Wednesday, February 18, 2015

"ပေါင်းတည်မြို့ မြို့ကြီးရွာ ရပ်တော်မူ ရွှေကျွန်းတစ်တုံးဘုရားကြီး"

"ပေါင်းတည်မြို့ မြို့ကြီးရွာ ရွှေရပ်တော်မူ ကျွန်းတစ်တုံး ဘုရားကြီး "




        ရွှေကျွန်းတုံးဘုရား ခေါ် ရွှေရပ်တော်မူကျွန်းတစ်တုံး ဘုရားကြီးသည် ပေါင်းတည်မြို့၏ မြောက်ဘက် (၅) မိုင်ခန့်အကွာ ဘုရားငါးဆူအုပ်စု ၊ မြို့ကြီးရွာ ဘုန်းတော်ကြီးကျောင်း ဝင်းအတွင်းတွင်တည်ရှိပါသည် ။
        ကောဇာသက္ကရာဇ် ၁၂၈၉- ခုနှစ် သီတင်းကျွတ်လပြည့်ည၌ မြို့ကြီးဘုန်းတော်ကြီးကျောင်း ပထမဆရာတော်ဘုရားကြီး ဦးကိတ္တိ အား နတ် သိကြားများမှ အိပ်မက်ပေးခဲ့ပါသည် ။ 
          အိပ်မက်မြင်မက်ပုံမှာ `ကျောင်းရှေ့ဥပစာ၌ ရွှေရပ်တော်မူဘုရားတည်ထားကိုးကွယ်လျှင် ဘုန်းတန်ခိုးကြီးမားခြင်း ကုသိုလ်တရားတိုးပွါးခြင်း ၊ သုဂတိသို့လားရခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ကိုရခြင်း၏အထောက်အပံ့ဖြစ်ခြင်း စသောကောင်းကျိုးချမ်းသာတို့နှင့်ပြည့်စုံမည်´ ဟု အိပ်မက်မြင်မက်ခဲ့ပါသည်။ 
           သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ရပ်ရွာလူကြီးများကိုစည်းဝေးစေပြီး ဆရာတော်ဘုရားကြီး၏အိပ်မက်မြင်မက်ပုံကိုမိန့်တော်မူသည်။ ရပ်ရွာလူကြီးများကလည်း အားရဝမ်းသာတိုင်ပင်ဆွေးနွေးကာ ပေါင်းတည်မြို့မှသစ်ကုန်သည်များ တင်ယူလို့မလွယ်ကူ(အလွန်ကြီးမားလွန်း၍)သည့် ကျွန်းတုံးကြီးကို ဒကာကြီးဦးကျောက်က သစ်ကုန်သည်ကြီးဦးဘိုးဘေ (အဘ-ဦးတောက်) ထံမှဝယ်ယူခဲ့သည် ။ တန်ဘိုးငွေကို ဦးဘိုးရှင် ၊ ဒေါ်စိန်ကြီးတို့ကလှူဒါန်းခဲ့ပါသည် ။ သစ်တုံးကြီးပမာဏမှာ (အလျား ၃၆ပေ၊ အချင်း ၁၀ပေ၊ လုံးပတ် ၃၀ပေ) သစ်တန်(၄၀)ခန့်ရှိပြီး တစ်တန်လျှင် ငွေဒင်္ဂါး(၁၀)နှုံးဖြင့် ဝယ်ယူလှူဒါန်းခဲ့ပါသည်။ 
         ကျွန်းတုံးကြီးတည်ရာဌာနကား ပေါင်းတည်မြို့၏ အရှေ့မြောက်ယွန်းယွန်း အင်တိုင်းဆင်းရွာပတ်ဝန်းကျင် တောထဲတွင်ရှိသည်ဟု သစ်ကုန်သည်ကြီးဦးဘိုးဖေကညွှန်းဆိုသည် ။ ဂင်တိတ် ကျွဲလှည်း(၂)စီး(ဂျပ်ပိန်းဘီးတပ်) ကို ပေါင်းတည်ဘူတာရုံရှေ့အိမ်မှရ၍စေတနာနှင့်ကူညီလှူဒါန်းသည်ကို ဦးတောက်ကစီစဉ်ပေးသည် ။ အင်တိုင်းဆင်းရွာမှ ကျွဲသန်သန်ကြီး ၂ ရှင်းတို့ဖြင့်ကုသိုလ်ပါဝင်လှူဒါန်းခဲ့သည်။ 
         ၁၂၈၉-ခု တပို့တွဲလပြည့်နေ့ နံနက် (၅)နာရီအချိန်တွင် ကျွန်းသစ်တုံးကြီးတည်ရှိရာ အင်တိုင်းဆင်းရွာသို့ မြို့ကြီးဆရာတော်ဦးကိတ္တိနှင့် တပည့်ဒါယကာ(၃၀)ခန့်တို့က ရှေ့ကလမ်းဖောက်သူဖောက် နောက်ကဆရာတော်၏လှည်း ထိုနောက်မှ တပည့်ဒါယကာများ၏လှည်းများစီတန်းကာ ထွက်ခွါကြရာ နံနက် (၇)နာရီခန့်တွင်ရောက်ရှိကြလေသည်။ အင်တိုင်းဆင်းရွာခံတို့၏အကူအညီဖြင့် တောထဲတွင် ချုံနွယ်ဝါးရုံများ ဖုံးအုပ်နေသော ကျွန်းသစ်တုံးကြီးကို ရှာဖွေတွေ့ရှိပြီးနောက် လူအင်အား(၃၀) တို့ဖြင့် မြေညီရောက်သည်အထိ လှိမ့်ယူကြပြီး ဆရာတော်ဦးကိတ္တိက ကျောင်းမှပင့်ဆောင်လာသော "ဓာတ်တော် (၃)ဆူ" ကိုကျွန်းတုံးကြီးအတွင်းဌာပနာ၍ အဓိဋ္ဌာန်တော်မူခဲ့ပါသည် ။
     ဆရာတော်မှ အဓိဋ္ဌာန်ပြီးသောအခါ ကျွန်းတုံးကြီးကိုလှည်းပေါ်သို့ လွယ်ကူချောမောစွာ တင်နိုင်ခဲ့ကြသည်။ နေရောင်မှာလည်း မွန်းတည့် မွန်းလွဲမှာပင် မပူပြင်းဘဲ အပူဒါဏ်သက်သာစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ပေသည်။ 
      နေ့လည် (၁)နာရီခန့်တွင် လှည်းနှစ်စီးဖြင့်တင်ထားသော ကျွန်းတုံးကြီးကို စတင်သယ်ယူရာ အင်တိုင်းဆင်းရွာသားများက ခြောက်လုံးပြူးရွာအထိ လိုက်ပါပို့ဆောင်ပေးကြလေသည်။ ထိုနည်းတူပင် မဲခေါင်း ၊ သရက်ကုန်း၊ အင်းကြီး၊ မကျီးကုန်းတို့မှ ဒကာများကလည်း အဆင့်ဆင့် လိုက်ပါပို့ဆောင်ကူညီလျှက် ကုသိုလ်ပြုခဲ့ကြသည် ။ ကျွန်းတိုင်းရွာသို့ ညနေ ငါးနာရီခန့်တွင်ရောက်ကြသည် ။ ရွာသူရွာသားများ၏လျှောက်ထားချက်ကြောင့် ကျွန်းတိုင်းရွာတွင် တစ်ညတာ နား၍ ပူဇော်ခံပါသည်။ ရွာသူရွာသားများက ကောက်ညင်းပေါင်းနှင့် ဒါနပြုကြ၏။ 
      နောက်တစ်နေ့ တပို့တွဲလပြည့်ကျော်(၁)ရက် နံနက်တွင် ခရီးဆက်ကြရာ ခေမံရွာသို့ရောက်ပြီးနောက် နံနက် (၉)နာရီခန့်တွင် မြို့ကြီးရွာသို့ ဆိုက်ရောက်ခဲပါသည်။ 
        ၁၂၈၉ - ခုနှစ်၊ တပေါင်းလတွင်ပေါင်းတည်မြို့နေ ဦးစိန်(မန္တလေးသား)က မန္တလေးမြို့မှ နာမည်ကျော်ပန်းပုဆရာကြီး ဦးဘဇင်နှင့် တပည့်များကိုငှါးပေးခဲ့သည် ။ 
  ဥာဏ်တော် (၁၈) တောင် ပေအားဖြင့် (၂၇)ပေ မြင့်၏ ။
  လက်ခ တန်ဘိုးမှာ တစ်တောင်လျှင် ငွေဒင်္ဂါး(၁၀၀)နှုံးဖြင့် ငွေဒင်္ဂါး(၁၈၀၀) ကုန်ကျခဲ့ပါသည်။ 
       ဘုရားကြီးကိုထုလုပ်ပြီးသောအခါ သူကြီးဟောင်း ဦးဘိုးရှင် ၊ ဒေါ်စိန်ကြီးတို့နှင် ဦးမောင်လေး(ပေါင်းတည်)တို့က ရွှေသင်္ကန်းများကပ်လှူပူဇော်ကာ ဓမ္မာရုံကြီးတည်ဆောက်လှူဒါန်းလျက် သာသနာတော်နှစ် ၂၄၇၃-ခုနှစ် ကောဇာသက္ကရာဇ် ၁၂၉၁ - ခုနှစ်တွင်တည်ထားကိုးကွယ်တော် မူခဲ့ကြပါသည်။ 
       ဟောင်းနွမ်း ယိုယွင်းပျက်စီးနေသော တိုက်နံရံ များကို မြို့ကြီးကျေးရွာနေ ပန်းရံဆရာကြီး ဦးရွှေရ ၊ ဒေါ်ချော သားသမီး မြေး မြစ် တစ်စုတို့က ၁၃၆၀-ခုနှစ် ဝါခေါင်လတွင် ပြုပြင် လှူဒါန်းခဲ့ပါသည် ။  
   ယခုအခါတွင် ကပ်ကျော်ဆုတောင်းပြည့် "ရွှေရပ်တော်မူကျွန်းတစ်တုံးဘုရားကြီး" ဟု အမည်တွင်လျှက်ရှိပြီး ရပ်ဝေး ရပ်နီး မှ ဘုရားဖူးဧည့်သည်များ နှင့်စည်ကားလျှက်ရှိနေပါသည် ။

  [ကိုးကား > မြို့ကြီးကျောင်း တတိယ ဆရာတော် အရှင်ညာဏောဘာသ ရေးသားသော "ရွှေရပ်တော်မူ ကျွန်းတစ်တုံးဘုရားကြီး" သမိုင်းအကျဉ်း မှတ်စု ]

No comments:

Post a Comment