  မိုင်ခရီးရှိပါသည် ။ 
      တချိန်က ပေါင်းတည်ဘူတာသည် အတော်စည်ကားသည့်နေရာတစ်နေရာဖြစ်ခဲ့ပါသည် ။ ယခုလို အဝေးပြေး Express ကားများမပေါများသေးတော့ ခရီးသွားများက မီးရထားကိုအားကိုးကြရသည်။ ဘူတာရုံထဲမှာ စာအုပ်မျိုးစုံဝယ်လို့ရတဲ့ စာအုပ်ဆိုင်ကြီးလည်းရှိသည်။ လဘက်ရည်ဆိုင်လည်းရှိသည်။ ခေါင်းရွက်ဖြင့်လိုက်ရောင်းသောဒေသထွက် မုန့်ပဲသွားရည်စာရောင်းသည့်ဈေးသည်များလည်းရှိသည်။ ဘူတာရုံအထွက်မှာ တန်းစီပြီးဂိတ်ထိုးထားတဲ့ ဧည့်ကြိုဆိုက္ကားများ … ပါစင်ဂျာစောင့်ရင်း မြေကြီးမှာ အကွက်ချပြီး ခဲလုံးနဲ့ကျားထိုးနေကြသည့် ဆိုက္ကားဆရာများ … ကုန်တင် ကုန်ချ လုပ်သားများ … လူပေါင်းစုံ မြင်ကွင်းပေါင်းစုံ တွေ့နိုင်သည်။ ရထားလမ်းများ၏အခြားတဖက်တွင် တွဲပေါ်တင်ရန်စုပုံထားသော သစ်လုံးများ ၊ သာယာဝတီပန်းကန်စက်ကိုပို့မည့် မြေဖြူပုံကြီး တို့ရှိသည်။

   ယခင်က လက်ပံတန်း > ပြည် ပြေးဆွဲသော လော်ကယ်ရထား ရှိခဲ့သည်။ ကျောက်မီးသွေးစက်ခေါင်းဖြင့်မောင်းနှင်ခဲ့သည် ။ တူးးးးးးး ……… တူးးးးး ဟု အော်မြည်ကာ ရှူး… ရှူး … ရှဲ … ရှဲ… မီးခိုးတလူလူနှင့် ဘူတာဝင်လာလျှင် အဝေးကြီးကကြားရသည်။

     ရန်ကုန် > ပြည်  အမြန်ရထား ၊ စာပို့ရထား များလည်းပြေးဆွဲခဲ့သည်။ အမြန်ရထား နှင့် စာပို့ရထားတွေကတော့ ဒီဇယ်ခေါင်းများ ဖြင့် ပြေးဆွဲခဲ့သည် ။ ယခုပြေးဆွဲနေသောခရီးစဉ်များကတော့ 

  ရန်ကုန် > ပြည် အစုန်-အဆန် အမြန်ရထား 
  
   ရန်ကုန် > ပြည် အစုန်-အဆန် စာပို့ရထား
  
   ရန်ကုန် > ပုဂံ  အစုံ-အဆန် အမြန်ရထား
  
   လက်ပံတန်း > ပြည်  အစုန်- အဆန် ကားရထား 
    အထက်ပါခရီးစဉ်များကို ပေါင်းတည် မီးရထားဘူတာမှ လိုက်ပါ စီးနင်းနိုင်ပါသည် ။

   [ ကိုးကား > U Tun Nyunt (T.P.S)ပေါင်းတည်သမိုင်း ၊ 
http://en.m.wikipedia.org/wiki/History_of_rail_transport_in_Burma
]

U Ko Chit (19-3-2015 _ 1:00 am)

No comments:

Post a Comment