Wednesday, November 26, 2014

"ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက် အာဂမဇောတိကာရုံစာသင်တိုက်"







     ပေါင်းတည်မြို့ပေါ်ရှိ ရှေးအကျဆုံး သာသနာ့နယ်မြေဖြစ်သော ရွှေကျောင်းကြီးတိုက်အတွင်း ပါဝင်သည် ။
ရွှေကျောင်းကြီးတိုက် ဝင်းအတွင်းတွင်ရှေးအခါက ကျောင်းများစွာတည်ရှိခဲ့ဘူး၏ ။ လက်လှမ်းမှီသလောက်ရှာဖွေလေ့လာကြည့်ရာ 
  ၁။ သဒ္ဓမ္မဇောတိကာရုံကျောင်း 
  ၂။ အာဂမဇောတိကာရုံကျောင်း 
  ၃။ သာသနာ့ဇောတိကာရုံကျောင်း 
  ၄။ မင်္ဂလာကျောင်းသစ် 
  ၅။ ဝေဠုဝန်ကျောင်း 
  ၆။ ပြည်လုံးချမ်းသာကျောင်း
  ၇။ ရန်ကုန်ကျောင်း 
  ၈။ ဓမ္မမာလာကျောင်း
  ၉။ မန္တလေးကျောင်း 
၁၀။ မဟာအောင်မြေကျောင်း 
၁၁။ တမာပင်ကျောင်း 
၁၂။ လေးထပ်ကျောင်း 
၁၃။ မဲခေါင်းကျောင်း 
၁၄။ ရုပ်စုံကျောင်း 
၁၅။ ကန်ဦးကျောင်း 
၁၆။ ပြည်ကျောင်း 
၁၇။ အသင်းကျောင်း 
  စသည့်ကျောင်းများကိုစုပေါင်းကာ ရွှေကျောင်းကြီးတိုက်ဟုခေါ်တွင်ခဲ့ကြသည် ။ကျောင်းတိုက်ဝင်းအတွင်း သိမ် တစ်ခုသာသမုတ်ထားသည် ။ ကထိန်ခင်းလျှင်လည်း ထိုဝင်းအတွင်းရှိကျောင်းများအားလုံးအတွက် တစ်ကြိမ်သာခင်းရသည် ။ 
   ရွှေကျောင်းကြီးတိုက်အတွင်းရှိ သာသနာ့ဇောတိကာရုံကျောင်း ခေါ် ငှက်ပျောတောကျောင်းတွင် ဆရာတော်ကြီး ဦးဝိဇယ သီတင်းသုံးတော်မူစဉ် တပည့် လက်ထောက် ဆရာတော် ဦးကုဏ္ဍလ သည်လည်း အတူ သီးတင်းသုံးနေထိုင်ခဲ့၏ ။ 
    ထိုစဉ်က မင်းသားကြီးကန် အနောက်ဘက် တွင် ကျောင်းထိုင်မရှိသော အသင်းကျောင်းဟုခေါ်တွင်သည့် ကြက်ခြေခတ်ပုံ အဆောင်ဖွဲ့၍ဆောက်ထားသော သစ်သားကျောင်းလေးတစ်ကျောင်းရှိ၏ ။ ဥပုဿ်နေ့များတွင် သီလယူကြသော လူကြီးများ ဤကျောင်းကလေးပေါ်တွင် အနားယူရင်း တရားဆွေးနွေးကြသည်ဟုဆို၏။ ဆရာတော် ဦးကုဏ္ဍလ သည်ဥပုဿ်နေ့များတွင် ထိုအသင်းကျောင်းလေးတွင် ဥပုသ်သည်များကိုသီလပေးရန်ကြွရောက်လေ့ရှိရာမှ နောင်တွင် ကျောင်းထိုင်အဖြစ်သီတင်းသုံးနေထိုင်ခဲ့သည်ဆို၏ ။ ကြက်ခြေခတ်ပုံကျောင်းဆောင်ကိုအစွဲပြု၍ စင်္ကြာကျောင်းဟု အမည်တွင်ခဲ့၏ ။ ဤစင်္ကြာကျောင်းမြေနှင့်တပြေးတည်းတစပ်တည်းနေရာတွင် ယခင်က ဆရာတော်ကြီး ဦးပဏ္ဍိ ကျောင်းထိုင်ခဲ့သောရုပ်စုံကျောင်းရှိခဲ့ဘူး၏ ။ ဒုတိယကမ္ဘာစစ်မီးကြောင့် ဗုံးဒဏ်ထိကာပြိုပျက်သွားခဲ့ရသည်ဆို၏ ။ နောင်အခါ ထိုရုပ်စုံကျောင်းနေရာတွင် ကျောင်းဒါယကာကြီး ဦးသန်းရွှေ (၂ လမ်း)က မူလစင်္ကြာကျောင်းပုံစံကဲ့သို့ အဆောင်လေးဘက်ထွက် တိုက်ကျောင်းတစ်ဆောင်ကို ၁၃၁၃ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ပါသည် ။ 
      ထို့ပြင် ကန်ဦးကျောင်းသည်လည်း မြေနေရာတစပ်တည်းရှိခဲ့ရာ နောင်အခါ ကန်ဦးကျောင်းတွင် ကျောင်းထိုင်မရှိတော့သည့်အတွက် တိုက်သံဃာတို့၏သဘောတူညီချက်ဖြင့် အာဂမဇောတိကာရုံကျောင်းတွင်ထည့်ပေါင်းလျှက် ယခုအခါ ထိုကန်ဦးကျောင်း နေရာနှင့် ပြိုပျက်စပြုနေပြီဖြစ်သောဘုရားတိုက်အဟောင်းကိုဖျက်၍ သာသနာ့ဗိမ္မာန် နှစ်ထပ်ကျောင်းကြီးတည်ဆောက်ထားပါသည်။
      နောက်ထပ် ဤသို့တစပ်တည်းရှိသော မဟာအောင်မြေကျောင်းသည်လည်း ကျောင်းထိုင်အဆက်ပြတ်သဖြင့် ထိုမဟာအောင်မြေကျောင်းနေရာကို အလယ်တွင်လမ်းနေရာခြားလျှက် တစ်ခြမ်းကိုအာဂမဇောတိကာရုံကျောင်းနှင့်ပေါင်းပြီးကျန်တစ်ခြမ်းကို ဓမ္မမာလာကျောင်းနှင့်ပေါင်းခဲ့ပါသည် ။ 
      ထို့ကြောင့် ယခုလက်ရှိ အာဂမဇောတိကာရုံကျောင်းတိုက်သည် အသင်းကျောင်းခေါ်စင်္ကြာကျောင်း ၊ ရုပ်စုံကျောင်း၊ ကန်ဦးကျောင်း၊ မဟာအောင်မြေကျောင်းတစ်ခြမ်း တို့ပေါင်းစပ်ထားသောမြေနေရာဖြစ်ပါသည် ။
   ဆရာတော်ကြီးဦးကုဏ္ဍလ မကျန်းမမာဖြစ်လာသောအခါ တပည့်ဖြစ်သူ ပုတီးကုန်းသိုက်တောကျောင်းမှ ဆရာတော်ဦးကောဏ္ဍည မှလိုက်၍ပြုစုစောင့်ရှောက်ပေးခဲ့ရ၏ ။ ထို့နောက် ဆရာတော်ကြီးဦးကုဏ္ဍလ ပျံလွန်ပြီးလေသော် ကျောင်း၏ဥပါဌာက ဒါယကာများ၏ပင့်လျှောက်ချက်အရ ဆရာတော်ဦကောဏ္ဍည မှ ဆက်၍ ကျောင်းထိုင်ခဲ့ပါသည် ။ ဆရာတော်ကြီးဦးကုဏ္ဍလ ကျောင်းစထိုင်ကတည်းက စာသင်သံဃာများ မွေး၍ စာသင်တိုက်အဖြစ်ရပ်တည်ခဲ့ရာ ဆရာတော်ဦးကောဏ္ဍည လက်ထက်တွင်လည်း ဆက်လက်ပြီး ပရိယတ္တိ လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်ခဲ့ပါသည် ။ ကျောင်းတိုက်အမည်ကိုလည်း ဆရာတော်ကြီးဦးကောဏ္ဍည လက်ထက်တွင် အာဂမဇောတိကာရုံစာသင်တိုက်ဟု ခေါ်တွင်ခဲ့ပါသည် ။ အရပ်ထဲမှာတော့ စင်္ကြာကျောင်းဟုလူသိများလေ၏ ။ 
   ဆရာတော်ဦးကောဏ္ဍည စတင်ကျောင်းထိုင်သည်မှာ ၁၃၂၃ ခုနှစ်ဖြစ်သည်ဟုသိရပါသည် ။ ဆရာတော်ကြီး ဦးကုဏ္ဍလ ကျောင်းစတင်ထိုင်သည့်ခုနှစ်ကိုမူ မှတ်တမ်းမတွေ့ရပါ ။ ဆရာတော်ဦးကောဏ္ဍည ကျောင်းစထိုင်စဉ်ကပင် တိုက်အုပ်ဆရာတော် ဦးပညာဝံသ သည် ဆရာတော်နှင့်အတူ ကျောင်းတိုက်သို့ရောက်ခဲ့သည်ဟုဆို၏ ။
  ဆရာတော်ဦးကောဏ္ဍညသည် ၁၃၆၆ ခုနှစ်တွင် ပျံလွန်တော်မူပြီးနောက် တိုက်အုပ်ဆရာတော် ဦးပညာဝံသ ကဆက်လက်၍ ကျောင်းထိုင်ဆရာတော်အဖြစ် အုပ်ချုပ်ကာစာသင်သံဃာ ( ၁၀၀  )ကျော်ဖြင့် ပရိယတ္တိသာသနာတာဝန်များကိုထမ်းရွက်လျှက်ရှိပါသည် ။
      ဤမှတ်စုရေးသားနိုင်ရန် မေးသမျှစိတ်ရှည်စွာဖြေကြားပေးပါသော အာဂမဇောတိကာရုံကျောင်းပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာဝံသ(သဒ္ဓမ္မဇောတိကဓဇ) ၊ အချက်အလက်များကူညီရှာဖွေပေးသောစာချဆရာတော် ဦးဃောသီတ(သာသနာ့ဓဇဓမ္မာစရိယ) တို့အား အထူးကျေးဇူးတင်ရှိပါသည်။

[ကိုးကား>အာဂမဇောတိကာရုံကျောင်းဆရာတော် ဘဒ္ဒန္တပညာဝံသ ၏ပြောပြချက်များ ၊ အာဂမဇောတိကာရုံကျောင်းရွှေရတုမဂ္ဂဇင်း]

Monday, November 24, 2014

"စာပေဝါသနာ အစဉ်အလာကောင်းသောမြို့"

မြန်မာသက္ကရာဇ် ၁၃၁၇ ခုနှစ်က စာဆိုတော်ပွဲဘိတ်ကြားစာ
ယခုမြို့မ အ.ထ.က ကျောင်း

~~~~~~~~~~~~~~~~~~~~~~~~~~

2013 ခုနှစ် စာပေဟောပြောပွဲ 
ဘိုးဘွားရိပ်သာ ပေါင်းတည်
~~~~~~~~~~~~~~~~~~~~~~
  
   တန်ဆောင်မုန်းလကုန်ပြီး နတ်တော်လသို့ရောက်လာခဲ့ပြီ နိုင်ငံအနှံ့ မြို့ရွာအသီးသီးတွင် စာဆိုတော်နေ့ ဟောပြောပွဲများကျင်းပကြသည် ။ ကျွန်တော်တို့ ပေါင်းတည်မြို့မှာလည်း စာပေဝါသနာရှင်များ ပေါင်းတည်သားစာရေးဆရာကြီးများကဦးဆောင်ပြီး နှစ်စဉ် သင့်တော်သည့်ရက်တစ်ရက်တွင် စာပေဟောပြောပွဲများလုပ်ခဲ့ကြသည် ။ 
    စာဆိုတော်လ တွင်သာမက ကြားကာလများမှာပင် ပေါင်းတည်သားစာရေးဆရာကြီး ဦးသိန်းလွင်(အင်္ဂလိပ်စာ) ၏ဆက်စပ်ဖိတ်ကြားချက်ဖြင့် အစိုးရအထက်တန်းကျောင်း တွင်သော်လည်းကောင်း ဘိုးဘွားရိပ်သာတွင်သော်လည်းကောင်း နိုင်ငံကျော် စာရေးဆရာကြီးများ လာရောက်ဟောပြောလေ့ရှိသည် ။ ဟောပြောပွဲတိုင်း ပရိတ်သတ်အပြည့်ရှိ၏ ။ 
    ကျွန်တော်တို့မြို့သားတွေ ဘယ်အချိန်ကတည်းက စာဆိုတော်ပွဲများကို အလေးထားကျင်းပခဲ့ကြသလဲဆိုတာ လက်လှမ်းမီသလောက် လေ့လာကြည့်ရာ … 
   ကျွန်တော်လက်လှမ်းမီသမျှ အစောဆုံးအနေနှင့် တွေ့ရသည်မှာ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရေးသားသောဆောင်းပါးတစ်ပုဒ်တွင် ဒုတိယကမ္ဘာစစ်ကြီးပြီးကာစ ၁၉၄၅ ခုနှစ်လောက်ကပင် စာပေဝါသနာကြီးသူ စာရေးဆရာများ စုစည်းမိကြသည် ။ ထိုပုဂ္ဂိုလ်များသည် နောင်အခါ နိုင်ငံကျော်စာရေးဆရာကြီးများဖြစ်လာခဲ့ကြ၏ ။ ထိုစဉ်က မိမိရေးသားထားသော ဝတ္ထု ဆောင်းပါး ကဗျာ များကို ပုံနှိုပ် ခြင်းမပြုလုပ်နိုင်သေးသော်လည်း ဗလာစာအုပ်မှာ လက်ရေးဖြင့်ရေးကာ ကိုယ်ပိုင်ဝတ္ထု မဂ္ဂဇင်းများဖန်တီးခဲ့ကြရသည်ဆို၏ ။ ထိုသူများသည် အများအားဖြင့် စစ်ပြီးစ ပေါင်းတည်မြို့မကျောင်းသားကြီးများဖြစ်ကြ၏ ။ ၁၉၄၅ ခုနှစ်တွင် စာဆိုတော်ပွဲ မလုပ်ဖြစ်ခဲ့ကြသော်လည်း စုစည်းမိခဲ့ကြ၏ ။ 

   ၁၉၄၆ ခုနှစ်မှာတော့ မြို့မကျောင်းတွင် စာဆိုတော်ပွဲ စလုပ်နိုင်ခဲ့ကြသည် ။ ပြဇာတ်များ အော်ပရာများ ပါ ထည့်သွင်းတင်ဆက်နိုင်ခဲ့ကြသည်ဆို၏ ။ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ငယ်စဉ်ကျောင်းသားဘဝ စာဆိုတော်ပွဲတွင် တင်ဆက်ကပြခဲ့သော `စီးကရက်´ ဆိုသည့်ပြဇာတ်ကို ထိုအချိန်က ကျောင်းအုပ်ဆရာကြီးဦးထူးရွှေကပင် ဖွင့်ဟချီးမွမ်းခဲ့ရသည်ဆို၏ ။ ထိုအချိန်တည်းက ပေါင်းတည်သားနိုင်ငံကျော်စာရေးဆရာကြီးများပေါ်ထွန်းနေပြီဟုသိရ၏ ။ စစ်ပြီးခေတ်`သွေးသောက်´ မဂ္ဂဇင်းတွင် ကဗျာဆရာ`ထွန်းနေနွယ်´ဦးထွန်းလွင်၊ ၁၉၄၇ ခုနှစ်တွင်ထွက်ပေါ်လာသော `ရှုမဝ´မဂ္ဂဇင်းတွင် `ဘရန်ဒီတစ်ပုလင်း´ဝတ္ထုမှစကာ ထူးခြားပြောင်မြောက်သော ဟာသ ဝတ္ထုများဖြင့် ဆက်တိုက်ထွက်ပေါ်လာသော `ဆရာကြီးသော်တာဆွေ´ဦးကြင်ဆွေ ၊ `ယုဝတီမာလာသိန်း´ဟုထင်ရှားလာသော ဒေါ်ခင်သိန်း ၊ ဆောင်းပါးများရေးသားသူ`ရွှေတည်လျှောင်´တို့သည် ပေါင်းတည်သား စာရေးဆရာကြီးများ ဖြစ်နေပြီဖြစ်သည်ဟုဆို၏ ။ 
   စုစည်းမှတ်သားရသလောက် ပေါင်းတည်သား စာရေးဆရာများမ          ၁။ သော်တာဆွေ 
                             ၂။ ရွှေတည်လျှောင်(သို့)ပေါင်းတည်အုန်းမောင်     ၃။ ထွဏ်းနေနွယ် 
   ၄။ ယုဝတီမာလာသိန်း 
   ၅။ တက္ကသိုလ်ဘုန်းနိုင် 
   ၆။ ရွှေတည်ရန်နောင် 
   ၇။ ပေါင်းတည်စန်းမြင့် 
   ၈။ ပေါင်းတည်ခင်မောင်အေး
   ၉။ ပေါင်းတည်ဘုန်းကြည် 
 ၁၀။ ကောက်လှိုင်း
 ၁၁။ မောင်ကျော်သာ
 ၁၂။ နန္ဒာသိန်းဇံ
 ၁၃။ ပေါင်းတည်မင်းသိမ်း
 ၁၄။ ရွှေတည်ခင်ထွေး 
 ၁၅။ နုသဇင် (သင်းရိပ်သာ)
 ၁၆။ မောင်သိန်းလွင် (သို့)ဆရာဦးသိန်းလွင်
 ၁၇။ ပေါင်းတည်နွယ်နွယ်သန်း
 ၁၈။ မြလှိုင် (တိုင်းရင်းဆေး)
 ၁၉။ ကျော်ကျော်ငယ်(စာပေဗိမ္မာန်စာမူဆုရ)ဦးအုန်းကျော်
 ၂၀။ လွမ်း (ပေါင်းတည်)
 ၂၁။ ကျီးမနိုးတင်ဝင်း
 ၂၂။ တက္ကသိုလ်မြတ်ခိုင် 
 ၂၃။ ရွှေတည်စံ
 ၂၄။ မောင်မောင်လှတင် (ဥပဒေ)
 ၂၅။ မင်းဟေမာန်
 ၂၆။ မလေးချို (ပေါင်းတည်)
 ၂၇။ ပေါင်းတည်ခင်သိန်း 
 ၂၈။ သခင်အောင်ကြီး (ပေါင်းတည်) 
 ၂၉။ မင်းဇေယျာထွန်း (ပေါင်းတည်)မြို့မရိပ်သာဆရာတော်
 ၃၀။ မောင်မင်းဟန်
 ၃၁။ ခင်မောင်ဇော်
 ၃၂။ ပန်းနှင်းမွန်မွန် (Dr: Mon Mon Aung)
၃၃။ ဓမ္မနွယ် (ရွှေတည်မြေ)

  တို့ဖြစ်ကြပါသည် ။
  ယနေ့ခေတ်တွင်လည်း စာပေဟောပြောပွဲများ တိမ်ကောမသွားပဲ ပို၍တောင်စည်ကားသိုက်မြိုက်စွာကျင်းပလာနိုင်ကြသည်မှာ အားရဖွယ် ဂုဏ်ယူဖွယ် ဖြစ်ပေတော့သည်။